သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဂျပန်မှာအရေးပေါ် အခြေအနေကြေညာ


ဂျပန်ဝန်ကြီးချုပ် Shinzo Abe
ဂျပန်ဝန်ကြီးချုပ် Shinzo Abe

(Zawgyi/Unicode)

ကမ္ဘာ့ကပ်ရောဂါ COVID-19 ကြောင့် ဂျပန်နိုင်ငံမှာ အရေးပေါ်အခြေအနေကို ဒီကနေ့ပဲ ထုတ်ပြန်လိုက်ပါတယ်။ ရောဂါကူးစက်ပျံ့နှံ့မှု မြင့်တက်နေတဲ့ တိုကျိုနဲ့ အခြားဒေသ ၆ ခုအတွက် တလကြာအရေးပေါ်အခြေအနေု ထုတ်ပြန်လိုက်တာဖြစ်ပြီး လူတွေအိမ်ပြင်မထွက်ကြဖို့၊ စီးပါွးရေးလုပ်ငန်းတွေ ပိတ်ထားဖို့လည်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက တိုက်တွန်းခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်စတင်ရာ တရုတ်နိုင်ငံမှာတော့ COVID-19 နဲ့ သေဆုံးသူစာရင်းကို ပြီးခဲ့တဲ့ဇန်နဝါရီလကစပြီး ထုတ်ပြန်လာတာမှာ ဒီကနေ့မှာတော့ ပထမဆုံးအနေနဲ့ ရောဂါကြောင့် သေဆုံးသူတဦးမှ မရှိကြောင်းကြေငြာခဲ့ပါတယ်။ ရောဂါကူးစက်ရာအချက်အခြာဖြစ်တဲ့ ဝူဟန်မြို့က အသွားအလာကန့်သတ်မှုတွေ ဖယ်ရှားပေးဖို့ တရက်အလိုမှာ ခုလိုကြေငြာတာလည်းဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာ မတ်လကစပြီး ရောဂါကူးစက်မှုနှုန်း သိသိသာသာကျဆင်းသွားပေမဲ့ ပြည်ပကဝင်လာသူတွေကနေ ပိုးကူးစက်မှုတွေနဲ့နောက်တကျော့ ရင်ဆိုင်နေရတာပါ။

ဗြိတိန် ဝန်ကြီးချုပ် Boris Johnson
ဗြိတိန် ဝန်ကြီးချုပ် Boris Johnson

ဗြိတိန်နိုင်ငံမှာတော့ COVID-19 ရောဂါကြောင့် ဝန်ကြီးချုပ် Boris Johnson ကိုအထူးကြပ်မတ်ကုသဆောင်ကို တနင်္လာနေ့က ပြောင်းရွှေ့ခဲ့ရတာပါ။ ပိုးကူးခံရကတည်းက သီးခြားခွဲနေထိုင်နေတဲ့ ဝန်ကြီးချုပ် Johnson ရောဂါအခြေအနေဆိုးလာတာကြောင့် အရေးပေါ်ဌာနကို ပြောင်းရွှေ့ခဲ့ရပေမယ့် အသက်ရှုကူစက် တော့ တပ်မထားရဘူးလို့ သူ့ရုံးက ကြေငြာပါတယ်။

ဗြိတိန်မှာ ပိုးကူးခံထားရသူ ၅၀,၀၀၀ ထက်မနည်းရှိသလို တနလာၤနေ့မှာတော့ သေဆုံးသူ ၄၀၀ ထိ ရှိခဲ့ပါတယ်။ အမေရိကန်မှာတော့ ပိုးကူးခံထားရသူ ၃၆၀,၀၀၀ ကျော်နဲ့သေဆုံးသူ ၁၁၀၀၀ ထက်မနည်းရှိနေတဲ့အတွက် အီတလီနဲ့ စပိန်နိုင်ငံပြီးရင် COVID-19 ကြောင့်သေဆုံးသူ အများဆုံးလည်းဖြစ်ပါတယ်။

တောင်ကိုရီးယားမှာတော့ အင်္ဂါနေ့မှာ လူနာသစ် ၄၇ ဦးသာတွေ့ရှိခဲ့ပြီး အခြေအနေတည်ငြိမ်သလို အခြေအနေပြန်ဆိုးမလာအောင် လူတွေကိုလည်း အိမ်ထဲမှာ ဆက်ပြီးနေကြဖို့ တာဝန်ရှိသူတွေ တိုက်တွန်းနေပါတယ်။

ဥရောပနိုင်ငံတချို့မှာလည်း အခြေအနေတွေ တိုးတက်လာတဲ့အတွက် အသွားအလာကန့်သတ်မှုတချို့ကို ဖယ်ရှားပေးနေသလို တချို့ဒေသတွေမှာတော့ ပုံမှန်အနေအထားတွေတဖြည်းဖြည်းပြန်ရောက်လာနေပါတယ်။

ကမ္ဘာ့ကပ်ရောဂါ COVID-19 ဖြစ်ပွားသူတွေများလာတဲ့ ဂျပန်နိုင်ငံ မှာ ဒီကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်မှုကို ထိန်းချုပ်တဲ့အနေနဲ့ ဒီကနေ့ အင်္ဂါနေ့မှာ ဂျပန်ဝန်ကြီးချုပ် Shinzo Abe က အရေးပေါ်အခြေအနေကြေညာလိုက်တဲ့အချိန်မှာပဲ ဂျပန်ရောက်မြန်မာ-ဂျပန်အသင်းတာဝန်ရှိသူကို ကျမ ဆုမွန်က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

ဂျပန်ဝန်ကြီးချုပ် Shinzo Abe
ဂျပန်ဝန်ကြီးချုပ် Shinzo Abe

ဂျပန်နိုင်ငံမှာ ဒီရက်ပိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုနှုန်းမြင့်လာတဲ့အတွက် ပညာရှင်တွေရဲ့တိုက်တွန်းချက်တွေအရ ဒီကနေ့မှာတော့ ဂျပန်ဝန်ကြီးချုပ် Shinzo Abe က ဂျပန်နိုင်ငံရဲ့မြို့တော် တိုကျိုအပါအဝင် ခရိုင် ၆ ခုမှာ အရေးပေါ်အခြေအနေကြေညာလိုက်တာပါ။ အရေးပေါ်အခြေအနေကြေညာအပြီး - ဂျပန်နိုင်ငံရဲ့လက်တလောအခြေအနေ ဂျပန်နိုင်ငံက ပြည်ထောင်စုမြန်မာနိုင်ငံသားများအသင်း ဂျပန်ရဲ့ အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးသန်းဆွေက အခုလိုရှင်းပြပါတယ်။

"တနိုင်ငံလုံးအတိုင်းအတာနဲ့တော့မဟုတ်ပါဘူး ကူးစက်မှုများတယ်ဆိုတဲ့ မြို့တော်တိုကျိုနဲ့ Kanagawa ခရိုင်၊ Saitama ခရိုင် Chiba ချီဘခရိုင်၊ Osaka ခရိုင်၊ Hyogo ခရိုင်နဲ့ Fukuoka ခရိုင်တွေမှာ State of Emergency ကြေညာလိုက်တာပါ။ သူက lock down တော့မလုပ်ဘူး။ သူက နိုင်ငံသားတွေကို အတတ်နိုင်ဆုံး အိမ်မှာပဲ နေကြဖို့ မဖြစ်မနေထွက်ကြဖို့လိုမှပဲ ထွက်ကြဖို့ မေတ္တာရပ်ခံချက်နဲ့ State of Emergency ကြေညာလိုက်တာ။ သူကြေညာထားတဲ့ State of Emergency ကြေညာချက်ထဲမှာ ပုံမှန် မဖြစ်မနေလုပ်ရမယ့်လုပ်ငန်းတွေ ဘဏ်လုပ်ငန်းတွေ ခရီးသွားလာရေးတွေ လူထုကို အစားအသောက်ဖြန့်ချီရမယ့် Department Store ဆိုင်တွေ စတိုးလ်တွေ ဘာတွေကြတော့ ပုံမှန်လည်ပတ်နေကြရတော့ အဲ့ဒီ့တွေမှာ တာဝန်ယူနေရတဲ့သူတွေက တခြားတွေကနေ တိုကျိုကို လာအလုပ်လုပ်ရတဲ့သူတွေလည်းပါတော့ သူက Shutdown တော့မလုပ်ဘူး။ ဒါပေမဲ့ အခုက လူက တော်တော်လေးကို ရှင်းသွားတယ်။ နောက်တခုက အခုဆိုရင်လူတွေက အတတ်နိုင်ဆုံး အပြင်ကိုမထွက်ကြတော့တဲ့အခါကျတော့ စီးပွားရေးလုပ်ငန်းတော်တော်များများကတော့ အကုန်ပိတ်ပစ်လိုက်ရတယ်။ အခုဆိုရင် လမ်းမကြီးတွေပေါ်မှာ လူတော်တော်များများ ခြောက်သွေ့ပြီးတော့ လူတွေမရှိတော့ ခြောက်ကပ်သွားတာပေါ့လေ။"

လတ်တလောမှာတော့ မြို့တော်တိုကျိုမှာ ဒီကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်သူတွေ များလာနေပြီး ဆေးရုံဆေးခန်းတွေနဲ့ ကူးစက်မှုကာကွယ်ရေး ဆောင်ရွက်နေပေမဲ့လည်း အခုလိုကူးစက်မှုမြန်ဆန်လာတဲ့အပေါ် ဂျပန်ရောက်မြန်မာတွေဘက်က စိုးရိမ်မှုတွေရှိနေပါတယ်။

"ဒီကြားထဲမှာ ဂျပန်မှာ ကိုဗစ်ကူးတဲ့လူနာတွေက တက်လာတဲ့နှုန်းကလည်း များလာတယ် အခုဆိုရင် တရက်နဲ့တရက်ကို မတူဘူး မနေ့ကဆို ကူးစက်သူ ၁၄၀ နီးပါးဖြစ်တယ်။ ဒီနေ့ဆို ၈၀လောက်ပဲသိသေးတယ်။အဲ့တော့ ဒီရောဂါကိုတွေ့တဲ့နှုန်းကလည်း ပုံမှန်မဖြစ်သေးတဲ့အခါကျတော့ စိုးရိမ်ကြတယ်။ ဒီမှာရှိတဲ့ ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေဘက်က နေ့လည်ကဆို ကျနော် ဆရာဝန်တယောက်နဲ့ စကားပြောဖြစ်တယ် ဒီ ၄လပိုင်း၊ ၅လပိုင်း ၂လလောက်တော့ ဂျပန်က ခံရဦးမယ်ဆိုပြီတော့ ကျန်းမာရေးအသိုင်းအဝိုင်းက စိုးရိမ်တကြီး ပြောပြတာရှိတယ်။"

ဂျပန်ဝန်ကြီးချုပ် Shinzo Abe ဘက်က အရေးပေါ်အခြေအနေကြေညာဖို့ ဝန်လေးနေခဲ့တဲ့အပေါ်မှာလည်း ဝေဖန်မှုတွေရှိခဲ့သလို အခုလိုကြေညာလိုက်ချိန် မြို့တော်တိုကျိုအပါအဝင် စီးပွားရေးလုပ်ငန်းထိခိုက်လာတဲ့အတွက် ဂျပန်ရောက်မြန်မာနိုင်ငံသားတွေ ဝင်ငွေထိခိုက်ပြီး အခက်ခဲဖြစ်လာရတဲ့အနေအထား ဂျပန် မြန်မာသံရုံးဘက်က ဆောင်ရွက်ပေးနေတဲ့အနေအထား အခုလို ပြောပြပါတယ်။

"အခုအချိန်ဆို အလုပ်တွေတော်တော်များများ ရပ်လိုက်တဲ့အခါကျတော့ ဂျပန်ရောက်မြန်မာနိုင်ငံသားတွေ ဝင်ငွေတော်တော်အခက်ခဲဖြစ်ကြတယ်။ နေစရာအိမ်လခပေးဖို့ မရှိ၊စားဖို့သောက်ဖို့ ဈေးဝယ်စရာပိုက်ဆံမရှိ ဆိုပြီး အခက်အခဲတော်တော်ရှိတဲ့သူတွေ တော်တော်များများရှိလာတာတွေ့တယ်။ ဖြစ်တာအများနဲ့ဆိုတော့လည်း မြန်မာသံရုံးအနေနဲ့ကလည်း ထူးထူးခြားခြားတာဝန်ယူပေးနိုင်တာမျိုးတော့ မရှိနိုင်ဘူး။ ကျန်းမာရေးလမ်းညွှန်ချက် အရေးပေါ်ညွှန်ကြားချက်တွေတော့ တောက်လျောက်ထုတ်ပေးနေတယ်။ ဆိုတော့ အခုဆို ဂျပန်နိုင်ငံသားတွေလည်း တော်တော်များများ ဒီပြသနာတွေကြုံနေရတော့ ဂျပန်အစိုးရဘက်က ဒီအမေရိကန်အစိုးရလိုမျိုး အခက်အခဲရှိနေတဲ့လူထုကို အိမ်လခ ဆိုင်လခ မီးလခ ရေလခတွေကို ရွှေ့ဆိုင်းပေးတာမျိုး အဲ့တာမျိုးတွေများ ရနိုင်မလားလို့ ကျနော်တို့တွေ နည်းလမ်းရှာဖွေပြီး အစီအစဉ်ဆွဲနေကြတယ်။"

မနေ့ တနင်္လာနေ့ကတော့ ဒီကပ်ရောဂါကြောင့် ထိခိုက်နေတဲ့ စီးပွားရေးကို ကျားကန်ပေးဖို့ အစိုးရက ဒေါ်လာ ၁ trillion သုံးစွဲသွားမယ့် အစီအစဉ်ကိုလည်း ဝန်ကြီးချုပ်က့ကြေညာခဲ့ပါတယ်။ ဒီအစီအစဉ်ကတော့ ဝင်ငွေထိခိုက်ပြီး အကူညီလိုအပ်နေတဲ့ မိသားစုတွေအတွက် ငွေကြေးထောက်ပံ့တာနဲ့ စီးပွားရေးလုပ်ငန်းတွေ အလုပ်အကိုင်တွေအတွက ထောက်ပံ့မှုတွေပေးသွားဖို့ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

တိုက်ရိုက် လင့်ခ်

[Unicode Version]
















XS
SM
MD
LG