သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးကို စစ်ရေးအရကူညီသွားမယ်လို့ ကန်သမ္မတ လူထုကိုပြောဆို


အမေရိကန်သမ္မတ Joe Biden ဟာ ပါလက်စတိုင်းဘက်က ဟားမတ်စ် စစ်သွေးကြွတွေကို တုံ့ပြန်တိုက်ခိုက်နေတဲ့ အစ္စရေးကို စစ်ရေးအရ အကူအညီပေးရေးနဲ့ ရုရှားကျုးကျော်မှုကို တွန်းလှန်နေတဲ့ ယူကရိန်းစစ်ပွဲကို ထောက်ပံ့ရေး အမေရိကန်ပြည်ထောင်စုရဲ့ ရပ်တည်ချက်၊ တုံ့ပြန်ဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး တိုင်းပြည်ကို မိန့်ခွန်းပြောကြားသွားပါတယ်။

ဗုဒ္ဓဟူးနေ့က အစ္စရေးနိုင်ငံကို သွားခဲ့တဲ့ခရီးစဉ်အပြီး အမေရိကန်ပြည်သူတွေကို အိမ်ဖြူတော်ကနေ သမ္မတ Biden တိုက်ရိုက် ပြောကြားတာပါ။

ဂါဇာဆေးရုံပေါက်ကွဲမှုဟာ အစ္စရေးဘက်က လုပ်တာမဟုတ်ကြောင်းနဲ့ ယူကရိန်းကို အကူအညီပေးဖို့ ဆိုတာ အမေရိကန်တပ်ဖွဲ့တွေ စေလွှတ်တာမဟုတ်ဘဲ သိုလှောင်ထားတဲ့ လက်နက်တွေ ပို့ပေးဖို့ ဖြစ်တဲ့အကြောင်း၊ ယူကရိန်းကို ရက်ပိုင်းအတွင်း သိမ်းနိုင်မယ်လို့ ယူဆခဲ့တဲ့ ရုရှားသမ္မတဟာ အခုဆိုရင် မြောက်ကိုရီးယားနဲ့ အီရန်ကနေ လက်နက်ခဲယမ်း ဝယ်ရတဲ့အခြေအနေကို ရောက်နေပြီဆိုတာတွေကိုလည်း သမ္မတက ပြောသွားတာပါ။

ပါလက်စတိုင်းအရေးနဲ့ ပတ်သက်လို့ နှစ်ပြည်ထောင် ယှဉ်တွဲတည်ရှိရေး အဖြေရှာနိုင်မယ့် နည်းလမ်းတွေကို မစွန့်လွှတ်ဘူးဆိုတာရယ်၊ ပါလက်စတိုင်းပြည်သူတွေ ဂုဏ်သိက္ခာနဲ့အညီ ရပ်တည်နေနိုင်ရေး ကူညီသွားမယ့်အကြောင်းနဲ့ အမေရိကန်ပြည်ထောင်စုဟာ လွတ်လပ်ခွင့်၊ အချုပ်အခြာနဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်‌ရေး ကမ္ဘာ့ မီးရှုးတန်ဆောင် မရှိမဖြစ် နိုင်ငံဖြစ်တယ်ဆိုကိုလည်း ထည့်သွင်းပြောဆိုသွားပါတယ်။

ဟားမတ်စ်စစ်သွေးကြွတွေကို နှိမ်နှင်းနေတဲ့အစ္စရေးကို စစ်ရေးအရထောက်ပံ့ကူညီဖို့ မဖြစ်မနေ အရေးကြီးတယ်ဆိုတာကို သမ္မတ Biden မိန့်ခွန်းထဲမှာ အလေးအနက် ပြောဆိုသွားပါတယ်။ အစ္စရေးကို စစ်ရေးအကူအညီပေးဖို့အပြင် ယူကရိန်းစစ်ပွဲအတွက် အကူအညီပေးနိုင်ဖို့ ဒေါ်လာ ဘီလျံနဲ့ချီ သမ္မတ Biden တောင်းဆိုတာပါ။

ဒီလို ကူညီဖို့ အမေရိကန်လွှတ်တော်အနေနဲ့ အတည်ပြုနိုင်ရေး သူက တောင်းဆိုသွားပါတယ်။ ဒီစစ်ရေးအကူအညီဟာ အမေရိကန်မျိုးဆက်တွေရဲ့ အမျိုးသားလုံခြုံရေးအတွက် အရေးကြီးတယ်လို့ သူက ထောက်ပြပါတယ်။

အကြမ်းဖက် ကျုးကျော်မှုတွေကို မဟာမိတ်တွေနဲ့ မဟန့်တားဘူးဆိုရင် အလားတူ ကျူးကျော်တဲ့ မတရားမှုတွေ ကမ္ဘာ့နေ့ရာအနှံ့ ပျံ့နှံ့သွားမယ်လို့လည်း သူက သတိပေးသွားပါတယ်။

သူ့ရဲ့ အစ္စရေးနိုင်ငံခရီးစဉ်အတွင်း ဟားမတ်စ်အဖွဲ့ နယ်စပ်ကျော်ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ အစ္စရေးတောင်ပိုင်းဒေသကို သွားရောက်ခဲ့တဲ့ အတွေ့အကြုံတွေ၊ ကြောက်မက်ဖွယ်ရာ စိတ်မကောင်းစရာ မြင်တွေ့ခဲ့ရတာတွေကိုလည်း သမ္မတ ဘိုင်ဒန် ထည့်သွင်းပြောဆိုသွားပါတယ်။

ယူကရိန်းကို ကျုးကျော်တဲ့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့ ဟားမတ်စ်အဖွဲ့ရဲ့ အကြမ်းဖက် လုပ်ရပ်တွေဟာ အတူတူပဲ ဖြစ်တဲ့အကြောင်းနဲ့ ဟားမတ်စ်အဖွဲ့ဟာ ပါလက်စတိုင်းပြည်သူတွေကို လူသားဒိုင်းအဖြစ်အသုံးချနေသူတွေ ဖြစ်တယ်လို့လည်း ပြောဆိုသွားပါတယ်။

ဟားမတ်စ် စစ်သွေးကြွအဖွဲ့ရဲ့ အစ္စရေးနယ်ထဲ ကျူးကျော် ဝင်တိုက်မှုအတွင်း သေဆုံးခဲ့သူ ၁,၃၀၀ ကျော်ထဲမှာ အမေရိကန် နိုင်ငံသား ၃၂ ယောက် ပါဝင်တယ်-လို့လည်း သမ္မတဘိုင်ဒန်က ပြောဆိုပြီး ဓါးစာခံတွေ လွတ်မြောက်ရေးဟာ သူ့ရဲ့ အဓိက ဦးစားပေးလုပ်ဆောင်မယ့် တာဝန်ဖြစ်ကြောင်း ပြောသွားပါတယ်။

အရှေ့အလယ်ပိုင်း အဓိက လက်တွဲဘက်ဖြစ်တဲ့ အစ္စရေးရဲ့ကာကွယ်ရေးကို အာမခံနိုင်ဖို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ မထောက်ပံ့ဘူးဆိုရင် ပေးဆပ်ရမယ့် ဆုံးရှုံးမှုပမာဏဟာ ပိုများမယ်လို့လည်း သူက ပြောဆိုသွားပါတယ်။

အကြမ်းဖက် ကျူးကျော်မှုတွေကို မဟာမိတ်တွေနဲ့ မဟန့်တားဘူးဆိုရင် အလားတူ ကျူးကျော်တဲ့ မတရားမှုတွေ ကမ္ဘာ့နေ့ရာအနှံ့ ပျံ့နှံ့သွားမယ်လို့လည်း သူက သတိပေးသွားပါတယ်။

ဂါဇာကမ်းမြောင်ဒေသကို လူသားချင်းစာနာမှု အကူအညီတွေပေးဖို့ ဂျော်ဒန်နဲ့နယ်ခြားကနေ အကူအညီတွေ ဖြတ်သန်းသွားလာခွင့် ခွင့်ပြုဖို့ သူ့ရဲ့ ခရီးစဉ်အတွင်း အစ္စရေးနဲ့ သဘောတူညီချက် ရခဲ့တယ်လို့လည်း သမ္မတ ဘိုင်ဒန်က ပြောသွားပါတယ်။

XS
SM
MD
LG