သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

9/11 နှစ်ပတ်လည်နေ့- ညီညွတ်ရေးအတွက် အမေရိကန်ခေါင်းဆောင်တွေ တိုက်တွန်း


9/11 အနှစ် ၂၀ ပြည့် နှစ်ပတ်လည်အခမ်းအနား တက်ရောက်တဲ့ အမေရိကန်သမ္မတနဲ့ ခေါင်းဆောင်အချို့။ (စက်တင်ဘာ ၁၁၊ ၂၀၂၁)
9/11 အနှစ် ၂၀ ပြည့် နှစ်ပတ်လည်အခမ်းအနား တက်ရောက်တဲ့ အမေရိကန်သမ္မတနဲ့ ခေါင်းဆောင်အချို့။ (စက်တင်ဘာ ၁၁၊ ၂၀၂၁)

(Zawgyi / Unicode)

အမေရိကန်နိုင်ငံမှာ ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက် 9/11 အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရတာဟာ သူတို့အတွက်နဲ့ အမေရိကန်နိုင်ငံအတွက်ရော ကမ္ဘာကြီးအတွက်ပါ ထာဝရ ပြောင်းလဲမှုတရပ် ဖြစ်ခဲ့ရတယ်လို့ စနေနေ့မှာ ကျရောက်တဲ့ 9/11 အနှစ် ၂၀ ပြည့် နှစ်ပတ်လည်အခမ်းအနားမှာ အမေရိကန်ခေါင်းဆောင်တွေက ပြောပါတယ်။

ပန်ဆယ်လ်ဗေးနီးယားပြည်နယ် Shanksville က အမေရိကန်ယူနိုက်တက် လေကြောင်းခရီးစဉ်အမှတ် ၉၃ ပျက်ကျခဲ့ရတဲ့ နေရာမှာ ပြုလုပ်တဲ့ အထိမ်းအမှတ်ပွဲမှာ အမေရိကန် ဒုသမ္မတ Kamala Harris က ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နောက်ပိုင်းမှာ အမေရိကန်နိုင်ငံမှာ စည်းလုံးညီညွတ်မှုရှိအောင် လုပ်နိုင်တယ်ဆိုတာ အားလုံးကို သိစေခဲ့သလို စည်းလုံးညီညွတ်မှုနဲ့ နိုင်ငံကြွယ်ဝအောင်၊ လုံခြုံမှုရှိအောင်၊ ကမ္ဘာ့အလယ်မှာ ဝင့်ဝင့်ကြွားကြွား ရပ်တည်နိုင်အောင် လုပ်ပေးတယ်လို့ ပြောပါတယ်။ အဲဒီနေရာမှာ လေယာဉ်အပိုင်စီးသူတွေကို ခုခံတိုက်ခိုက်ခဲ့ကြတဲ့ ခရီးသည် ၄၄ ဦးစလုံး အသက်ဆုံးခဲ့ရတာ ဖြစ်ပါတယ်။

သမ္မတဟောင်း George W. Bush ကလည်း စက်တင်ဘာ ၁၁ ရက် အကြမ်းဖက် တိုက်ခိုက်ခံရတဲ့နေ့ဟာ နိုင်ငံအတွက် ပျက်စီးဆုံးရှုံးရမှု ပမာဏ သိပ်ကြီးမားတာနဲ့အတူ ဒီလို အကြမ်းဖက်တိုက်ခိုက်မှု ခံခဲ့ရပေမယ့် ရဲရဲဝင့်ဝင့် ရင်ဆိုင်နိုင်စွမ်းရှိတယ်ဆိုတာ ပြသနိုင်ခဲ့ကြကြောင်း ပြောပါတယ်။ ဒီလို အတိုက်ခိုက်ခံခဲ့ရတဲ့အတွက် ကမ္ဘာတလွှား အကြမ်းဖက်ဝါဒ တိုက်ဖျက်ဖို့ စစ်ပွဲကို မစ္စတာ Bush က ကြေညာခဲ့တာဖြစ်ပြီး ဒီစစ်ပွဲဟာ အနှစ် ၂၀ လောက် ဆင်နွှဲခဲ့ကြရတာပါ။

ဒီ နှစ်ပတ်လည်အထိမ်းအမှတ် အမှတ်တရ အောက်မေ့ပွဲတွေကို တိုက်ခိုက်ခံခဲ့ရတဲ့ နေရာတွေဖြစ်တဲ့ နယူးယောက်၊ ပန်ဆယ်လ်ဗေးနီးယားနဲ့ ဗာဂျီးနီးယားပြည်နယ်တွေမှာ ကျင်းပကြပြီး နယူးယောက် World Trade Center ကမ္ဘာ့ကုန်သွယ်ရေးမျှော်စင်ညီနောင် ရှိခဲ့တဲ့နေရာမှာ စနေနေ့မနက် ၈ နာရီ ၄၆ မိနစ်ကလုပ်တဲ့ အထိမ်းအမှတ်ပွဲကို သမ္မတ Joe Biden နဲ့ ဇနီးဖြစ်သူ သမ္မတကတော် Jill Biden တို့ တက်ရောက်ခဲ့ကြပါတယ်။

ဒီတိုက်ခိုက်မှုတွေအတွင်း သေဆုံးဒဏ်ရာရခဲ့သူတွေ၊ သူတို့ရဲ့ မိသားစုဝင်တွေနဲ့ တိုက်ခိုက်မှုတွေအတွင်း အသက်ရှင်ကျန်ရစ်သူတွေကို ကယ်တင်ခဲ့တဲ့ ကယ်ဆယ်ရေးလုပ်သားတွေကို သမ္မတ Biden က သောကြာနေ့ ဗွီဒီယိုမိန့်ခွန်းတခုထဲမှာ ဂုဏ်ပြုပြောကြားခဲ့သလို ညီညွတ်ကြဖို့လည်း တိုင်းပြည်ကို နှိုးဆော်ခဲ့ပါတယ်။

အမေရိကန် ခေတ်သစ်သမိုင်းမှာ အဆိုးရွားဆုံး အကြမ်းဖက်ဝါဒစွဲ တိုက်ခိုက်မှုအဖြစ် မှတ်တမ်းတင်ထားတဲ့ အဲဒီတိုက်ခိုက်မှုတွေအတွင်း လူပေါင်း ၂,၉၉၆ ယောက် သေဆုံးခဲ့ရပြီး အများအပြား ဒဏ်ရာရခဲ့ပါတယ်။

------------------------

(Unicode)








XS
SM
MD
LG