သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စေတနာ့ဝန်ထမ်းပါဝင်ဖို့ ပြင်နေကြတဲ့ အစ္စရေးရောက်မြန်မာများ


ဟားမတ်စ်နဲ့ စစ်ပွဲဖြစ်နေတဲ့ အစ္စရေးနိုင်ငံရောက် မြန်မာတွေအနေနဲ့ စေတနာ့၀န်ထမ်းအဖြစ်ပါ၀င်ဖို့ ပြင်ဆင်နေကြောင်း အစ္စရေးရောက် မြန်မာ့အရေးလှုပ်ရှားနေသူတွေက ဗွီအိုအေကို ပြောပါတယ်။

ဂါဇာ ထဲကို ၀င်တိုက်ဖို့ အစ္စရေးစစ်တပ်က အသင့်အနေအထားပြင်ဆင်နေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ တယ်လ်အဲဗီးမှာ နေထိုင်တဲ့ ကိုဆန်တိုကို မအင်ကြင်းနိုင်က Zoom ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

“စစ်ပွဲကြောင့် ရိုက်ခတ်မှုတွေကတော့ တော်တော်များပါတယ်။ အလုပ်တွေဆို စဖြစ်ကတည်းကဆို အခု နှစ်ပတ်ရှိပြီပေါ့နော်- အဲလိုမျိုး နားထားတဲ့အနေအထားဆိုတော့ ရေရှည်မှာ သူတို့အတွက် သက်ရောက်မှုတွေကတော့ ကြီးမားနိုင်ပါတယ်။ အဲဒီတော့ အခုလောလောဆယ် အနေအထားလေးတော့ တောင့်ခံနိုင်ပေမဲ့ ရေရှည် တလ နှစ်လောက်ကြာလာပြီဆိုရင်တော့ စားဝတ်နေရေး အခက်အခဲလေးတွေတော့ ဖြေရှင်းကြရမယ့်အနေအထား ရှိပါတယ်။ နောက်တခု လောလောဆယ် အစ္စရေးရောက် မြန်မာကွန်မြူနတီအနေနဲ့ အခုလို စစ်ဖြစ်နေတဲ့အချိန်မှာ သူတို့နိုင်ငံမှာနေတဲ့အတွက် သူတို့နိုင်ငံသားတွေကိုလည်း ကျေးဇူးသိတဲ့အနေနဲ့ ကျနော်တို့ မြန်မာ ကွန်မြူနတီက ဘာလုပ်ပေးနိုင်မလဲ​စဥ်းစားပြီးတော့ တတ်နိုင်သရွေ့ ဗော်လန်တီယာအနေနဲ့ ကူညီပေးဖို့၊​ ဒေါင့်တနေရာကနေပြီးတော့ ကျတဲ့နေရာကနေ ကူညီပေးဖို့ လူစုနေပါတယ်။ လောလောဆယ် ဆယ်ဂဏန်းတော့ ရနေပါပြီ။ လာမယ်အပတ်ထဲမှာပဲ​ဒီကိစ္စကို အကောင်အထည်ဖော်သွားဖို့​ရှိပါတယ်။”

အင်ကြင်းနိုင်။ ။ စေတနာ့ဝန်ထမ်းလုပ်အားပေးကြမယ်ဆိုတော့ ဘယ်လို ပုံစံမျိုးတွေနဲ့ လုပ်ပေးကြမှာလဲရှင့်။

ကိုဆန်တို။ ။ ပထမစဥ်းစားတာကတော့ ဒီနိုင်ငံမှာ စစ်ပွဲဖြစ်နေတယ်။ အစ္စရေးရောက် မြန်မာနိုင်ငံသားတွေလည်း ဘာလုပ်ပေးနိုင်မလဲဆိုတာ ပထမ စဥ်းစားတာပေါ့။ ဘယ်လိုတွေလုပ်မလဲဆိုတော့ ရှေ့တန်းမှာရောက်နေတဲ့စစ်သားတွေအတွက် ကမ့်တခုထဲမှာ အစားအသောက်တွေ ပြင်ဆင်ပေးတာရှိတယ်။ အဝတ်အစားတွေ လျှော်ဖွပ်ပေးတာတွေ ရှိတယ်။ တခြားပစ္စည်းတွေ ထုတ်ပိုးပေးတာတွေ ရှိတယ်။ လိုအပ်တဲ့အပိုင်းကနေ လုပ်အားဒါနပြုဖို့အတွက် အစ္စရေးရောက် မြန်မာကွန်မြူနတီက စုစည်းပြီးတော့ လုပ်အားဒါနပြုဖို့ စုစည်းနေကြတာဖြစ်ပါတယ်။

အင်ကြင်းနိုင်။ ။ ဂါဇာဒေသမှာ အစ္စရေးစစ်တပ်တွေက မြေပြင်ကနေ ဝင်နေတဲ့ နောက်ဆုံးအခြေအနေကရော ဘယ်လိုရှိလဲရှင့်။

ကိုဆန်တို။ ။ ဒီနေ့ နောက်ဆုံးသတင်းထုတ်ပြန်ထားတာကတော့ ဓားစာခံအားလုံးဟာ ၂၀၀ နဲ့ ၃ ယောက်ရှိတယ် အမရေ။ အဲဒီထဲမှာ ကလေးသူငယ်က အယောက် ၃၀ ပါပါတယ်။ ၁၀ ယောက်ကတော့ သက်ကြီးရွယ်အိုတွေ အဲဒီအနေအထား၊ ပြန်ပေးဆွဲခံထားရတာ တွေ့ရပါတယ်။ မြေပြင်ကဝင်တိုက်ဖို့ ဒီညမှာဝင်မယ်လို့ သိရပါတယ်။ ဘယ်အချိန်လို့ အတိအကျမသိဘူး၊ ဒီညဝင်မယ်လို့ သိရပါတယ်။ မြေပြင်ကနေ ဝင်မယ်ဆိုရင်တော့ ဟိုဘက် ဒီဘက် ထိခိုက်မှုတွေ ရှိမှာ သေချာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟိုဘက်မှာလည်း ပြည်သူတွေရှိသလို ဒီဘက်မှာလည်း စစ်သားတွေ သေကြရမယ့်အနေအထားမျိုး …အဲဒီအတွက်လည်း သူတို့တွေ ချင့်ချိန်နေပြီးတော့ အနေအထားတခု၊​သူတို့အတွက် အချိန်ပေးတဲ့အနေလည်းပါတယ်။ ဒီဘက်ကလည်း ချင့်ချိန်နေတဲ့အနေနဲ့ အခုထိ မဝင်ဖြစ်သေးတာပါ။ မဖြစ်မနေ ဝင်ရမယ့်အနေအထားကလည်းပဲ ဒီကိစ္စကိုလည်း ဘယ်သူမှ တားဆီးလို့ ရမယ်တော့ မထင်ပါဘူး။ ဒီကြားမှာ ရှေ့တန်းမှာ ဝန်ကြီးချုပ်ကိုယ်တိုင်သွားပြီးတော့ အထူးတပ်ဖွဲ့တွေနဲ့တွေ့ပြီးတော့ အားပေးစကားပြောတာ။ ‘ငါတို့ ဒီပွဲက နိုင်အောင်တိုက်ရမယ်၊ နိုင်ကိုနိုင်ရမယ်’ ဆိုတဲ့ အားပေးစကားမျိုးတွေ ပြောတာရှိသလို influencer တွေ ထင်ပေါ်ကျော်ကြားသူတွေကလည်း စစ်မြေပြင်မှာသွားရောက်ပြီး အားပေးနှစ်သိမ့်နေတာတွေကလည်း ဒီနေ့မှာ တွေ့နေရပါတယ်။

အင်ကြင်းနိုင်။ ။ ဒီ အစ္စရေး မှာဖြစ်နေတဲ့အနေအထားမှာ နိုင်ငံတကာရဲ့တုံ့ပြန်ချက်တွေကို ကြည့်မယ်ဆိုရင် သမ္မတဘိုင်ဒန်ကိုယ်တိုင်လည်း အစ္စရေးနိုင်ငံကို လာတယ်ပေ့ါနော်။ ဗြိတိန်ဝန်ကြီးချုပ်ဆိုရင်လည်း အစ္စရေးနိုင်ငံကို ကိုယ်တိုင်လာရောက်တာ တွေ့ရတော့ ဒီလို ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ခရီးစဥ်နဲ့ပတ်သက်ပြီး အာရပ်နိုင်ငံတွေရဲ့တုံ့ပြန်ချက်တွေရော ဘယ်လို တွေ့ရလဲ။

ကိုဆန်တို။ ။ ဂျော်ဒန်ဘုရင်ရယ်၊ အီဂျစ်သမ္မတရယ်၊ ပါလက်စတိုင်းသမ္မတရယ်- မစ္စတာဘိုင်ဒန်နဲ့တွေ့ဖို့ ရှိတဲ့အခါမှာ သမ္မတဘိုင်ဒန်က ဒီဘက်မှာ အပြည့်အဝရပ်တည်တဲ့အခါမှာ နောက်တခါ ဆေးရုံ ဗုံးကွဲတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ သူတို့က သမ္မတနဲ့တွေ့မဲ့ဟာကို ဖျက်လိုက်တဲ့အနေအထားကို ကြည့်မယ်ဆိုရင်တော့ ဒါဟာ သူတို့ဘက်က တခြားဘက်အဖွဲ့အစည်းက မကျေနပ်ဘူးဆိုတာ ကျနော့်အနေနဲ့သုံးသပ်ပါတယ်။ အဲဒီတော့ ဂါဇာမှာဖြစ်ခဲ့တဲ့ ဆေးရုံပေါက်ကွဲမှု အခုဆိုရင် အပြန်အလှန် စွပ်စွဲနေကြတာပေါ့နော်။ အခု နောက်ဆုံးအခြေအနေရော ဘယ်လို တွေ့ရလဲ။

ကိုဆန်တို။ ။ IDF - Israel Defense Forces ပေါ့ - သူကတော့ ဟားမတ်စ်တွေကို ဝင်တိုက်ခိုက်နေတဲ့ အစ္စရေးရဲ့ အာမီပေါ့နော်။ “ပါလက်စတိုင်းပြည်သူတွေကို သူတို့ ဘယ်တော့မှ မသတ်ဘူး” ဆိုပြီးတော့ သူတို့ အမြဲတမ်းပြောပြီးတော့ ၊ အမြဲတမ်းကျင့်သုံးနေတဲ့အနေအထားတော့ ရှိပါတယ်။ ဒါပေမဲ့ ဟားမတ်စ်ရဲ့ ဒုံးကျည်က နည်းစနစ်မှားပြီးတော့ mission failed ဖြစ်ပြီးတော့ ဆေးရုံပေါ်ကို ကျရောက် ပေါက်ကွဲသွားတယ်ဆိုတာကို အစ္စရေးကတော့ ပြောနေပါတယ်။ ဒါပေမဲ့လည်း ဟားမတ်စ်နဲ့ ဟက်ဇ်ဘိုလာကလည်း အဲဒီနေ့မှာပဲ ဘာတွေပြောလဲဆိုလို့ရှိရင်တော့ ‘မကြုံစဖူး ဒေါသဖြစ်ရတဲ့နေ့’ ဆိုပြီးတော့ ပြင်းပြင်းထန်ထန် အစ္စရေးကို ကန့်ကွက်ပြီး ပြောသွားတာ ရှိပါတယ်။ အဲဒီတော့ ဓာတ်ပုံတွေနဲ့တကွ အကျိုးအကြောင်း စိစစ်ပြီးတဲ့အခါမှာ သမ္မတဘိုင်ဒန်မပြန်ခင်မှာလည်း အတည်ပြုသွားတယ်။ အစ္စရေးဘက်က ပစ်တာမဟုတ်ဘူးဆိုတာကို အတည်ပြုသွားတဲ့ အနေအထားလည်း တွေ့ရတော့ ဒါ အစ္စရေးကမလုပ်ဘူးဆိုတာကိုတော့ တွေ့မြင်နေရပါတယ် အမရေ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG