(Zawgyi / Unicode)
ဂျပန်နဲ့ တောင်ကိုရီးယားကြား ရှေ့လထဲမှာ ထိပ်သီးအစည်းအဝေးလုပ်ဖို့ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေ စနေနေ့က သဘောတူလိုက်ကြပါတယ်။
အရေးကြီးတဲ့ စစ်ဘက်ဆိုင်ရာ သဘောတူညီချက်ကနေ နုတ်ထွက်မယ်လို့ တောင်ကိုရီးယားက ပြောထားပြီးတဲ့နောက် စာချုပ်သက်တမ်းကုန်ဖို့ ၆ နာရီပဲ လိုတော့တဲ့အချိန် သောကြာနေ့ နှောင်းပိုင်းမှာမှ စာချုပ်ကို “ကန့်သတ်ချက်” နဲ့ သက်တမ်းထပ်တိုးဖို့ သဘောတူခဲ့ပါတယ်။ အဲဒီနောက် အခုလို နှစ်နို်င်ငံံခေါင်းဆောင်တွေ ထိပ်သီးစည်းဝေးမယ့် အစီအစဉ် ထွက်လာတာပါ။
ဒါပေမယ့် စာချုပ်ကို အချိန်မရွေး “ရပ်ပစ်လိုက်နိုင်တယ်” လို့ တောင်ကိုရီးယားက သတိပေးထားပါတယ်။
ဂျပန်ဝန်ကြီးချုပ် Shinzo Abe နဲ့ တောင်ကိုရီးယားသမ္မတ Moon Jae-in တို့ တရုတ်နိုင်ငံမှာ ရှေ့လထဲ တွေ့ဆုံနိုင်ခြေရှိပြီး ဂျပန်နဲ့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးတွေ ဂျပန်နိုင်ငံ နာဂိုယာမှာလုပ်တဲ့ စီးပွားရေးအင်အားကြီးနိုင်ငံ ၂၀ (G-20) အစည်းအဝေးအတွင်း သီးသန့်တွေ့ဆုံမှုမှာ ဒါကို သဘောတူညီခဲ့ကြတာပါ။
ဒီဇင်ဘာလထဲမှာ ဂျပန်-တရုတ်-တောင်ကိုရီးယား သုံးနိုင်ငံ ထိပ်သီးဆွေးနွေးပွဲ ကျင်းပမယ့်အချိန်မှာ ဖြစ်လာနိုင်တယ်လို့လည်း နာမည်မဖော်လိုတဲ့ ဂျပန်သံတမန်တဦးက ပြောပါတယ်။
ဒေသတွင်းက အမေရိကန်ရဲ့ မဟာမိတ်တွေဖြစ်ကြတဲ့ ဂျပန်နဲ့ တောင်ကိုရီးယား နှစ်နိုင်ငံကြားမှာ ကုန်သွယ်ရေး၊ နောက် စစ်အတွင်း ဂျပန်ရဲ့ နှိပ်စက်မှုတွေနဲ့ ပတ်သက်ပြီး ဒီလပိုင်းတွေအတွင်း ဆက်ဆံရေး ဆိုးရွားခဲ့တာ ဖြစ်ပါတယ်။
ဒီအခြေအနေမှာ အရေးပါတဲ့ စစ်ဘက်ထောက်လှမ်းရေး အချက်အလက်မျှဝေမှု သဘောတူညီချက်ကနေ နုတ်ထွက်မယ်လို့ တောင်ကိုရီးယားဘက်က ခြိမ်းခြောက်ခဲ့တဲ့အပေါ် အမေရိကန်ဘက်က စိုးရိမ်ခဲ့ပြီး ဒီလိုလုပ်မယ်ဆိုရင် ဒေသတွင်းက မြောက်ကိုရီးယားနဲ့ တရုတ်အတွက်သာ အကျိုးရှိသွားစေမယ်လို့ ပြောဆိုခဲ့ပါတယ်။
----------------------------------
(Unicode)