သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှီဖာဆေးရုံမှာ စစ်လက်နက်ပစွည်းတွေ သိမ်းဆည်းရမိကြောင်း အစ္စရေးကြေညာ


ဂါဇာကအကြီးဆုံးဆေးရုံ Al Shifa ကနေ အစ္စရေးစစ်တပ်က သိမ်းဆည်းရမိတယ်ဆိုတဲ့ လက်နက်များ။
ဂါဇာကအကြီးဆုံးဆေးရုံ Al Shifa ကနေ အစ္စရေးစစ်တပ်က သိမ်းဆည်းရမိတယ်ဆိုတဲ့ လက်နက်များ။

ဂါဇာက အကြီးဆုံးဆေးရုံ အယ်လ်-ရှီဖာ (Al-Shifa) ကို ဗုဒ္ဓဟူးနေ့အစောပိုင်းက အစ္စရေးတပ်တွေ ဝင်ရောက်စီးနင်းခဲ့ပြီးနောက်ပိုင်း ဟားမတ်စ်အဖွဲ့ပိုင် လက်နက်တွေ၊ ထောက်လှမ်းရေးပစ္စည်းတွေနဲ့ ဆက်သွယ်ရေးပစ္စည်းတွေ တွေ့ရှိခဲ့ကြောင်း ပြောပါတယ်။ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) ရဲ့ ဗွီဒီယိုထုတ်ပြန်ချက်ထဲမှာ ဆေးရုံတွင်း ဝင်စီး‌နင်းတဲ့ မြင်ကွင်းနဲ့အတူ သိမ်းဆည်းရမိတယ်ဆိုတဲ့ စစ်ပစ္စည်းတွေကို တွေ့မြင်ရပါတယ်။

ဟားမတ်စ်အဖွဲ့ရဲ့ ကျန်းမာရေးဝန်ကြီးဌာနဘက်ကတော့ အစ္စရေးစစ်တပ်က ဘာလက်နက်မှ မတွေ့ဘူးလို့ တုံ့ပြန်ပါတယ်။ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကတော့ "ဂါဇာကမ်းမြောင်မှာ အစ္စရေးတပ်ဖွဲ့ မရောက်နိုင်တဲ့ နေရာမရှိကြောင်းနဲ့ ဟားမတ်စ် လူသတ်သမားတွေအတွက် ပုန်းစရာ မြေမရှိသလို ခိုလှုံစရာ နေရာမရှိဘူး။” လို့ ကြေညာချက်ထုတ်ပါတယ်။ “ဟားမတ်စ်တွေကို ချေမှုန်းပြီး ဓားစာခံတွေကို ပြန်ကယ်ထုတ်မယ်။” လို့ အစ္စရေးခေါင်းဆောင်က ဆိုပါတယ်။

ဂါဇာကျန်းမာရေးဝန်ကြီးဌာနရဲ့ အကြီးတန်းအရာရှိ Munir al-Boursh ကတော့ အစ္စရေးတပ်ဖွဲ့ဝင်တွေဟာ အရေးပေါ်နဲ့ ခွဲစိတ်ခန်းတွေအပါအဝင် ရှီဖာက မြေအောက်ခန်းနဲ့ အခြားအဆောက်အအုံတွေကို ဝင်ရောက်ဖျက်ဆီးခဲ့တယ်လို့ ပြောပါတယ်။ စီးနင်းမှုစတင်ပြီး နာရီပိုင်းအကြာအထိ “သူတို့က အဲဒီမှာရှိနေတုန်းပဲ” လို့ ဆေးရုံထဲကနေ ဖုန်းနဲ့ဖြေကြားခဲ့ပြီး

"လူနာတွေ၊ အမျိုးသမီးတွေနဲ့ ကလေးတွေက ကြောက်လန့်နေကြတယ်" လိုဆိုပါတယ်။ ဆေးရုံတွင်းအခြေအနေကိုတော့ သီခြား အတည်ပြုနိုင်ဖို့ လက်ရှိမှာ ခက်ခဲနေပါတယ်။

အစ္စရေးဘက်က ရှီဖာ(ဆေးရုံထဲ)မှာ ဟားမတ်စ်တွေ ရှိတယ်လို့ ပြောပြီး ဒါကို သက်သေပြနိုင်တဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေ ထုတ်ပြန်တာမျိုး မရှိသေးပေမယ့် အဲဒီအနီးအနား လူနေရပ်ကွက်တွေမှာ ဟားမတ်စ်တပ်သားတွေ လှုပ်ရှားနေတဲ့ ဗီဒီယိုဖိုင်တွေကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထဲမှာ စာသင်ကျောင်းတွေနဲ့ ဗလီတွေအနီးမှာ ဒုံးကျည်တွေနဲ့ လက်နက်တွေ အထိုင်ချထားတာကို တွေ့ရပါတယ်။ ဟားမတ်စ်နဲ့ ဆေးရုံဘက်ကတော့ စွပ်စွဲချက်အားလုံးကို ငြင်းဆိုထားပါတယ်။

ဒီစီးနင်းမှုနဲ့ ပတ်သက်ပြီး ဟားမတ်စ်ရဲ့ထုတ်ပြန်ချက်ထဲမှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်အစိုးရက စီးနင်းမှုလုပ်ဖို့ အစ္စရေးကို “မီးစိမ်းပြ” ခွင့်ပြုပေးခဲ့ပြီး ဒီအတွက် အမေရိကန်အနေနဲ့ “အပြည့်အဝတာဝန်ယူမယ်” လို့ စွပ်စွဲထားပါတယ်။ အမေရိကန် သမ္မတ အိမ်ဖြူတော်ကတော့ ဟားမတ်စ်ရဲ့ စွပ်စွဲချက်ကိုပယ်ချပါတယ်။" ဆေးရုံတဝိုက်မှာ အစ္စရေး စစ်ရေးဆင်ဖို့ကို ကျနော်တို့ သဘောတူခဲ့တာ မရှိဘူး" လို့ အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဗီ (John Kirby) က သတင်းထောက်တွေကို ပြောပါတယ်။

ဆေးရုံစီးနင်းမှုအပြီးမှာ သမ္မတဘိုင်ဒန်ဟာ စစ်ပွဲ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုတွေနဲ့ ပတ်သက်ပြီး နေတန်ယာဟုနဲ့ ဆက်သွယ် စကားပြောခဲ့ပါတယ်။

“ထောက်လှမ်းရေးအချက်အလက်နဲ့ စစ်ဆင်ရေးဆိုင်ရာ လိုအပ်ချက်အရ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) တပ်ဖွဲ့တွေဟာ ရှီဖာဆေးရုံက သတ်မှတ်ထားတဲ့ဧရိယာမှာ ဟားမတ်စ်တွေကို တိကျတဲ့ ပစ်မှတ်ထား စစ်ဆင်ရေးကို လုပ်ဆောင်နေပါတယ်” လို့ IDF ဘက်က ထုတ်ပြန်ကြေညာထားပြီး ဟားမတ်စ်တိုက်ခိုက်ရေးသမားတွေအားလုံးကို လက်နက်ချဖို့ တိုက်တွန်းခဲ့ပါတယ်။

အစ္စရေးတပ်ဖွဲ့တွေဟာ အရပ်သားတွေ ထိခိုက်မှုမရှိစေဖို့ ရည်ရွယ်ပြီး ထိခိုက်လွယ်တဲ့ ပတ်ဝန်းကျင်အနေအထားမှာ ကြိုတင်ပြင်ဆင်လေ့ကျင့်ထားတဲ့ ဆေးဘက်ဆိုင်ရာအဖွဲ့တွေနဲ့ အာရဗီ ဘာသာစကားပြောဆိုသူတွေပါ ခေါ်ဆောင်သွားတယ်လို့ IDF က ထုတ်ပြန်ထားပါတယ်။ ဟားမတ်စ်ဘက်ကတော့ ရှီဖာဆေးရုံထဲမှာ လူနာ ၆၅၀ လောက်နဲ့ ပါလက်စတိုင်းအရပ်သား ၅,၀၀၀ ကနေ ၇,၀၀၀ ကြား ခိုလှုံနေကြတယ်လို့ ကြေညာထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG