သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ကနေ ရွှေ့လာမယ့် ဂျပန်ရင်းနှီးမြှုပ်နှံမှုတွေ မြန်မာရနိုင်ခြေ


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံရောက်ရှိစဉ် ဂျပန်ဝန်ကြီးချုပ် Shinzo Abe ကြိုဆိုနေတဲ့ မှတ်တမ်းဓာတ်ပုံ။ (အောက်တိုဘာ ၉၊ ၂၀၁၈)
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံရောက်ရှိစဉ် ဂျပန်ဝန်ကြီးချုပ် Shinzo Abe ကြိုဆိုနေတဲ့ မှတ်တမ်းဓာတ်ပုံ။ (အောက်တိုဘာ ၉၊ ၂၀၁၈)

(Zawgyi / Unicode)

အမေရိကန်နဲ့ တရုတ်ကြား တင်းမာမှုအရှိန် တစစ မြင့်လာတာကြောင့် တရုတ်နိုင်ငံတွင်း ရင်းနှီးမြှုပ်နှံနေတဲ့ ဂျပန်ကုမ္ပဏီတွေ အာဆီယံနိုင်ငံတွေဘက် ရွှေ့ပြောင်းဖို့ စိုင်းပြင်းနေကြတဲ့အထဲမှာ မြန်မာနိုင်ငံအတွက် အခွင့်အလမ်းတွေ ဘယ်လိုရှိလာနိုင်မလဲ ဆိုတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် စုစည်း တင်ပြထားပါတယ်။

၂၀၁၈ လောက်က တဖြည်းဖြည်း စလာခဲ့တဲ့ အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ကြောင့်ရော ခုနောက်ပိုင်း 5G ဆက်သွယ်ရေးနည်းပညာ ဈေးကွက်ပြိုင်ဆိုင်မှုတွေ အထိပါ အမေရိကန်-တရုတ် နှစ်နိုင်ငံကြား တင်းမာမှုက တစစ မြင့်လာနေတာပါ။

ဒီတင်းမာမှုတွေကြောင့် ဂျပန်ကုမ္ပဏီတွေဟာ တရုတ်နိုင်ငံတွင်းက သူတို့လုပ်ငန်းတွေကို လျှော့ချပြီး အရှေ့တောင်အာရှ အာဆီယံနိုင်ငံတွေမှာ အရင်ထက်ပို ရင်းနှီးမြှုပ်နှံဖို့ စဉ်းစားလာကြတယ်လို့ ဂျပန်ပြည်ပကုန်သွယ်ရေးအဖွဲ့ JETRO က ပြောကြောင်း ဂျပန်သတင်းတွေမှာ ဖော်ပြပါတယ်။

တချိန်က ကမ္ဘာ့စီးပွားရေးအင်အား ဒုတိယအကြီးဆုံးဖြစ်ခဲ့တဲ့ ဂျပန်နိုင်ငံဟာ အမေရိကန်ရဲ့ အရင်းနှီးဆုံး မဟာမိတ် ဖြစ်တာကတကြောင်း၊ ဒေသတွင်း အင်အားကြီးလာနေတဲ့ တရုတ်ရဲ့ သြဇာကို ချိန်ခွင်လျှာ ညှိလိုတာက တကြောင်းကြောင့် ခုလို တရုတ်-အမေရိကန် တင်းမာမှု ဖြစ်နေချိန်မှာ စီးပွားရေးအရ ပိုအလားအလာကောင်းတဲ့ အာဆီယံနိုင်ငံတွေဘက် ပြောင်းရွှေ့ ရင်းနှီးမြှုပ်နှံဖို့ စဉ်းစားလာတဲ့သဘော ဖြစ်တယ်လို့ အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီရဲ့ မြန်မာနိုင်ငံဆိုင်ရာ လုပ်ငန်းမန်နေဂျာ ကိုလှဘုန်းမြင့်က ဗွီအိုအေကို ရှင်းပြပါတယ်။

“အမေရိကန်နဲ့ တရုတ်ကြား ဖြစ်တဲ့ Trade War ကုန်သွယ်ရေးစစ်ပွဲပေါ့၊ အဲလိုကြီး ဖြစ်ကြတဲ့အခါမှာ အခုလိုအချိန်မှာ စီးပွားရေးဘက်ကကြည့်ကြည့် နိုင်ငံရေးဘက်ကကြည့်ကြည့် နိုင်ငံတကာစင်မြင့်ပေါ်မှာ အမေရိကန်ရဲ့ လွှမ်းခြုံမှု နည်းနည်းကျဆင်းနေချိန်ဆိုတော့ ဂျပန်လိုမျိုး အမေရိကန်တို့ EU တို့နဲ့ မဟာမိတ်ဖြစ်တဲ့ နိုင်ငံက အဲဒီကွက်လပ်ကို ဝင်ဖြည့်နိုင်တယ်။ အဲဒီတော့ တရုတ်ပြည်ကနေ ထွက်လာမယ့် အမေရိကန်တင် မကပါဘူး၊ ဥရောပနိုင်ငံတွေ ဂျပန်တို့လို နိုင်ငံတွေက ဗီယက်နမ်၊ ထိုင်း၊ အင်ဒိုနီးရှားတို့လို အရှေ့တောင်အာရှ နိုင်ငံတွေကို ရွှေ့လာလိမ့်မယ်လို့ သုံးသပ်ရတယ်ပေါ့။”

အာဆီယံထဲမှာပါတဲ့ မြန်မာနိုင်ငံဟာ ဂျပန်နဲ့လည်း ပြေလည်တဲ့ဆက်ဆံရေး ရှိတာကြောင့် တရုတ်ကနေ ရွှေ့ပြောင်းလာမယ့် ဂျပန်လုပ်ငန်းတွေ မြန်မာနိုင်ငံထဲကို ဝင်လာဖို့ အလားအလာတွေ ရှိတယ်လို့ ကိုလှဘုန်းမြင့်က သုံးသပ်ပေမယ့် နိုင်ငံခြားကုမ္ပဏီတွေအတွက် အခွင့်အလမ်းကောင်းတွေ ရှိမှသာ လာရောက် ရင်းနှီးမြှုပ်နှံလိုကြမှာ ဖြစ်တယ်လို့ ကိုလှဘုန်းမြင့်က သုံးသပ်ပါတယ်။

“ရင်းနှီးမြှုပ်နှံမှုတွေ ရသင့်တဲ့ အခြေအနေ ရှိနေတယ်။ ရဖို့အခွင့်အလမ်းတွေ ကျနော်တို့အတွက် အများကြီးရှိနေတယ်။ ဒီလိုလုပ်ငန်းတွေကို ကောင်းမွန်စွာ ဖော်ဆောင်နိုင်ဖို့ အတွက်ကျတော့ ရေခံမြေခံ အခြေခံကောင်းဖို့က အရေးကြီးတယ်။ အရေးကြီးတဲ့အခါမှာ လူ့စွမ်းအားရင်းမြစ် လူငယ်တွေရှိလား၊ ပညာတတ်တွေ ရှိလားပေါ့။

“နံပါတ် ၂ ကကျတော့ Infrastructure လမ်းပန်းတံတား ဆက်သွယ်ရေး၊ ကျနော်တို့မှာ လျှပ်စစ်မီး အချိန်မှန်လာရဲ့လားပေါ့။ အခြားနိုင်ငံတွေထက်စာရင် ကျနော်တို့နိုင်ငံ လျှပ်စစ်မီးက အများကြီး ဈေးကြီးနေသေးတယ်။ နောက်တခုက နိုင်ငံတခုကို ဝင်လာမယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု Foreign Investment တွေနဲ့ ပတ်သက်လို့ ဥပဒေပြဋ္ဌာန်းတဲ့အခါမှာ ဥပဒေက ဝင်လာမယ့်သူတွေအတွက် ဆွဲဆောင်တာမျိုး ရှိသလား၊ အဲဒီအခြေခံတွေကို ခိုင်အောင်လို့ မထိန်းနိုင်ဘူးဆိုရင် ဝင်သင့်တဲ့လုပ်ငန်းတွေ မဝင်ဘဲနဲ့ ရသင့်တဲ့ အခွင့်အရေးတွေ လက်လွှတ်ဆုံးရှုံးကုန်မှာကိုတော့ စိုးရိမ်မိပါတယ်။”

ဂျပန်စီးပွားရေးဆိုင်ရာ မူဝါဒလေ့လာရေး သုတေသနအဖွဲ့ တခုလည်းဖြစ်တဲ့ JETRO ရဲ့ နှစ်စဉ်ထုတ်ပြန်တဲ့ စစ်တမ်းတွေအရ ၂၀၂၀ ခုနှစ်ထဲ ဂျပန်ကုမ္ပဏီတွေရဲ့ ၄၁ ရာခိုင်နှုန်းဟာ ဗီယက်နမ်နိုင်ငံမှာ လာမယ့် ၃ နှစ်အတွင်း လုပ်ငန်းတိုးချဲ့ဖို့ စဉ်းစားနေပြီး ၂၀၁၉ မှာ လုပ်ကိုင်နေတဲ့ ကုမ္ပဏီ အရေအတွက်ထက် ၅.၅ ရာခိုင်နှုန်း တိုးပွားလာတဲ့ သဘောလို့ JETRO စစ်တမ်းက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကုန်က ထုတ်ပြန်တဲ့ စစ်တမ်းအရ တခြား အာဆီယံနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာ တိုးချဲ့လုပ်ဖို့ စဉ်းစားထားတဲ့ ဂျပန်ကုမ္ပဏီ ၃၆.၆ ရာခိုင်နှုန်း ရှိလာပြီး ဒါက အရင်နှစ်ကထက် ၁.၅ ရာခိုင်နှုန်း တက်လာတယ်လို့ ဖော်ပြပါတယ်။ တချိန်တည်းမှာပဲ ဂျပန်ကုမ္ပဏီ ၄၈.၁ ရာခိုင်နှုန်းက တရုတ်နိုင်ငံထဲ စီးပွားရေးလုပ်ငန်းတွေ တိုးချဲ့သွားမယ်လို့ ပြောနေပေမယ့် အရင်နှစ်ကထက် ၇.၃ ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့ JETRO စစ်တမ်းမှာ ရေးပါတယ်။ ဒီစစ်တမ်းအတွက် JETRO အဖွဲ့က ဂျပန်ကုမ္ပဏီပေါင်း ၁၀,၀၀၀ နီးပါးကို ပြီးခဲ့တဲ့ နိုဝင်ဘာနဲ့ ဒီဇင်ဘာလတွေမှာ စစ်တမ်းကောက်ယူ သုတေသနပြုခဲ့တာ ဖြစ်ပါတယ်။

အထူးသဖြင့်တော့ တရုတ်နိုင်ငံတွင်းမှာ ဂျပန်ကုမ္ပဏီတွေလုပ်နေတဲ့ ကုန်ပစ္စည်း ဖြန့်ဖြူးမှုအပိုင်း၊ သံမဏိထုတ်လုပ်မှုနဲ့ သတ္တုအစိတ်အပိုင်းထုတ် လုပ်ငန်းတွေကို ထိုင်းနိုင်ငံမှာ ပြောင်းရွှေ့လုပ်ကိုင်သွားဖို့ရှိပြီး တရုတ်ကနေ အမေရိကန်ကို တင်သွင်းနေတဲ့ ပို့ကုန်ပစ္စည်းတွေကိုလည်း ထိုင်းနိုင်ငံမှာပဲ ပြောင်းလဲ ထုတ်လုပ်သွားမှာဖြစ်သလို တရုတ်ကနေ မက္ကဆီကိုကို တင်ပို့နေတဲ့ ထုတ်ကုန်တွေကို ဗီယက်နမ်မှာ ပြောင်းလဲထုတ်လုပ်သွားမယ်လို့ စစ်တမ်းက ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

--------------------------------

(Unicode)













XS
SM
MD
LG