သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုရီးယား-ဂျပန် ကုန်သွယ်ရေးတင်းမာမှု အရှိန်မြင့်လာ


တောင်ကိုရီးယားနိုင်ငံရဲ့ ယုံကြည်စိတ်ချရတဲ့ ကုန်သွယ်ဖက်စာရင်းဝင် နိုင်ငံအဖြစ်ကနေ ထုတ်ပယ်ခံခဲ့ရတဲ့အပေါ် နားမလည်နိုင်ကြောင်း ဂျပန်နိုင်ငံက ပြောဆိုလိုက်ပါတယ်။ အာရှတိုက်က အိမ်နီးချင်း နှစ်နိုင်ငံကြား ကုန်သွယ်ရေး အငြင်းပွားမှု ကြီးထွားလာနေချိန်မှာပဲ အရေးကြီးတဲ့ ကုန်ပစ္စည်းအမျိုးအစားတွေတင်သွင်းခွင့် ပိုမိုကန့်သတ်ထားတဲ့ ကုန်သွယ်ဖက် နိုင်ငံစာရင်းသစ်မှာ ဂျပန်နိုင်ငံကို ပြောင်းလဲထည့်သွင်းလိုက်ကြောင်း မနေ့တုန်းက တောင်ကိုရီးယားနိုင်ငံက ကြေညာလိုက်တာပါ။

နိုင်ငံတကာစည်းမျဉ်းတွေကို ချိုးဖောက်ပြီး ပြည်ပပို့ကုန်တွေကိုထိန်းချုပ်တဲ့ နိုင်ငံတွေအတွက် သတ်မှတ်ချက်အသစ်ကို ပြဌာန်းခဲ့တာဖြစ်ကြောင်းလည်း တောင်ကိုရီးယား ကုန်သွယ်ရေး ဝန်ကြီး Sung Yun-mo ကပြောဆိုထားပါတယ်။

ဂျပန်ကုန်သွယ်ရေးဝန်ကြီး Hiroshige Seko ကတော့ ပြည်ပပို့ကုန်ဆိုင်ရာ နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းတွေကို ဂျပန်နိုင်ငံက လိုက်နာမှုမရှိကြောင်း တောင်ကိုရီးယားနိုင်ငံဘက်က တိတိကျကျ ရှင်းမပြနိုင်ခဲ့ဘူးလို့လည်း Twitter လူမှုကွန်ရက်ကနေ ဒီကနေ့ပဲ ပြောဆိုခဲ့တာပါ။

ကုန်သွယ်ရေး အငြင်းပွားမှုတွေကြုံနေရတဲ့ နှစ်နိုင်ငံကြား အပြန်အလှန် လက်တုန့်ပြန်နေရာမှာ ဂျပန်နိုင်ငံကလည်း ကုန်သွယ်ရေး အထူးခံစားခွင့်ရ နိုင်ငံစာရင်းထဲကနေ တောင်ကိုရီးယားကို ထုတ်ပယ်ထားပါတယ်။

ဂျပန်နိုင်ငံကတော့ ကုန်သွယ်ရေးဆိုင်ရာမူဝါဒတွေကို အမျိုးသားလုံခြုံရေးအတွက် လိုအပ်ချက် အရ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း ပြောဆိုထားတာပါ။ ဒါပေမဲ့လည်း ကိုရီးယားကို ဂျပန်နိုင်ငံက ကျူးကျော်သိမ်းပိုက်ခဲ့တဲ့ စစ်ကာလအတွင်း အတင်းအကျပ် အလုပ်ခိုင်းစေခံခဲ့ရတဲ့ ကိုရီးယားနိုင်ငံသားတွေအတွက် ဂျပန်ကုမ္ပဏီတွေက နစ်နာကြေးပေးဖို့ မကြာသေးခင်တုန်းက ပဲ တောင်ကိုရီးယားတရားရုံးက ဆုံးဖြတ်ခဲ့တာကို တုန့်ပြန်တဲ့လုပ်ရပ်အဖြစ်နဲ့လည်း အများက ရှုမြင်ထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG