သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာဒေသအတော်များများ အစ္စရေးလေကြောင်းနဲ့မြေပြင်ထိုးစစ် ပြင်းထန်ဆဲ


အစ္စရေးတောင်ပိုင်းနယ်စပ်က အစ္စရေးအမြောက်တပ်က ဟောင်ဝစ်ဇာအမြောက်နဲ့ ပစ်ခတ်နေစဥ်၊ (ဒီဇင်ဘာ ၂၈၊ ၂၀၂၃)
အစ္စရေးတောင်ပိုင်းနယ်စပ်က အစ္စရေးအမြောက်တပ်က ဟောင်ဝစ်ဇာအမြောက်နဲ့ ပစ်ခတ်နေစဥ်၊ (ဒီဇင်ဘာ ၂၈၊ ၂၀၂၃)

ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်း၊ အလယ်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ ဟားမတ်စ်အဖွဲ့ကို ရည်ရွယ်တဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ မြေပြင်စစ်ဆင်ရေးတွေကို အစ္စရေးစစ်တပ်က ကြာသပတေးနေ့မှာလည်း ဆက်လက် လုပ်ဆောင်နေပါတယ်။

ပြီးခဲ့တဲ့ရက်က တိုက်ခိုက်မှုအတွင်း အရပ်သားတွေသေဆုံးခဲ့ရတာကိုလည်း ဝမ်းနည်းကြောင်း အစ္စရေးက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ မက်ဂါဇီဒုက္ခသည်စခန်းကို ထိမှန်ခဲ့တဲ့ တနင်္ဂနွေနေ့က လေကြောင်းတိုက်ခိုက်မှုမှာ စစ်ပွဲမှာ ပါဝင်ပတ်သက်မှုမရှိတဲ့ အရပ်သားတွေ ထိခိုက်နစ်နာခဲ့ရတာကို ဝမ်းနည်းကြောင်း အစ္စရေးစစ်တပ်က ကြာသပတေးနေ့မှာ ပြောပါတယ်။

ကနဦးစုံစမ်းမှုအရ အစ္စရေးစစ်လေယာဉ်တွေက “ဟားမတ်စ် စစ်စခန်းတွေရှိတဲ့အနီးက ပစ်မှတ်နှစ်ခု” နဲ့ အနီးနားက အခြားအဆောက်အအုံတွေကိုလည်း ထိမှန်ခဲ့လို့ “အရပ်သားတွေ မရည်ရွယ်ဘဲ ထိခိုက်ခဲ့တာ” လို့ အစ္စရေးစစ်တပ်ရဲ့ကြေညာချက်မှာ ပြောပါတယ်။ အဲဒီတိုက်ခိုက်မှုအတွင်း အနည်းဆုံး လူ ၇၀ သေဆုံးခဲ့တယ်လို့ ဟားမတ်စ် ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

တခါ ဂါဇာတောင်ပိုင်း Khan Younis ဘက်မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ ဂါဇာကမ်းမြောင်မှာ တိုက်ပွဲတွေပြင်းထန်နေပြီး မကြာခဏ ဆက်သွယ်ရေး ပြတ်တောက်ကာ လမ်းတွေပိတ်ဆို့၊ လောင်စာဆီတွေလည်း ပြတ်တောက်နေလို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းတွေအတွက် ကြီးမားတဲ့စိန်ခေါ်မှုတွေဖြစ်လာနေကြောင်းလည်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ကြာသပတေးနေ့မှာပဲ သတိပေးထားပါတယ်။

အစ္စရေးဘက်ကတော့ ဂါဇာမှာ ဟားမတ်စ်အဖွဲ့ အမြစ်ပြတ်တဲ့အထိ စစ်ပွဲဆင်နွှဲသွားမယ်လို့ ကြေညာထားပါတယ်။ တခါ ဂျော်ဒန်မြစ် အနောက်ဘက်ကမ်း West Bank ဒေသမှာလည်း အစ္စရေးစစ်တပ်က ကြာသပတေးနေ့က စီးနင်းခဲ့ပြီး ဟားမတ်စ်ကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လူ ၂၁ ဦးကို ဖမ်းဆီးခဲ့သလို အစ္စရေးငွေကြေး ၁၀ သန်းနဲ့ချီကို သိမ်းဆည်းခဲ့ကြောင်း အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့က ကြေညာချက်ထုတ်ပြန်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG