အစ္စရေးနဲ့ ဟက်ဇ်ဘိုလာကြား တနှစ်ကျော်ကြာ တိုက်ခိုက်မှုကို အဆုံးသတ်ဖို့ ရည်ရွယ်တဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရပြီး တရက်အကြာမှာ ကျိုးပေါက်ခဲ့တဲ့ အပေါ် အပြန်အလှန် အပြစ်ဖို့နေကြပါတယ်။ အမေရိကန်တို့က အကြမ်းဖက် အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ ဟက်ဇ်ဘိုလာတို့က လက်ဘနွန် တောင်ပိုင်းမှာ တာလတ်ပစ် ဒုံးကျည်တွေသိုလှောင်ဖို့ အသုံးပြုတဲ့ စခန်း တခုကို အစ္စရေး လေတပ်က ပစ်ခတ်ခဲ့ကြောင်း အစ္စရေး စစ်တပ်က ကြာသပတေးနေ့မှာ ပြောပါတယ်။
တောင်ပိုင်းဇုံက ဒေသ အတော်များများကို ကားတွေနဲ့ ရောက်လာကြတဲ့ မသင်္ကာဖွယ် လူတွေလို့ အစ္စရေးက သုံးနှုန်းပြီး ကြာသပတေးနေ့က ပစ်ခတ်ခဲ့ကြောင်းလည်း အစ္စရေးက ပြောပါတယ်။ ဒီလို တောင်ပိုင်းဇုံကို ရောက်ရှိလာကြတာက သဘောတူညီချက်ကို ချိုးဖောက်မှုလို့လည်း အစ္စရေးက ပြောပါတယ်။ တချိန်တည်းမှာဘဲ ဟက်ဇ်ဘိုလာ လွှတ်တော် အမတ် Hassah Fadlallah က အစ္စရေးဘက်က အပစ်အခတ် ရပ်စဲရေးကို ချိုးဖောက်တယ်လို့ စွပ်စွဲပါတယ်။
နယ်စပ် ကျေးရွာတွေကို ပြန်ကြသူတွေကို အစ္စရေး ရန်သူတွေက တိုက်ခိုက်တယ်လို့ Fadlallah က သတင်းထောက်တွေကို ပြောပါတယ်။ လက်ဘနွန် စစ်တပ်ကလည်း အစ္စရေးတို့ အပစ်အခတ် ရပ်စဲရေးကို ချိုးဖောက်တယ်လို့ စွပ်စွဲထားပါတယ်။ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို အစ္စရေး ရန်သူတွေက အကြိမ်ကြိမ် ချိုးဖောက်တယ်လို့ စစ်တပ်က ပြောဆိုပါတယ်။ လက်ဘနွန် ပိုင်နက် အတွင်းမှာ လက်နက်မျိုးစုံ နဲ့ လေကြောင်း တိုက်ခိုက်မှုတွေကို လက်ဘနွန် စစ်တပ်က ကိုးကား ပြောဆိုတာ ဖြစ်ပါတယ်။
Forum