သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကွယ်လွန်သူ ဂျွန် မက်ကိန်းအတွက် ကမ္ဘာ့ခေါင်းဆောင်များ အမှတ်တရ ဂုဏ်ပြု ပြောဆို


အမေရိကန်အထက်လွှတ်တော်အမတ် ဂျွန် မက်ကိန်း
အမေရိကန်အထက်လွှတ်တော်အမတ် ဂျွန် မက်ကိန်း

အထင်ကရ အမေရိကန်အထက်လွှတ်တော်အမတ် ဂျွန် မက်ကိန်း အသက် ၈၁ နှစ်အရွယ်မှာ စနေနေ့က ကွယ်လွန်သွားပြီးတဲ့ နောက် ကမ္ဘာတဝန်းနဲ့ အမေရိကန်ပြည်ထောင်စုက ခေါင်းဆောင်တွေရဲ့ ဝမ်းနည်း ဂုဏ်ပြုစကားတွေ ဆက်တိုက် ထွက်လာနေပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က “အထက်လွှတ်တော်အမတ် ဂျွန် မက်ကိန်းရဲ့ မိသားစုအတွက် ကျနော် အနက်ရှိုင်း ဆုံး ကိုယ်ချင်းစာနာပါကြောင်းနဲ့ လေးစားပါကြောင်း၊ မိသားစုနဲ့အတူ ဆုတောင်းပေးနေပါကြောင်း” Twitter မှာရေးပါတယ်။

ဂျာမန်ဝန်ကြီးချုပ် အန်ဂလာ မာကဲလ်က မက်ကိန်းဟာ “အတ္တလန်တိတ်သမုဒ္ဒရာ ဟိုဘက်ဒီဘက် မဟာမိတ်ဖြစ်မှုအတွက် မရပ် မနား လုပ်ဆောင်သူဖြစ်တယ်၊ သူ့နိုင်ငံပြင်ပထိပါ အရေးပါသူဖြစ်တယ်” လို့ ပြောပါတယ်။ ပြင်သစ်သမ္မတ Emmanuel Macron က မက်ကိန်းဟာ “တကယ့် အမေရိကန်သူရဲကောင်းဖြစ်တယ်” လို့ပြောပါတယ်။

အမေရိကန်သမ္မတဟောင်းတွေဖြစ်ကြတဲ့ ဘရာ့ခ် အိုဘားမား၊ ဘီလ် ကလင်တန်၊ ဂျော့ဂျ် ဒဗလျူ ဘုရှ်နဲ့ သမ္မတဟောင်းကတော် အသီးသီးတို့ကလည်း ချီးကျူးဂုဏ်ပြုစကား၊ ဝမ်းနည်းစကားတွေ ပြောဆိုထားကြပါတယ်။

မစ္စတာမက်ကိန်း မကွယ်လွန်မီ စီစဉ်ညွှန်ကြားသွားတဲ့အတိုင်း သူ့ရဲ့ နာရေးအခမ်းအနားမှာ သမ္မတဟောင်း အိုဘားမားနဲ့ သမ္မတ ဟောင်း ဘုရှ်တို့က အမှတ်တရ ဂုဏ်ပြုစကား ပြောကြားကြမှာဖြစ်ပါတယ်။

မစ္စတာမက်ကိန်းရဲ့ ကြွင်းကျန်ရစ်တဲ့ရုပ်အလောင်းကို သူ့ရဲ့မိခင်ပြည်နယ်ဖြစ်တဲ့ အရီဇိုးနား လွှတ်တော်အဆောက်အဦးတွင်း၊ အဲဒီနောက် ဝါရှင်တန်မြို့တော် လွှတ်တော်အဆောက်အဦးတွင်းမှာ ခင်းကျင်း ပြင်ဆင်ထားမှာဖြစ်ပါတယ်။

နာရေးအခမ်းအနားကို ဝါရှင်တန်မြို့တော်က National Cathedral ဘုရားကျောင်းကြီးမှာ ကျင်းပမှာဖြစ်ပြီး ရုပ်အလောင်းကိုတော့ သူတက်ရောက်ခဲ့တဲ့ အမေရိကန် ရေတပ်အကယ်ဒမီ စစ်တက္ကသိုလ်ရှိရာ မေရီလန်းပြည်နယ်၊ Annapolis ြမို့မှာ မြှုပ်နှံသဂြိုၤဟ်မှာ ဖြစ်ပါတယ်။

အထက်လွှတ်တော်အမတ် ဂျွန် မက်ကိန်းဟာ မြန်မာနိုင်ငံ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ကြိုးပမ်းမှုကာလတလျှောက် အဲဒီ အချိန်ကာလတွေက နေအိမ်အကျယ်ချုပ် ချခံထားရသူ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေအားလုံးကို တစိုက်မတ်မတ် ထောက်ခံအားပေးခဲ့သူဖြစ်ပါတယ်။

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှာ အကြမ်းဖက်ပဋိပက္ခအခြေအနေတွေ ပေါ်ပေါက်ခဲ့ပြီး နောက်ပိုင်းမှာလည်း အပြင်းအထန် ဝေဖန် ပြောဆိုသူဖြစ်ပြီး လူ့အခွင့်အရေးချိုးဖောက်သူတွေကို အရေးယူဖို့ ဥပဒေမူကြမ်းကို ပူးတွဲကမကထပြု တင်သွင်းဖူးသူလည်း ဖြစ်ပါတယ်။

ဂျွန် မက်ကိန်း ကွယ်လွန်သွားတဲ့အပေါ် မြန်မာအစိုးရဘက်က တခုခုပြောဆိုတာမျိုးတော့ ဒီသတင်းကိုရေးနေချိန်ထိ ထွက်မလာသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG