သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

9/11 နှစ်ပတ်လည်နေ့ အောက်မေ့ပွဲ အခမ်းအနားများ ကန်သမ္မတ တက်ရောက်


9/11 အောက်မေ့ဖွယ်အခမ်းတက်ရောက်ဖို့ ရောက်ရှိလာတဲ့ သမ္မတ Joe Biden. (စက်တင်ဘာ ၁၁၊ ၂၀၂၁)
9/11 အောက်မေ့ဖွယ်အခမ်းတက်ရောက်ဖို့ ရောက်ရှိလာတဲ့ သမ္မတ Joe Biden. (စက်တင်ဘာ ၁၁၊ ၂၀၂၁)

(Zawgyi / Unicode)

ဒီကနေ့ဟာ အကြမ်းဖက်ဝါဒီတွေက ခရီးသည်တင်လေယာဉ်တွေ ပြန်ပေးဆွဲပြီး အမေရိကန်ပြည်ထောင်စုကို တိုက်ခိုက်ခဲ့တဲ့ နှစ် ၂၀ မြောက် နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။

ဒီနှစ်ပတ်လည်အထိမ်းအမှတ် အမှတ်တရ အောက်မေ့ပွဲတွေကို တိုက်ခိုက်ခံခဲ့ရတဲ့ နေရာတွေဖြစ်တဲ့ နယူးယောက်၊ ပန်ဆယ်လ်ဗေးနီးယားနဲ့ ဗာဂျီးနီးယားပြည်နယ်တွေမှာ ကျင်းပကြပြီး နယူးယောက် World Trade Center ကမ္ဘာ့ကုန်သွယ်ရေးမျှော်စင်ညီနောင် ရှိခဲ့တဲ့နေရာမှာ ဒီကနေ့မနက် ၈ နာရီ ၄၆ မိနစ်ကလုပ်တဲ့ အထိမ်းအမှတ်ပွဲကို သမ္မတ Joe Biden နဲ့ ဇနီးဖြစ်သူ သမ္မတကတော် Jill Biden တို့ တက်ရောက်ခဲ့ကြပါတယ်။

အဲဒီအချိန်ဟာ လွန်ခဲ့တဲ့နှစ် ၂၀၊ ၂၀၀၁ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့က WTC အဆောက်အဦကို အကြမ်းဖက်ဝါဒီတွေက ပြန်ပေးဆွဲထားတဲ့ ခရီးသည်တင်လေယာဉ် ပထမတစင်းနဲ့ စပြီး ဝင်တိုက်ခဲ့တဲ့အချိန် ဖြစ်ပါတယ်။ နောက် ၁၇ မိနစ်အကြာမှာ ဒုတိယ ခရီးသည်တင်လေယာဉ်နဲ့ ဝင်တိုက်ခဲ့ပြီးတဲ့နောက် WTC အဆောက်အဦကြီး ပြိုကျသွားခဲ့တာပါ။

နောက် ၃၄ မိနစ်အကြာမှာ American Airlines ခရီးသည်တင်လေယာဉ်အမှတ် ၇၇ က ပင်တဂွန်စစ်ဌာနချုပ်ကို ဝင်တိုက်ဖို့ကြိုးစားရင်း အနားမှာ ပျက်ကျသွားခဲ့ပါတယ်။

ပြန်ပေးဆွဲခံခဲ့ရတဲ့ နောက် ခရီးသည်တင်လေယာဉ် United Airlines လေယာဉ်အမှတ် ၉၃ ကတော့ ပန်ဆယ်လ်ဗေးနီးယားပြည်နယ်၊ Shanksville မြို့က လူသူမရှိတဲ့ ကွင်းတခုထဲမှာ ပျက်ကျခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုတွေအတွင်း သေဆုံးသွားသူ ဒါမှမဟုတ် ဒဏ်ရာရခဲ့သူတွေ၊ သူတို့ရဲ့ မိသားစုဝင်တွေနဲ့ တိုက်ခိုက်မှုတွေအတွင်း အသက်ရှင်ကျန်ရစ်သူတွေကို ကယ်တင်ခဲ့တဲ့ ကယ်ဆယ်ရေးလုပ်သားတွေကို သမ္မတ Biden က သောကြာနေ့ ဗွီဒီယိုမိန့်ခွန်းတခုထဲမှာ ဂုဏ်ပြုပြောကြားခဲ့သလို ညီညွတ်ကြဖို့လည်း တိုင်းပြည်ကို နှိုးဆော်ခဲ့ပါတယ်။

အမေရိကန် ခေတ်သစ်သမိုင်းမှာ အဆိုးရွားဆုံး အကြမ်းဖက်ဝါဒစွဲ တိုက်ခိုက်မှုအဖြစ် မှတ်တမ်းတင်ထားတဲ့ အဲဒီတိုက်ခိုက်မှုတွေအတွင်း လူပေါင်း ၂,၉၉၆ ယောက် သေဆုံးခဲ့ရပြီး အများအပြား ဒဏ်ရာရခဲ့ပါတယ်။

9/11 တိုက်ခိုက်မှု ဖြစ်ပြီးတဲ့နောက် လေ့လာသူနဲ့ ပညာရှင်တွေက အမေရိကန်ပြည်ထောင်စုဟာ 9/11 အလွန်ကာလမှာ အရင်အချိန်ကာလတွေနဲ့ အလားတူ အခြေအနေမျိုး ဘယ်တော့မှ ပြန်ရောက်တော့မှာ မဟုတ်ဘူးလို့ သုံးသပ်ပြောဆိုခဲ့ကြပါတယ်။

အဲဒီနောက်ပိုင်းကာလတွေမှာ အမေရိကန်နိုင်ငံတဝန်း လုံခြုံရေးအစီအမံတွေ တိုးမြှင့်လုပ်ဆောင်ခဲ့ပြီး အဓိကအားဖြင့် လူစည်ကား ထင်ရှားတဲ့နေရာတွေ၊ အရေးကြီး နေရာဌာနတွေမှာ အကာအရံတွေ၊ အတားအဆီးတွေကိုလည်း ပုံမှန်တွေ့လာကြရပါတယ်။

-----------------------

(Unicode)











XS
SM
MD
LG