သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအရေး မြန်မာစစ်တပ်ကို ဖိအားပေးဖို့ ကန်လွှတ်တော်အမတ်တွေ ကြိုးပမ်း


ဘင်္ဂလားဒေ့ရှ်ဘက် တိမ်းရှောင်လာတဲ့ ရိုဟင်ဂျာမူဆလင်များ။ ( အောက်တိုဘာ ၁၂-၂၀၁၇)
ဘင်္ဂလားဒေ့ရှ်ဘက် တိမ်းရှောင်လာတဲ့ ရိုဟင်ဂျာမူဆလင်များ။ ( အောက်တိုဘာ ၁၂-၂၀၁၇)

အမေရိကန် ကွန်ဂရက်လွှတ်တော်ကနေ မူစလင်လူနဲစု ရိုဟင်ဂျာတွေရင်ဆိုင်နေရတဲ့ ဘေးဒုက္ခတွေ အဆုံးသတ်နိုင်ဖို့ မြန်မာစစ်ခေါင်းဆောင်တွေအပေါ် ဖိအားပေးဖို့ ကြိုးပမ်းနေပါတယ်။ အမေရိကန်အနေနဲ့ စီးပွါးရေးဖွံ့ဖြိုးရေးဆိုင်ရာ အကူအညီတွေ ပေးနေတဲ့ တချိန်တည်းမှာ မြန်မာစစ်ဖက်နဲ့ ဆက်ဆံရေးတွေကို ရပ်ဆိုင်းပစ်ဖို့စတဲ့ ကိစ္စရပ်တွေပါဝင်တဲ့ ပိတ်ဆို့ဒဏ်ခတ်မှုသစ်တွေကို ချမှတ်ဖို့ ပါတီကြီး ၂ ရပ်လုံးက လွှတ်တော်အမတ်တွေ ပူးပေါင်းဆောင်ရွက်ကြတာပါ။ ဒီအကြောင်း ကွန်ဂရက်စ်လွှတ်တော်ဆိုင်ရာ VOA သတင်းထောက် Katherine Gypson ပေးပို့ထားတဲ့ သတင်းလွှာကို ကိုအောင်အောင်က တင်ပြပေးမှာပါ။

ရခိုင်ပြည်နယ်က သိန်းနဲ့ချီတဲ့ မူစလင်တွေ နယ်စပ်ဖြတ်ကျော်ထွက်ပြေးအပြီးမှာတော့ အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ဥက္ကဌ Ed Royce က အခုလို ပြောပါတယ်။

"ဒါဟာ လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားမှုဖြစ်ပါတယ်။"

အဲဒီနောက်မှာတော့ အခုလို ဖိနှိပ်မှုတွေကို အဆုံးသတ်ဖို့ ဖိအားပေးတဲ့အနေနဲ့ စစ်ဗိုလ်ချုပ်တွေအပေါ် ပိတ်ဆို့ဒဏ်ခတ်ရေး ဥပဒေပြဌာန်းဖို့ လွှတ်တော်အမတ်တွေက ဆောင်ရွက်လာတာပါ။ ဒီမိုကရက် အောက်လွှတ်တော်အမတ် Eliot Engel က

"စီးပွားရေးအကျိုးအမြတ်တွေ သိမ်းကျူံံးရယူနေတဲ့တချိန်ထဲမှာ ရိုဟင်ဂျာလူထုအပေါ် လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားမှု ကျူးလွန်နေတာကို ပုံမှန်လုပ်နေကျဖြစ်ရပ်တခုလိုမျိုး သည်းညည်းခံနေမှာမဟုတ်ဘူးဆိုတာ ဒီဥပဒေက သိပ်အားကောင်းတဲ့ သတင်းစကား ပါးလိုက်တာပါ။"

စစ်တပ်အနေနဲ့ ကျူးလွန်နေတဲ့ ကိစ္စတွေနဲ့ ပါတ်သတ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် ဖိအားပေးတာဟာ အခြေအနေကို ပိုဆိုးရွားစေတယ် လို့လည်း မြင်ကြပါတယ်။ လွှတ်တော်အမတ် Eliot Engel က

"အခုအခြေအနေဟာ ကျနော်တို့ စိုးရိမ်နေသလို ရိုဟင်ဂျာတွေကို လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားမှုအပြင်မြန်မာ အရပ်သားအစိုးရအပေါ် အမြင်စောင်းစေတာမျိုး စစ်တပ်က လုပ်ဆောင်နေတာကြောင့် ပါတီကြီး ၂ ရပ်လုံး အနေနဲ့ ပြင်းထန်တဲ့ သတင်းစကား ပါလိုက်တာပါ။"

အထက်လွှတ်တော် ရီပတ်ဗလစ်ကန်ခေါင်းဆောင် Micth McConnell ကတော့ မြန်မာ့ဒီမိုကရေစီရေးကြိုးပမ်းနေတဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် နှစ်ကာလ ရှည်ကြာစွာကတည်းက ထောက်ခံလာခဲ့သူပါ။

"သူသာ ကျနော်တို့ရဲ့ အဓိကမျှော်လင့်အားထားစရာ ပုဂ္ဂိုလ်ပါ။"

ရီပတ်ဗလစ်ကန် အထက်လွှတ်တော်အမတ် John McCain နဲ့ ဒီမိုကရက် အထက်လွှတ်တော်အမတ် Ben Cardin တို့ ပူးတွဲ အဆိုပြုထားတဲ့ ပိတ်ဆို့ဒဏ်ခတ်ရေး ဥပဒေကြောင့် ဆိုးရွားတဲ့ အကျိုးဆက်တွေဖြစ်ပေါ်စေနိုင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ပြောခွင့်ရက ပြောပါတယ်။ ဒါပေမယ့်လည်း အဲဒီလိုဖြစ်ဖို့ ရည်ရွယ်လုပ်ဆောင်တာ မဟုတ်ဘူးလို့ ဒီဥပဒေကြမ်းကိုထောက်ခံသူ တဦးဖြစ်တဲ့ရီပတ်ဘလစ်ကန် အောက်လွှတ်တော်အမတ် Steve Chabot က ပြောပါတယ်။

"ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ သူ့အနေနဲ့ စစ်တပ်ကို ထိန်းကျောင်းနိုင်မယ့်အခွင့်အရေး ပိုရစေမယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ စစ်တပ်အနေနဲ့ တကယ်ပဲ သူတို့ဘာသာသူတို့ ပြောင်းလဲမှုတွေ လုပ်လာတာ၊ ပဋိပက္ခတွေ ချုပ်ငြိမ်းအောင်နဲ့ ဖိနှိပ်မှုတွေကို အဆုံးသတ်ပြီဆိုရင်တော့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြန်ဖြေလျှော့ဖို့ သူနဲ့ ပြန်ဆွေးနွေးလုပ်ဆောင်သွားနိုင်ပါတယ်။"

ပဋိပက္ခတွေ ချုပ်ငြိမ်းသွားပြီဆိုရင်တော့ ဘာတွေဆက်လုပ်သင့်သလဲဆိုတာကို Chabot က အခုလို ပြောပါတယ်။

"ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခိုလှုံလာကြသူတွေ နေရပ်ကို ပြန်လာနိုင်ရေးအတွက် အခုလို ရည်ရွယ်လုပ်ဆောင်တာဖြစ်ပြီး စစ်တပ်က နေအိမ်တွေကို မီးရှို့ထားတာကြောင့် စီးပွါးရေးအရ နားလန်ပြန်ထူလာအောင်လည်း အတော်ကို လုပ်ယူဖို့ လိုအပ်ပါတယ်။"

ရိုဟင်ဂျာတွေ အခုလို ရင်ဆိုင်နေရတဲ့ တချိန်တည်းမှာ လူ့အခွင့်အရေးလှုပ်ရှားသူ တချို့ကလည်း သူတို့ရဲ့ ကြိုးပမ်းမှုတွေ အကောင်အထည်ပေါ်လာဖို့ မျှော်လင့်နေကြပါတယ်။

"နိုင်ငံရေးအရ သဘောထားကွဲလွဲသူတွေကြားထဲမှာတောင် မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သတ်ပြီး ထောက်ခံပံ့ပိုးပေးဖို့ သဘောတူညီခဲ့ကြပါတယ်။ ဒီဥပဒေကြမ်းကို အတည်ပြုနိုင်ဖို့ အလားအလာတွေကောင်းနေပြီး သမ္မတအနေနဲ့ လက်မှတ်ရေးထိုး အတည်ပြုနိုင်လိမ့်မယ်လို့ ယူဆပါတယ်။"

ဒီနှစ်ကုန်ပိုင်းမှာပဲ မြန်မာစစ်ခေါင်းဆောင်တွေကို ပစ်မှတ်ထား ပိတ်ဆို့ဒဏ်ခတ်တဲ့ ဥပဒေကြမ်းကို အတည်ပြုနိုင်လိမ့်မယ်လို့လည်း လွှတ်တော်အမတ်တွေက ယူဆထားပါတယ်ခင်ဗျာ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG