သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်တပ်အပေါ် ကန်ဒဏ်ခတ်မှု မြန်ဆန်ဖွယ်ရှိ


မြန်မာစစ်ဘက်ခေါင်းဆောင်တွေကို ပစ်မှတ်ထား အရေးယူဖို့ အမေရိကန်လွှတ်တော်မှာ ပြင်ဆင်နေကြတာဟာ ပါတီကြီးနှစ်ရပ် စလုံးရဲ့ ခိုင်မာတဲ့ထောက်ခံမှု ရထားတာကြောင့် ကွန်ဂရက်လွှတ်တော်မှာ ခပ်မြန်မြန်အတည်ဖြစ်ဖို့ရှိတယ်လို့ အမေရိကန် လွှတ်တော်အမတ်တွေက ဗွီအိုအေကိုပြောပါတယ်။

အောက်လွှတ်တော်မှာ Burma Sanctions Bill ဆိုတာကို ပြင်ဆင်နေကြပြီး အထက်လွှတ်တော်မှာလဲ လိုက်လျောညီထွေရှိမယ့် ဥပဒေမူူကြမ်းတရပ်ကို ပြင်ဆင်နေကြတာပါ။ ဒီဥပဒေမူကြမ်းဟာ မြန်မာနိုင်ငံက ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် အကြမ်းဖက် လုပ်ရပ်တွေ အဆုံးသတ်ဖို့အတွက် မြန်မာစစ်ဗိုလ်ချုပ်တွေအပေါ် စီးပွားရေးအရ ဖိအားပေးဖို့ရည်ရွယ်တာပါ။

စီးပွားရေးအကျိုးအမြတ်တွေ သိမ်းကျူံံးရယူနေတဲ့တချိန်ထဲမှာ ရိုဟင်ဂျာလူထုအပေါ် လူမျိုးစုအလိုက် ရှင်းလင်းဖယ်ရှားမှု ကျူးလွန်နေတာကို ပုံမှန်လုပ်နေကျဖြစ်ရပ်တခုလိုမျိုး သည်းညည်းခံနေမှာမဟုတ်ဘူးဆိုတာ ဒီဥပဒေက သိပ်အားကောင်းတဲ့ သတင်းစကား ပါးလိုက်မှာဖြစ်ပါတယ်လို့ အောက်လွှတ်တော်၊ နိုင်ငံခြားရေးရာကော်မတီ၊ ဝါရင့်အဖွဲ့ဝင် လွှတ်တော်အမတ် Eliot Engel ကပြောပါတယ်။

မြန်မာအစိုးရပြောခွင့်ရတဦးကတော့ နိုင်ငံစီးပွားရေးတိုးတက်ဖို့ ပြည်တွင်းတည်ငြိမ်မှု လိုအပ်ကြောင်း၊ နိုင်ငံတကာ ဒဏ်ခတ် အရေးယူမှုတွေ ချမှတ်တာဟာ ခရီးသွားလုပ်ငန်းနဲ့ စီးပွားရေး ရင်းနှီးမြှုပ်နံှသူတွေကို တိုက်ရိုက် ထိခိုက်စေမှာဖြစ်ပြီး ဆိုးရွားတဲ့ အကျိုးဆက်အများအပြားရှိပါလိမ့်မယ်လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ဒဏ်ခတ်အရေးယူမှုတွေဟာ စစ်ဘက်အပေါ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပိုပြီးထိန်းချုပ်မှုရစေဖို့ ရည်ရွယ်တာဖြစ်တယ်လို့ အောက်လွှတ်တော် ဥပဒေမူကြမ်းကို ပူးတွဲရေးဆွဲသူ လွှတ်တော်အမတ် Steve Chabot က ဗွီအိုအေကိုပြောပါတယ်။

စစ်ဘက်အနေနဲ့ ကိုယ့်ဖာသာ ပြုပြင်ပြောင်းလဲရေး လုပ်လာမယ်၊ ဖြစ်ထားတဲ့ တိုက်ခိုက်သတ်ဖြတ်တာတွေကို တကယ်ပဲ ရပ်ဆိုင်းမယ်ဆိုရင် ချထားပြီးသား အရေးယူမှုတွေကို ပြန်လျှော့ဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးတွဲ လုပ်ဆောင်နိုင်ခြေရှိပါတယ်လို့ အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီဝင်၊ လွှတ်တော်အမတ် Chabot ကဆိုပါတယ်။

အခုပြင်ဆင်နေတဲ့ ဥပဒေမူကြမ်း အတည်ဖြစ်မယ်ဆိုရင် လေ့ကျင့်သင်တန်ပေးတာနဲ့ ဒေသတွင်း လေ့ကျင့်ခန်းတွေမှာ မြန်မာ စစ်ဘက်နဲ့ ပူးပေါင်းဆောင်ရွက်တာကို အမေရိကန်စစ်ဘက်အနေနဲ့ ရပ်ဆိုင်းရမှာဖြစ်သလို အရင်သမ္မတ ဘရာ့ခ် အိုဘားမား ပြီးခဲ့ တဲ့နှစ်က ရုပ်သိမ်းပေးခဲ့တဲ့ ကျောက်မျက်ကုန်သွယ်ရေးလုပ်ငန်းကိုလဲ ပြန်ပြီး ပိတ်ပင်ကန့်သတ်မှာဖြစ်ပါတယ်။

တိုက်ခိုက်တဲ့အခြေအနေတွေ ရပ်ဆိုင်းသွားတယ်ဆိုရင်တော့ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးအကူအညီတွေ ပေးမှာဖြစ်ပြီး ရိုဟင်ဂျာတွေ နေရပ်ရင်းပြန်ဖို့ကိုလဲ အားပေး လုပ်ဆောင်မှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG