သုံးရလွယ်ကူစေသည့် Link များ

ရခိုင်ပြည်ရောက် ဗွီအိုအေသတင်းထောက် သိထားသမျှ


ဗွီအိုအေ မြန်မာပိုင်း ၀ိုင်းတော်သူ ဒေါ်ခင်မျိုးသက်။

နိုင်ငံခြားသတင်းဌာနတွေက သတင်းထောက်တွေအနေနဲ့ရခိုင်ပြည်နယ် မောင်တောဒေသကို သွားရောက်သတင်းယူရာမှာ ဘာသာစကားအခက်အခဲ၊ ဒေသခံ ရွာသားတွေဘက်က စိုးရိမ်မှုနဲ့ ယုံကြည်မှု မရှိတာတွေကြောင့် သတင်းအချက်အလက် တိတိကျကျရယူဖို့ အခက်အခဲတွေရှိပါတယ်။ ဒီတခေါက်သတင်းယူရမှာ အာဏာပိုင်တွေဘက်က သတင်းသမားတွေကို လွတ်လွတ်လပ်လပ် သတင်းယူခွင့်ပြု ထားတဲ့အပြင် လုံခြုံရေးအရလည်း တာဝန်ယူဆောင်ရွက်ပေးနေတာပါ။

အဲဒီကိုရောက်ရှိနေတဲ့ ဗွီအိုအေ မြန်မာပိုင်း ၀ိုင်းတော်သူ ဒေါ်ခင်မျိုးသက်ကို သတင်းထောက်တွေ ရင်ဆိုင်ရတဲ့ အခက်အခဲတချို့နဲ့ပတ်သက်လို့ မအင်ကြင်းနိုင်က မေးမြန်းရာမှာ အခုလို သူက ခုလို စပြောပါတယ်။

" ရွာခံတွေကတော့ လွတ်လွပ်လပ်လပ်မေးခွင့်ရတယ် မေးခွင့်ရတော့ ဘာမှတော့ သူတို့တားထားတာမရှိဘူး။ သွားချင်တယ်ဆိုတဲ့နေရာလည်း လိုက်ပို့ပေးတယ်။ ပြီးတော့လည်း သူတို့စကားပြန်တွေ ခေါ်ထားပေးတယ်။ ကိုယ့်ဘာသာ ကိုယ်မေးဖို့ကကျတော့ အဆင်မပြေဘူး။ ဘာဖြစ်လို့လဲဆိုတော့ မူဆလင်တွေက သူတို့ပြောတဲ့စကားက ကိုယ်လည်း နားမလည်ဘူး။ သူတို့ဘင်္ဂလီစကားကို နားလည်တဲ့သူတွေက ဘာသာပြန်ပေးမှ ရတယ်။ ဆိုတော့ မေးရတာ မြန်းရတာတော့ အခက်အခဲနည်းနည်းတော့ ရှိတာပေါ့နော်။ တခါတလေတော့ တချို့တွေဆို မေးတာ နည်းနည်းနားလည်ပုံရတယ် ဒါပေမဲ့ မေးတာကို ဘာမှမဖြေဘူး။ သိသာတယ် မေးလိုက်တာနဲ့ ဘာမှမဖြေတော့ပဲနဲ့ ပါးစပ်ပိတ်ထားလိုက်တယ်။ အဲ့လိုမျိုး။ တယောက်ဆိုလို့ရှိရင် မေးနေတုန်းမှာ သူက စကားပြန်လည်း ပြောပြီးရော ဗမာလို တခွန်းမှမပြောဘူး နောက် ဒါပေမဲ့ သူပြောချင်တဲ့ဟာကျတော့ ဗမာလိုဝင်ပြောတယ် အဲ့တာမျိုးပေါ့နော် အဲ့တာတော့ တွေ့ခဲ့ရတယ်။

မေး။ ။ ပထမတခေါက် သတင်းထောက်တွေ အဲဒီကိုရောက်တုန်း မေးခွန်းတွေကို ဖြေဆိုခဲ့တဲ့ ရွာသား အသတ်ခံရတဲ့ ဖြစ်ရပ်ရှိခဲ့တာဆိုတော့ အခုရော သူတို့ က သတင်းထောက်တွေ မေးတာတွေကို ဖြေရဲသလားရှင့်။

ဖြေ။ ။ တအိမ်ကဆိုရင် သူ့ယောက်ကျားကို အသတ်ခံရတာရှိတော့ သူ့မိန်းမကိုခေါ်တော့ သူလည်း အသတ်ခံရမှာစိုးလို့ဆိုပြီး မပြောဘူး ရှောင်နေတယ်။ ခေါ်လို့မရဘူး။ မေးလို့မရဘူး ဒါမျိုးလည်းရှိတယ် နောက် အုပ်ချုပ်ရေးမှူးတွေကလည်း သူတို့လည်းပြောမယ်ဆိုရင် ကြောက်တယ်ပေါ့နော်။ ဒါပေမဲ့ အခုလောလောဆယ်တော့ မကြောက်ဘူးပေါ့လေ အစောင့်တွေရှိနေတော့ မကြောက်ဘူးပေါ့ နောက် ရေရှည်တော့ မပြောတတ်ဘူးပေါ့။

မေး။ ။အခု မောင်တောဒေသမှာ အခြေအနေတွေ ပုံမှန်ဖြစ်နေပြီလားရှင့်။

ဖြေ။ ။ ပုံမှန်အခြေအနေဆိုတာ လူတွေက ကြည့်တာတော့ ပုံမှန်ပဲ။ ပုံမှန်ပဲဆိုပေမဲ့ သူတို့ကတော့ သောင်းကျန်းသူတွေကတော့ နေရာမရွေးရှိနိုင်တယ်ပေါ့နော်။ ရှိနိုင်တယ်ဆိုတော့ လုံခြုံရေးအရ သူတို့စိတ်ပူတယ်ပေါ့။ စိတ်ပူတဲ့အတွက် ဒီမောင်တောနဲ့ဘူးသီးတောင်ကိုတော့ ညမထွက်ရအမိန့် ဆက်ပြီးတော့ ထားဦးမယ်။ ဟိုဘက်က ပါကစ္စတန်ဘက်ကပါ ပါ တဲ့ အဲ့လိုသောင်းကျန်းသူတွေရဲ့ အဆက်အသွယ်တွေကို တွေ့တယ်ပေါ့ ဒီနေ့ရှင်းတာ။ ဒါတွေကို ခြေခြေမြစ်မြစ် လိုက်ပြီးတော့ရှင်းမယ်ပြောတယ်။ ပြည်သူတွေထဲမှာ တဖက်နိုင်ငံက အစွမ်းရောက်တွေ အဆက်အနွယ်တွေကနေ ထဲထဲဝင်ဝင်နေထားတာတွေရှိတယ်ဆိုတော့ အစိုးရက ပြောထားတာရှိတော့ ဒါနဲ့ပတ်သက်ပြီးတော့ ဘယ်လိုများ ဖြေရှင်းဖို့ လုပ်ထားလဲလို့မေးတော့ သူတို့Border Guard Force တွေနဲ့ တဖြေးဖြေးလုပ်ယူမယ်လို့ပြောတယ်။

မေး။ ။ အဲတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတယ်ဆိုတဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းနဲ့ ကုလသမဂ္ဂက စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီးတော့ ကိုယ်တိုင်တွေ့ခဲ့ရတဲ့ အခြေအနေရ ဆိုရင် ဘယ်လိုသုံးသပ်မိလဲရှင့်။

ဖြေ။ ။"ရဲမှူးချုပ်တို့ရှင်းပြတဲ့ဥစ္စာကတော့ သတင်းထောက်တွေက မေးလိုက်တယ်ပေါ့နော် စစ်တပ်ဘက်ကနေ လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတယ်လို့ ကြားတယ်ပေါ့နော်။ ဒီမှာလည်း တိုက်ပွဲတွေနဲ့စစ်ဆင်ရေးဝင်တယ် သေဆုံးတဲ့အရပ်သားတွေလည်း အများကြီးရှိတယ်လို့ပြောတယ်ပေါ့။ အဲ့တာ သူတို့ပြန်ရှင်းတဲ့ဥစ္စာက အထောက်အထားတွေနဲ့ပြန်ရှင်းပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးတဲ့သူပေါ့နော်။ UNHCR က ခြောက်သောင်းကျော်ရှိတယ်။ ခြောက်သောင်းကျော် ခုနှစ်သောင်းကျော် ရှိတယ်လို့ပြောတဲ့ဥစ္စာကို သူတို့က ဒီကစာရင်းနဲ့ဆိုရင် နယ်မြေတွေတိုင်းမှာ သူတို့က နေရာနဲ့ မူဆလင်ဦးရေကို မိသားစုလိုက် ဓာတ်ပုံနဲ့ မှတ်ပုံတင်ပြီး အတိအကျ ထားတယ်ပေါ့နော်။ ထောင်ဂဏန်းပဲရှိတယ်ပေါ့။ မရှိတဲ့သူပေါ့။ အဲ့ထောင်ဂဏန်း ထဲကနေ ဘင်္ဂလားဒေ့ရှ် ထွက်ပြေးတဲ့သူရှိတယ်။ ရွာအချင်းချင်းမှာပဲ ဒီရွာကနေ ဟိုရွာကို ပြောင်းတယ် ဆိုတာရှိတယ်ပေါ့နော်။ အဲ့တာတွေကို သူတို့အထောက်အထားတွေနဲ့ ပြောပါတယ်။ ဒါပေမဲ့ ကိုယ်ကတော့ မတွေ့ရဘူးပေါ့နော်။ သူတို့ရှင်းတာ ဒီမှာကကျတော့လည်း လိုက်ကြည့်ဖို့ကျတော့လည်း အခင်းဖြစ်တဲ့နေရာတွေပဲသိတာကိုး။ ဒေသခံတွေကို အကုန်လုံးမေးလို့မရဘူး။

မေး။ ။ လုံခြုံရေးအာဏာပိုင်တွေက အထောက်အထားတွေနဲ့ ပြန်ရှင်းတယ်ဆိုတော့ ပြည်ပက စွပ်စွဲချက်တွေဟာ မဟုတ်ဘူးလို့ သူတို့က ဆိုလိုတာလား။

ဖြေ။ ။ သူတို့က လုပ်လို့ရှိရင် အရေးယူတယ်ပေါ့။ မရှိဘူးလို့တော့ မပြောဘူးပေါ့။ ရှိတာတွေ့တယ် စုံစမ်းတယ်။ အဖွဲ့တွေရှိတယ်ပေါ့နော် နောက်ဆုံးကျရင် ဒုသမ္မတအဖွဲ့ရှိတယ် ကိုဖီအာနန်အဖွဲ့ရှိတယ်။ ဒီအဖွဲ့တွေနဲ့စုံစမ်းတယ်။ စုံစမ်းပြီးတော့ တွေ့လို့ရှိရင် အပြစ်ပေးအရေးယူတယ်လို့ပြောတယ်။ မရှိဘူးလို့တော့ မပြောဘူး။"

လုံခြုံရေးတပ်တွေက လူ့အခွင့်အရေးချိုးဖောက်မှုတွေကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေရှိနေတဲ့ ဒေါင်းကျီးရွာ၊ ကျားခေါင်တောင် စတဲ့ ရွာတွေကို ဒီကနေ့ မနက်ပိုင်းမှာ သတင်းထောက်တွေ သွားရောက်ကြည့်ရှုဖို့ စီစဉ်ထားပေမယ့် ရာသီဥတုဆိုရွားမှုနဲ့ လမ်းပန်းဆက်သွယ်ရေးအခက်အခဲရှိနေပါတယ်။

မောင်တောဒေသခရီးစဉ်အပြီး စစ်တွေမြို့ကို ပြန်လည်ရောက်ရှိတဲ့အခါမှာ အဲဒီက ဒုက္ခသည်စခန်းတွေကို သွားရောက်ကြည့်ရှုဖို့ရှိသလို၊ အုပ်ချုပ်ရေးအာဏာပိုင်တွေနဲ့လည်း သတင်းထောက်တွေ တွေ့ဆုံမေးမြန်းနိုင်ဖို့ ပြန်ကြားရေးဝန်ကြီးဌာနက စီစဉ်ထားပါတယ်။

လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတယ်၊ အကြမ်းဖက်တိုက်ခိုက်မှု အန္တရာယ်တွေ ရှိနေတယ်ဆိုတဲ့ ရခိုင်ပြည်နယ် မောင်တောဒေသကို VOA အပါအ၀င် BBC၊ RFA၊ AP၊ AFP၊ ABC၊ Channel News Asia၊ NHK၊ Xinhua၊ Kyodo၊ Nikkei၊ Frontier Myanmar၊ Asahi စတဲ့ နိုင်ငံခြားသတင်းဌာနတွေက သတင်းထောက်တွေကို ဇူလိုင်လ (၁၃) ရက်နေ့ကနေ (၁၅)ရက်နေ့ထိ ၄ ရက်ကြာ အစိုးရက သတင်းယူခွင့်ပြုထားပါတယ်။

စိတ်ဝင်စားဖွယ် ...

XS
SM
MD
LG