သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ပသတင်းမီဒီယာအဖွဲ့ ရခိုင်လေ့လာသတင်းယူရေး ခရီးစဉ် စတင်


စစ်တွေရှိ ဒုက္ခသည်စခန်း
စစ်တွေရှိ ဒုက္ခသည်စခန်း

အကြမ်းဖက် ပဋိပက္ခတွေဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်တွင်းက ပကတိ အခြေအနေတွေ ကို လေ့လာသတင်းယူနိုင်ဖို့ အတွက်ဆိုပြီး ပြည်ပ သတင်းမီဒီယာအဖွဲ့ဟာ အစိုးရဖိတ်ခေါ်ချက်နဲ့ အခု ရခိုင်ပြည်နယ် စစ်တွေမြို့ကို ရောက်ရှိနေ ပါပြီ။ မနက်ဖြန်ကစပြီး ပဋိပက္ခတွေနဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ခဲ့တဲ့ ဘူးသီးတောင်နဲ့ မောင်းတောဒေသတွေကို သွားရောက်ကြမှာဖြစ်ပြီး ဒေသတာဝန်ရှိသူတွေ ဒေသခံတွေ ဒုက္ခသည်တွေနဲ့ တွေ့ဆုံဖို့ရှိပါတယ်။ အစိုးရတာဝန်ရှိသူတွေဖက်ကတော့သတင်းမီဒီယာတွေအနေနဲ့ လွတ်လွတ်လပ်လပ်နဲ့ သတင်းယူနိုင်မယ်လို့ ပြောထားပါတယ်။ ခရီးစဉ်တွေနဲ့ပတ်သက်လို့ အခု စစ်တွေမြို့ရောက်ဒီအဖွဲ့မှာ ပါသွားတဲ့ ဗွီအိုအေ အဖွဲ့သား ဒေါ်ခင်မျိုးသက်ကို မခင်ဖြူထွေးကဆက်သွယ်မေးမြန်းထားပါတယ်။

မခင်ဖြူထွေး။ ။ ဟုတ်ကဲ့ ရခိုင်ပြည်နယ်ကအခြေအနေနဲ့ ပတ်သက်ပြီးတော့ နိုင်ငံခြားသတင်းဌာနတွေကို လာရောက်သတင်းယူခွင့်ပေးတာပေါ့နော်၊ ဆိုတော့ သတင်းသမားတွေအတွက် ဘယ်လိုအစီအစဉ်ဆောင်ရွက်ပေးထားသလဲရှင့် အစိုးရဘက်ကနေပြီးတော့

ဒေါ်ခင်မျိုးသက်။ ။အခု ရခိုင်ပြည်နယ်ထဲမှာ သတင်းယူဖို့ ပထမဦးဆုံးသူတို့ ပြည်တွင်းသတင်းဌာနကို ခွင့်ပြုခဲ့တာ ၂ ကြိမ်ရှိပါပြီ၊ အခုတခါတော့ လုံခြုံရေးစိတ်ချရတယ်ဆိုပြီးတော့ နယ်ခြားစောင့်တပ်တွေက တာဝန်ယူပေးနိုင်တယ်လို့ ပြောတဲ့အတွက် ဒီနိုင်ငံခြားသတင်းထောက်တွေကို သူတို့လွှတ်တယ်လို့ပြောပါတယ်။ ဆိုတော့ ဒီအစီအစဉ်မှာတော့ နိုင်ငံခြားသတင်းထောက်တွေများပါတယ်။ သူတို့က အစီအစဉ်တွေကိုတော့ ကြိုပြီးတော့စီစဉ်ပေးထားတာရှိတယ်။ ပထမရက်မှာ ဘယ်မှာသတင်းယူမယ်၊ စစ်တွေကနေပြီးတော့ ဘူးသီးတောင်ဘက်သွားမယ်။ နောက်တင်းမေကျေးရွာဘက်သွားမယ် နောက်သောကြာနေ့ကျရင် မောင်တောသွားမယ်။ ပြီးရင် စနေမှာ စစ်တွေ ပြန်သွားမယ်။ ဒါမျိုးတွေပေါ့ ပြီးရင် စစ်တွေက ကယ်ဆယ်ရေးစခန်းတွေမှာသတင်းယူမယ် ဒါမျိုးတွေပေါ့နော် အကြမ်းဖျင်းတော့ပြောတယ်။ ဒါပေမယ့် အခုနီးတဲ့ ဒီရောက်တဲ့အခါမှာတော့ မိုးတွင်းကာလဖြစ်တဲ့အတွက်ကြောင့် နယ်မြေအနေအထားပေါ်မူတည်ပြီးတော့ သက်ဆိုင်ရာနောက် လုံခြုံရေးအနေအထားပေါ့နော် ခရီးစဉ်တွေက အပြောင်းအလဲရှိပါတယ်။ ရှိတော့ ပထမဦးဆုံးစီစဉ်ထားတဲ့အတိုင်းပေါ့နော် ကြာသပတေးနေ့မှာ စစ်တွေကနေ ဘူးသီးတောင်သွားဖို့က၊ ဘူးသီးတောင်ထဲမှာရှိတဲ့ တင်းမေကျေးရွာတို့ ဘာတို့ကိုသွားဖို့စီစဉ်ထားတာဒါပေမယ့် လမ်းပန်းအခြေအနေကြောင့် ပထမဦးဆုံး စစ်တွေကနေ ဘူးသီးတောင်ကိုသွားမယ်၊ နောက် ဘူးသီးတောင်ကနေမှ နောက်တင်းမေသွားဖို့ကို ၂ ရက်ကြာသွားတာပေါ့လေ အဲလိုမျိုးအခြေအနေတော့ရှိပါတယ်။

မခင်ဖြူထွေး။ ။အဲဒီတော့ သတင်းယူမယ့်အပိုင်းမှာတော့ ဘယ်လောက်အထိ လွတ်လွတ်လပ်လပ် သတင်းယူခွင့်ကိုပေးထားပါသလဲ။

ဒေါ်ခင်မျိုးသက်။ ။အခုအထိတော့ သတင်းမယူရသေးတော့ မသိဘူးပေါ့နော်၊ ဒါပေမယ့် သတင်းယူရမယ့်နေရာကို သူတို့အကန့်အသတ်မလုပ်ထားပါဘူးလို့ ပြောပါတယ်။ ကိုယ့်စိတ်ကြိုက်ယူနိုင်ပါတယ်တဲ့ ဒါပေမယ့်လို့ တခုသတိပေးပါတယ်၊ သတင်းယူတဲ့အနေရာမှာ အုပ်စုလိုက်နေဖို့ ၊အုပ်စုလိုက်သတင်းယူဖို့ သူတို့ လုံခြုံရေးပေးရတဲ့အခါမှာ အခက်အခဲမဖြစ်အောင်လို့ပေါ့နော်။ အဲလို အုပ်စုလိုက်နေဖို့အတွက်ပြောပါတယ်၊ လွတ်လွတ်လပ်လပ် ယူပါလို့ ပြောပါတယ်။

မခင်ဖြူထွေး။ ။ဟုတ်ကဲ့ လုံခြုံရေးနဲ့ ပတ်သက်လို့ ဘာတွေ စီစဉ်ထားသလဲရှင့်

ဒေါ်ခင်မျိုးသက်။ ။လုံခြုံရေးက နယ်ခြားစောင့်တပ်ဖွဲ့ တာဝန်ယူတယ်လို့ ပြောပါတယ်။ လုံခြုံရေးအရ သီးသန့် ၁ ယောက်ထဲ ခွဲမထွက်သွားပါနဲ့ သူတို့ တာဝန်ယူထားတဲ့ အုပ်စုထဲမှာပဲ နေပါ။

မခင်ဖြူထွေး။ ။အခုဒီခရီးစဉ်မှာ အစိုးရပိုင်းက တာဝန်ရှိသူတွေနဲ့ တွေ့ဖို့ ရှိပါသလားရှင့်၊ ဘယ်သူတွေနဲ့ တွေ့ဖို့ စီစဉ်ပေးထားတာတွေ ရှိပါသလဲရှင့်။

ဒေါ်ခင်မျိုးသက်။ ။သူတို့တွေ စီစဉ်ပေးထားတာက ပထမဦးဆုံးပေါ့နော် ဘူးသီးတောင် မှာ သူတို့ အကြမ်းဖက်မှုဖြစ်တယ်လို့ပြောတဲ့ နေရာတွေကို ပြချင်တယ်။ နောက်တခုကတော့ မောင်တောဘက် ရောက်တဲ့အခါမှာ အုပ်ချုပ်ရေးတာဝန်ရှိသူတွေနဲ့ ပေးတွေ့ချင်တယ်။ နောက်ပြီးတော့ စစ်တွေဘက်မှာဆိုရင် ကယ်ဆယ်ရေးစခန်းတွေနဲ့အတူ ရခိုင်ပြည်နယ် အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ပြီးတော့ သတင်းမေးခွင့်တွေပေးမှာကိုတော့ ပြောထားတယ်။

မခင်ဖြူထွေး။ ။ဟုတ်ကဲ့ ဒေါ်ခင်မျိုးသက် ကျေးဇူးတင်ပါတယ်ရှင့်။

ပြည်ပ သတင်းမီဒီယာအဖွဲ့ရဲ့ ရခိုင်ပြည်နယ် ခရီးစဉ်တွေနဲ့ပတ်သက်လို့ အခု စစ်တွေမြို့ရောက်ဒီအဖွဲ့မှာ ပါသွားတဲ့ ဗွီအိုအေ အဖွဲ့သား ဒေါ်ခင်မျိုးသက်ကို မခင်ဖြူထွေးကဆက်သွယ်မေးမြန်းထားတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG