သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတTrump သားမက် လွှတ်တော်တံခါးပိတ် စစ်ဆေးမှုမှာ ထွက်ဆို


အမေရိကန်သမ္မတရဲ့ အနီးကပ်အကြံပေးလည်းဖြစ် ၊ သားမက်လည်းဖြစ်တဲ့ Jared Kushner ကသူ့အနေနဲ့ ရုရှားနဲ့ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘူးလို့ ပြောကြားခဲ့ပါတယ်။ Donald Trump သမ္မတရွေးကောက်ပွဲအနိုင်ရအောင် ရုရှားနဲ့ပူးပေါင်းကြံစည်ဆောင်ရွက်ခဲ့သလားဆိုတာကို စုံစမ်းနေတဲ့ အထက်လွှတ်တော် ထောက်လှမ်းရေးကော်မတီမှာ Jared Kushner ထွက်ဆိုခဲ့ပြီးနောက် ခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။

၂၀၁၆ သမ္မတ ရွေးကောက်ပွဲမှာ ရုရှားက ဘယ်လိုနှောင့်ယှက်ခဲ့သလဲဆိုတာစုံစမ်းနေတဲ့ လွှတ်တော်အမတ်တွေက Kushner ကိုဘာကြောင့် တနင်္လာနေ့က တံခါးပိတ် စစ်ဆေးခဲ့သလဲဆိုတာနဲ့ သူ့ဖက်က ဘယ်လိုပြင်ဆင်ဖြေကြားခဲ့သလဲဆိုတာကို မစုမြတ်မွန်က အပြည့်အစုံ ဆက်ပြီးပြောပြပါလိမ့်မယ်။

၂၀၁၆ သမ္မတရွေးကောက်ပွဲမှာ Donald Trump အနိုင်ရစေအောင် စည်းရုံးလှုပ်ရှားမှုတွေမှာ ဝင်ရောက်နှောင့်ယှက်ဖို့နဲ့ ဝါဒဖြန့်ဆောင်ရွက်ဖို့ ရုရှားသမ္မတ Vladimir Putin ကိုယ်တိုင်ညွှန်ကြားခဲ့တယ်လို့ အမေရိကန်ထောက်လှမ်းရေးဌာနတွေက သုံးသပ်ခဲ့ကြပြီးနောက်။ Trump ရဲ့ စည်းရုံးရေးအဖွဲ့ဝင်တွေအနေနဲ့ ရုရှားနဲ့ ပူးပေါင်းကြံစည်ဆောင်ရွက်ခဲ့သလားဆိုတာကို တရားရေးဌာနနဲ့ လွှတ်တော်မှာ စုံစမ်းနေတာဖြစ်ပါတယ်။

တနင်္လာနေ့ကတော့ သမ္မတ Trump ရဲ့ အကြီးတန်းအကြံပေး ၁ ယောက်ဖြစ်တဲ့အပြင် သားမက်လည်းတော်သူ Jared Kushner ကို အထက်လွှတ်တော် ထောက်လှမ်းရေးကော်မတီက ခေါ်ယူစစ်ဆေးခဲ့ပါတယ်။ ၂ နာရီကြာတဲ့ တံခါးပိတ်ကြားနာ စစ်ဆေးပွဲမှာ လွှတ်တော်အမတ်တွေ ဘယ်လိုမေးခွန်းထုတ်ခဲ့ကြသလဲဆိုတာကို မသိရပါဘူး။ ဒါပေမဲ့ ကော်မတီကိုပေးအပ်ခဲ့တဲ့ မှတ်တမ်းတွေ၊ အချက်အလက်တွေအရ သူ့အနေနဲ့ ရုရှားနဲ့ ပူးပေါင်းကြံစည်ခဲ့ခြင်းမရှိဘူးဆိုတာ ပြသနေတယ်လို့ ကြားနာပွဲအပြီး အိမ်ဖြူတော်ပြန်အရောက်မှာ Mr. Kushner ကခုလိုပြောကြားခဲ့ပါတယ်။

“ရုရှားနဲ့ကျွန်တော် ပူးပေါင်းကြံစည်ဆောင်ရွက်ခြင်း မရှိခဲ့သလို စည်းရုံးအရေးအဖွဲ့ဝင်တွေထဲမှာ ပူးပေါင်းကြံစည်ဆောင်ရွက်ခဲ့သူ ဘယ်သူရှိသလဲဆိုတာကိုလည်း ကျွန်တော်မသိဘူးဆိုတာ ရှင်းရှင်းလင်းလင်းပြောချင်ပါတယ်။ မရိုးသား မလျှော်ကန်တဲ့ ဆက်သွယ်မှုတခုမှ ကျွန်တော်မလုပ်ခဲ့ပါဘူး။ ကျွန်တော့်စီးပွားရေးလုပ်ငန်းတွေအတွက် ရုရှားဆီကငွေကြေးထောက်ပံ့မှုကို မှီခိုအားထားခြင်းလည်း မရှိပါဘူး။ တောင်းဆိုတဲ့ အချက်အလက်အားလုံးကို ပွင့်လင်းမြင်သာမှု အပြည့်အဝရှိစွာ ပေးအပ်ခဲ့ပါတယ်။”

အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရုရှားကဘယ်လိုနှောင့်ယှက်ခဲ့သလဲဆိုတဲ့ စစ်ဆေးမှုတွေမှာ Mr. Kushner ကိုစတင်စစ်ဆေးမှုကိုကြည့်ခြင်းဖြင့် စုံစမ်းမှုတွေမှာ အရေးကြီးတဲ့ကာလကိုရောက်နေပြီဆိုတာပြသနေတယ်လို့ အမေရိကန်နိုင်ငံရေးအကဲခတ်တွေက သုံးသပ်နေကြပါတယ်။ လွှတ်တော်အမတ်တွေအတွက် ကြိုတင်ပြင်ဆင်ထားတဲ့ ကြေညာချက်ကို ထုတ်ပြန်ခဲ့တဲ့အထဲမှာလည်း ဘယ်နိုင်ငံခြားအစိုးရနဲ့မှ သူမလျှော်မကန် ဆက်သွယ်ခဲ့ခြင်းမရှိသလို ပူးပေါင်းကြံစည်ဆောင်ရွက်ခဲ့ခြင်း မရှိဘူးလို့ Mr. Kushner က ပြတ်ပြတ်သားသား ငြင်းဆန်ထားပါတယ်။

ရာထူးတာဝန် ပြီးဆုံးလို့ စနေနေ့ကမှရုရှားပြန်သွားတဲ့ ရုရှားသံအမတ် Sergei Kislyak နဲ့ ရုရှားအစိုးရပိုင်ဘဏ်အကြီးအကဲ Sergey Gorkov တို့နဲ့ သမ္မတရွေးကောက်ပွဲအပြီးကာလက တွေ့ဆုံခဲ့မှုတွေကြောင့် Mr. Kushner ကို ခုလိုစုံစမ်းစစ်ဆေးစရာဖြစ်လာခဲ့တာပါ။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းက သံအမတ် Kislyak နဲ့တွေ့ဆုံခဲ့မှုအတွင်း ရုရှားဗိုလ်ချုပ်ကြီးတွေက ဆီးရီးယားကိစ္စဆွေးနွေးဖို့လိုလားတဲ့အတွက် လုံခြုံတဲ့ဆက်သွယ်ရေးလိုင်းရှိသလားလို့ ရုရှားသံအမတ်က မေးခဲ့ကြောင်း။ သူကမရှိကြောင်းပြောခဲ့ပြီး တကယ်လို့ရုရှားသံရုံးမှာရှိရင် အသုံးပြုလို့ရသလားလို့ ပြန်မေးတဲ့အခါ ရုရှားသံအမတ်ကြီးက ငြင်းဆိုခဲ့တာကြောင့် ဒီကိစ္စဆက် မပြောဖြစ်ဘူးလို့ Mr. Kushner ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ သူ့အနေနဲ့ အမေရိကန်ထောက်လှမ်းမှုကို ရှောင်ရှားနိုင်ဖို့ကြိုးစားခဲ့တာ မဟုတ်ဘူးလို့လည်း ငြင်းဆန်ထားပါတယ်။

ဘဏ်အကြီးအကဲ Sergey Gorkov နဲ့တွေ့ဆုံမှုနဲ့ပါတ်သက်လို့လည်း သမ္မတပူတင်နဲ့တိုက်ရိုက်ဆက်သွယ်မှုရှိတယ်လို့ သံမတ် Kislyak ကဆိုတဲ့အတွက် အသစ်တက်လာမယ့် Trump အစိုးရအပေါ် ရုရှားသမ္မတရဲ့သဘောထားအမြင်သိရဖို့နဲ့ အမေရိကန်နဲ့ရုရှားကြား အကောင်းဆုံးဘယ်လိုနည်းလမ်းတွေနဲ့ ဆက်ဆံသွားနိုင်မလဲဆိုတာသိရဖို့ တေ့ွဆုံခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ သံမတ် Kislyak နဲ့တွေ့ဆုံမှုမှာရော ဘဏ်အကြီးအကဲ Gorkov နဲ့တေ့ွဆုံမှုမှာပါ ရုရှားအပေါ် အမေရိကန်ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုကိစ္စအပါအဝင် မူဝါဒရေးရာနဲ့ပါတ်သက်လို့ တိတိကျကျ မဆွေးနွေးခဲ့ဘူးလို့လည်း Jared Kushner ကပြောထားပါတယ်။

၂၀၁၆ June လတုန်းက သမ္မတရဲ့သားအကြီး Donald Trump Jr. စီစဉ်တဲ့ ရုရှားရှေ့နေနဲ့တေ့ွဆုံပွဲကို သူသွားခဲ့တာကလည်း အဲဒီရှေ့နေက သမ္မတလောင်း Hillary Clinton ထိခိုက်နိုင်တဲ့ အချက်တွေပေးမယ်ဆိုတာ ကြိုသိလို့သွားခဲ့တာမဟုတ်ဘူးလို့ ဆိုပါတယ်။ Trump Tower မှာတေ့ွဆုံတဲ့ပွဲနဲ့ပတ်သက်လို့ Trump Jr. ကြိုတင်ပို့ခဲ့တဲ့ Email ကိုသူမဖတ်ခဲ့မိဘူးလို့လည်း Mr. Kushner ကပြောထားပါတယ်။ အဲဒီတေ့ွဆုံမှုနဲ့ပါတ်သက်လို့ Donald Trump Jr. နဲ့ အဲဒီအချိန်က Trump စည်းရုံးရေးအဖွဲ့ခေါင်းဆောင် Paul Manafort တို့ကို လွှတ်တော်မှာ ဘယ်နေ့လာရောက် အစစ်ဆေးခံနိုင်မလဲဆိုတာ ညှိနှိုင်းနေကြတယ်လို့ အမေရိကန်သတင်းမီဒီယာတွေမှာ ထုတ်ပြန်ကြပါတယ်။ ရွေးကောက်ပွဲမှာ Donald Trump အနိုင်ရခဲ့တာဟာ ရုရှားရဲ့အကူအညီကြောင့် မဟုတ်ဘူးဆိုတာကို အိမ်ဖြူတော်က ပြတ်ပြတ်သားသားငြင်းဆန်နေတာပါ။ သမ္မတရဲ့ အကြီးတန်းအကြံပေး Jared Kushner ကလည်း တနင်္လာနေ့က ခုလိုထပ်ပြောခဲ့ပါတယ်။

“ ပြည်သူတွေအတွက် ပိုမိုကောင်းမွန်တဲ့ သတင်းစကားပေးနိုင်တာကြောင့်။ ပိုပြီးပါးနပ်စွာ မဲဆွယ်စည်းရုံးနိုင်တာကြောင့် Donald Trump ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တာပါ။ တခြားအကြောင်းကြောင့် သူအနိုင်ရတယ်လို့ပြောနေရင် သူ့ကိုမဲပေးခဲ့သူတွေအပေါ် သရောလှောင်ပြောင်ရာကျပါတယ်။”

Mr. Kushner ဟာအောက်လွှတ်တော်ထောက်လှမ်းရေးကော်မတီမှာလည်း ဒီကနေ့ အင်္ဂါနေ့မှာ မေးမြန်းစစ်ဆေးခံရမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG