သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း ကွယ်လွန်ပြီ

အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း
အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း

အမေရိကန်ပြည်ထောင်စုက အထင်ကရ ဝါရင့် အထက်လွှတ်တော်အမတ် John McCain ဟာ သူခံစားနေရတဲ့ ဦးနှောက်ကင်ဆာနဲ့ သြဂုတ်လ(၂၅)ရက်နေ့ စနေနေ့မှာ ကွယ်လွန်သွားပြီဖြစ်ပါတယ်။ အသက်(၈၁)နှစ် ရှိပြီဖြစ်တဲ့ John McCain ကွယ်လွန်ချိန်မှာ သူ့မိသားစုဝင်တွေ သူ့အနားမှာ ရှိနေခဲ့ကြပါတယ်။

John McCain ဟာ ဦးနှောက်ကင်ဆာရောဂါ ကုသနေရကြောင်း မနှစ်က အများပြည်သူကို အသိပေး ကြေညာခဲ့ပြီးနောက် သောကြာနေ့က ထုတ်ပြန်တဲ့ မိသားစုရဲ့ကြေညာချက်မှာ သူအသက်ဆက်ပြီး ရှင်မယ်လို့ မျှော်လင့်ထားတဲ့ အတိုင်းအတာထက် ကျော်လွန်လာခဲ့ပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

ရောဂါအခြေအနေ နောက်ဆုံးအဆင့်ရောက်ရှိနေသလို ရှောင်လွဲှလို့မရတဲ့ ကြီးရင့်လာပြီဖြစ်တဲ့ အသက်အရွယ်ကြောင့် အခုလို ကုသမှုရပ်ဆိုင်းတဲ့ ဆုံးဖြတ်ချက်မျိုး ပြုလုပ်ရတာဖြစ်တယ်လို့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ သူရဲ့ အစဉ်အလာရှိတဲ့ ခိုင်မာတဲ့ စိတ်ဆန္ဒနဲ့အညီ ဆေးဝါးကုသမှုကို ဆက်ပြီး မခံယူတော့ဖို့ သူကိုယ်တိုင် ရွေးချယ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

Mr. McCain ဟာ ၂၀၁၇ခုနှစ် ဇူလိုင်ကစပြီး ဦးနှောက်ကင်ဆာအတွက် ဆေးဝါးကုသမှု ခံယူနေခဲ့တာပါ။ ခွဲစိတ်ကုသမှု ခံယူအပြီး ၂ ပတ် အကြာမှာ ဝါရှင်တန်ဒီစီက လွှတ်တော်ကို ပြန်လာပြီး သမ္မတဟောင်း အိုဘားမားရဲ့ ကျန်းမာရေးစောင့်ရှောက်မှုပြင်ဆင်တဲ့ ဥပဒေသစ်ကို သူရဲ့ပါတီနဲ့ ဆန့်ကျင်ပြီး ထောက်ခံခဲ့ပါတယ်။

အသက် (၈၀)ကျော် ရှိနေပြီဖြစ်တဲ့ ရီပတ်ဘလစ်ကန် အထက်လွှတ်တော်အမတ် Mr. McCain ဟာ ၂၀၀၀ ပြည့်နှစ်က တကြိမ်၊ ၂၀၀၈ ခုနှစ်ကတကြိမ် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူလည်းဖြစ်ပါတယ်။

သူဟာ အမေရိကန်ရေတပ် စစ်မှုထမ်းတဦးအနေနဲ့ ဗီယက်နမ်စစ်ပွဲကာလတုန်းက စစ်သုံ့ပန်းအဖြစ် ၅ နှစ်ခွဲကြာ ညှမ်းပမ်း နှိပ်စက် အကျဉ်းကျခံခဲ့ရပါတယ်။ ဒါအပြင် ဗီယက်နမ် စစ်ကာလအတွင်း သေဆုံးခဲ့တဲ့ အမေရိကန်စစ်မှုထမ်းတွေရဲ့ ရုပ်အလောင်းတွေကို အမေရိကန်ပြည်ထောင်စု ပြန်ပြီး သယ်ယူရေးအတွက် ဗီယက်နမ်နိုင်ငံကို အမေရိကန်အထက်လွှတ်တော်အမတ်တဦးအနေနဲ့ ကိုယ်တိုင် အကြိမ်ကြိမ်သွားရောက်ပြီး ဆောင်ရွက်ခဲ့ပါတယ်။

ဗီယက်နမ် စစ်သုံ့ပန်းအဖြစ်ကနေ ပြန်လွတ်လာတဲ့ John McCain ကိုHanoi လေဆိပ်မှာတွေ့ရစဉ် (၁၉၇၃ မတ်လ)
ဗီယက်နမ် စစ်သုံ့ပန်းအဖြစ်ကနေ ပြန်လွတ်လာတဲ့ John McCain ကိုHanoi လေဆိပ်မှာတွေ့ရစဉ် (၁၉၇၃ မတ်လ)

Mr. McCain ဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးအတွက် စစ်အစိုးရအဆက်ဆက်ပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ရေး ဦးဆောင်ခဲ့သူဖြစ်သလို အခုနောက်ဆုံး ရိုဟင်ဂျာ အကြပ်အတည်းနဲ့ပတ်သက်လို့ မြန်မာစစ်တပ်ကို အမေရိကန်လွှတ်တော်ကနေ ပစ်မှတ်ထား ပိတ်ဆို့ အရေးယူနိုင်ဖို့ တွန်းအားပေးနေသူဖြစ်ပါတယ်။

This item is part of
XS
SM
MD
LG