သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားဖြစ် ဝေလငါးဖမ်းဆီးမှု ဂျပန်ပြန်လည် ခွင့်ပြု


ဂျပန်နိုင်ငံက ရှေ့နှစ်ထဲ စီးပွားဖြစ် ဝေလငါးဖမ်းဆီးမှုတွေ ပြန်လည်စတင်မှာဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။ ဝေလငါးဖမ်းဆီးမှုကို ဆန့်ကျင်နေကြတဲ့ နိုင်ငံတွေ၊ ပတ်ဝန်းကျင်အရေး လှုပ်ရှားသူတွေနဲ့ ဆယ်စုနှစ်နဲ့ချီ အချေအတင် ဖြစ်နေတာတွေကို ဂျပန်နိုင်ငံက အဆုံးသတ်လိုက်တဲ့ ဆုံးဖြတ်ချက်ကို အစိုးရအဖွဲ့ အတွင်းဝန်ချုပ် Yoshihide Suga က ဒီနေ့ပဲ ကြေညာလိုက်တာပါ။

နိုင်ငံတကာ ဝေလငါး ဖမ်းဆီးမှုဆိုင်ရာ ကော်မရှင် (IWC) ကနေ ဇွန်လ ၃၀ ရက်နေ့မှာ တရားဝင် နှုတ်ထွက်ပြီး၊ ဇူလိုင်လမှာ စီးပွားဖြစ် ဝေလငါးဖမ်းဆီးမှုတွေ ပြန်လည်စတင်မှာ ဖြစ်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ ဝေလငါးဖမ်းဆီးမှုတွေကိုတော့ ဂျပန်နိုင်ငံရဲ့ ရေပိုင်နက်နဲ့ အထူးစီးပွားရေးဇုန် နယ်မြေတွေမှာသာ ဆောင်ရွက်သွားမှာဖြစ်ပြီး၊ အန္တာတိကဒေသမှာ နှစ်စဉ်ဖမ်းဆီးမှုတွေကို အဆုံးသတ်မှာ ဖြစ်ကြောင်းလည်း ပြောဆိုခဲ့တာပါ။ ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာတုန်းက အစည်းအဝေးပွဲအတွင်း စီးပွားဖြစ် ဝေလငါးဖမ်းဆီးမှုတွေ ပြန်လည်စတင်ခွင့်ပြုဖို့ လျှောက်ထားချက်ကို ပယ်ချခံခဲ့ရပြီးနောက် ဂျပန်နိုင်ငံက IWC ကနေ နှုတ်ထွက်လိုက်တာလည်း ဖြစ်ပါတယ်။

နိုင်ငံတကာ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားမှုအဖွဲ့တခုဖြစ်တဲ့ Greenpeace ကတော့ ကော်မရှင်ကနေ ဂျပန်နိုင်ငံ နှုတ်ထွက်တာဟာ ပင်လယ်သမုဒ္ဒရာတွေနဲ့ ရေသတ္တဝါတွေကို အနာဂတ်အတွက် ထိန်းသိမ်းရမယ့် တာဝန်ကို ပျက်ကွက်ရာရောက်ရုံ သာမက၊ နိုင်ငံတကာ အသိုင်းအဝန်းကို ဆန့်ကျင်ရာရောက်ကြောင်း ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့တာပါ။ IWC ကတော့ ဝေလငါးကောင်ရေ လျော့ကျလာနေတဲ့အတွက် ၁၉၈၆ ခုနှစ်ကစလို့ စီးပွားဖြစ် ဝေလငါး ဖမ်းဆီးမှုကို တားမြစ်ထားပါတယ်။

တားမြစ်ချက်ထဲမှာ ခြွင်းချက်အဖြစ် ခွင့်ပြုထားတဲ့ သိပ္ပံပညာသုတေသန လေ့လာမှုတွေကို အကြောင်းပြပြီး ဂျပန်နိုင်ငံက အန္တာတိကဒေသမှာ ဝေလငါးတွေကို ဆက်လက် ဖမ်းဆီးနေတာကိုလည်း ဆိုင်တွေမှာ ဝေလငါးအသားတွေ ရောင်းချနေရာက တွေ့ရှိထားကြတာပါ။

ပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားသူတွေ ကတော့ အန္တာတိက ဒေသ အထိ သင်္ဘောတွေ စေလွှတ်ပြီး၊ ဂျပန်ဝေလငါးဖမ်း သင်္ဘောတွေကို ဟန့်တားနှောက်ယှက်ဖို့ ကြိုးပမ်းခဲ့ကြတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဝေလငါးအသားဟာ ဂျပန်ရိုးရာ အစားအစာတခု အဖြစ် ရာစုနှစ်တွေနဲ့ချီ ရှိလာခဲ့ပေမဲ့၊ မကြာသေးခင် ဆယ်စုနှစ်တွေအတွင်း ဝယ်ယူစားသောက်မှုတွေလည်း ကျဆင်းလာနေတာပါ။ စီးပွားဖြစ် ဝေလငါး ဖမ်းဆီးမှုအပေါ် IWC ရဲ့ တားမြစ်ချက်ကိုတော့ အိုက်စ်လန်နဲ့ နော်ဝေနိုင်ငံတွေ ကလည်း ဆန့်ကျင်ထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG