သုံးရလွယ်ကူစေသည့် Link များ

မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးလာကြတဲ့ ဒုက္ခသည် ၅ သိန်းကျော်အတွက် အချက်အလက်တွေကို ကောက်ယူ ပြီးစီးကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအဖွဲ့ UNHCR အဖွဲ့က ပြောကြားလိုက်ပါတယ်။ ဒီဒုက္ခသည်တွေထဲမှာ သုံးပုံတပုံ လောက်ဟာ အန္တရာယ်ကျရောက်ဖို့ လွယ်ကူတဲ့ အကာကွယ်မဲ့တွေ ဖြစ်နေတာမို့ ချက်ချင်း အကူညီပေးဖို့ လိုအပ်နေတယ်လို့လည်း ပြောပါတယ်။

ဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်ကူညီကယ်ဆယ်ရေးနဲ့ နေရပ်ရင်း ပြန်ပို့ရေးဆိုင်ရာ ကော်မရှင်(RRRC) က မိသားစုအလိုက် စာရင်းကောက်ယူ နေသလို ဘင်္ဂလားဒေ့ရှ် လူဝင်မှုကြီးကြပ်ရေးနဲ့ ပတ်စပို့ဌာနကလည်း biometric ခေါ် ဇီဝနည်းပညာဆိုင်ရာ အချက်အလက် တွေကို တဦးချင်းစီ အလိုက် ကောက်ယူနေတာပါ။အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေ စာရင်းကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအဖွဲ့ UNHCR နဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် ကူညီကယ်ဆယ်ရေးနဲ့ နေရပ်ရင်း ပြန်ပို့ရေးဆိုင်ရာ ကော်မရှင် (RRRC) တို့ ပူးတွဲပြီး Kutupalong ဒုက္ခသည် စခန်းနဲ့ စခန်းဘေးက တိုးချဲ့စခန်းတွေအပြင် အခု တောင်ဘက်ကို ထပ်ပြီး တိုးချဲ့နေတဲ့ Balukhali စခန်းတွေမှာ သွားရောက် ကောက်ယူခဲ့ကြတာ ဖြစ်ပါတယ်။ နိုဝင်ဘာလ ရ ရက်နေ့အထိ ဒုက္ခသည် စုစုပေါင်း ၅ သိန်းကျော်ရဲ့ စာရင်းကို ကောက်ယူနိုင်ခဲ့တယ်လို့ UNHCR အဖွဲ့ ပြောခွင့်ရ Duniya Aslam Khan က အင်္ဂါနေ့ ဂျနီဗာမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်း ပွဲမှာ ပြောပါတယ်။

“သန်းကောင်စာရင်း ကောက်ယူဖို့ UNHCR က လူတရာကျော်ကို ငှားလိုက်ပြီး တဲတခုချင်း ဆီကိုသွား စာရင်းကောက်ယူ ခဲ့တာပါ။ အခုထိတော့ အိမ်ထောင်စုပေါင်း တသိန်း ၂ သောင်းမှာ ရှိတဲ့ ဒုက္ခသည်ပေါင်း ၅သိန်း တသောင်း ၇ ထောင်ရဲ့ အချက်အလက်တွေကို ကောက်ယူနိုင်ခဲ့ပါတယ်”

အခု စာရင်းကောက်ယူခဲ့သူတွေဟာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ သြဂုတ်လနှောင်းပိုင်း အကြမ်းဖက်မှုတွေ နောက်ပိုင်း ထွက်ပြေးလာသူတွေရဲ့ ၇၂ ရာခိုင်နှုန်းလောက် ရှိပြီး ကျန်လူတွေကတော့ အရင် ကတည်းက ထွက်ပြေးလာသူတွေ ဖြစ်ကြောင်း ပြောပါတယ်။

အများစုဟာ မောင်တောဒေသကဖြစ်ပြီး ဘူးသီးတောင်နဲ့ ရသေ့တောင်ဒေသတွေကနေ လာရောက်သူတွေလည်း တွေ့ရတယ်လို့ ဆိုပါတယ်။ အချက်အလက်တွေကို GPS နဲ့ ကောက်ယူ နိုင်အောင် စီစဉ်ထားပြီး ကွန်ပြူတာကွန်ယက်နဲ့ မချိတ်မိတဲ့နေရာတွေမှာတောင် mobile data ကောက်ယူနိုင်အောင် ဖန်တီးပေးထားတာမို့ UNHCR ဟာ လိုအပ်တဲ့ အချက်လက်တွေကို ကောက်ယူ နိုင်သလို အမြန်ဆန်းစစ်မှုတွေ လုပ်နိုင်တာပါ။

အခုလို ကောက်ယူမှုတွေကနေ ဒုက္ခသည် သုံးပုံ တပုံလောက်ဟာ အန္တရာယ်ကျရောက်ဖို့ လွယ်ကူတဲ့ အကာကွယ်မဲ့တွေ ဖြစ်နေတာတွေ့ ရတယ်လို့ မစ္စ Khan ကပြောပါတယ်။

“၁၄ ရာခိုင်နှုန်းက ခင်ပွန်းမရှိတော့တဲ့ မိန်းမသားတွေ ဖြစ်နေပြီး ဆိုးဝါးလှတဲ့ ဒုက္ခသည် စခန်းထဲမှာ အထောက်အပံ့ သိပ်မရှိဘဲ မိသားစုမပြိုကွဲအောင် ကြိုးစားနေရသူတွေပါ။ တချို့က ကျန်းမာရေး သိပ်ဆိုးနေတာ ဒါမှမဟုတ် မသန်စွမ်း ဖြစ်နေကြပါတယ်။ နောက် သက်ကြီးရွယ်အိုတွေ ဆိုလည်း ဒုက္ခရောက်လွယ်တဲ့ အကာကွယ်မဲ့သူတွေပါ။ ကလေးငယ်က ၅၄ ရာခိုင်နှုန်း ရှိနေပြီး အုပ်ထိမ်းသူ မရှိတဲ့ ကလေးတွေ၊ မိဘမဲ့တွေ ဖြစ်နေပြီး တချို့ဆို သူတို့ထက်ငယ်တဲ့ ကလေးတွေကို ပြန်ထိန်း နေရသူတွေပါ ပါတယ်။ အမျိုးသမီး က စုစုပေါင်း ၅၂ ရာခိုင်နှုန်း ရှိနေပါတယ်”

ဘင်္ဂလားဒေ့ရှ် နိုင်ငံကို လွန်ခဲ့တဲ့ ၃ လအတွင်း ထွက်ပြေးလာသူတွေနဲ့ ဒီ့အရင်ကတည်းက ထွက်ပြေးလာသူတွေ ထဲမှာ ဒီလို အကာကွယ်မဲ့ ဖြစ်နေတဲ့ ဒုက္ခသည် သုံးပုံတပုံရှိနေပြီး သူတို့အတွက် အထူး အကူအညီတွေ ချက်ချင်းပေးဖို့ လိုအပ်တယ်လို့လည်း မစ္စ Khan က ပြောပါတယ်။ ဒီလို အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ဒါမှမဟုတ် မသန်စွမ်းသူတွေလို အထူး အကူအညီ လိုအပ်နေသူတွေ နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ဘင်္ဂလားဒေ့ရှ် အစိုးရ ဝန်ကြီးဌာနတွေကို မျှဝေပေးခဲ့သလို အခုအချိန်မှာ UNHCR လက်ထောက်အကြီးအကဲ မစ္စတာ Volker Turk ဟာ ဘင်္ဂလားဒေရှ် ဝန်ကြီးဌာနတွေနဲ့ ဆွေးနွေးပြီး ညှိနှိုင်းဆောင်ရွက်နေတာပါ။

UNHCR နဲ့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေပဲ အချက်အလက်တွေကို ကောက်ယူတာ မဟုတ်ပါဘူး။ လူသားချင်း စာနာမှု ဆိုင်ရာ လက်တွဲ လုပ်ဆောင်နေသူတွေ ပါ ပါဝင်ဆောင်ရွက်နေတာ ဖြစ်ပြီး ဒီအထဲမှာ IOM နိုင်ငံတကာ ရွှေ့ပြောင်း အခြေချသူများ ဆိုင်ရာအဖွဲ့ လည်း ပါပါတယ်။ အင်္ဂါနေ့အထိ မြန်မာနိုင်ငံကနေ ထွက်ပြေးလာသူပေါင်း ၆ သိန်းကျော်နေပြီလို့ IOM အဖွဲ့ ပြောခွင့်ရ Joel Millman ကပြောပါတယ်။

“နိုဝင်ဘာ ၇ ရက်နေ့က အထိ ၃ ရက်တာ ကာလအတွင်း Cox’s Bazar ကို ရောက်လာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်ပေါင်း ၂၂၅၀ ရှိပါတယ်။ သြဂုတ်လ ၂၅ ရက် ကစလို့ ဒီကိုရောက်လာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် စုစုပေါင်းဟာ ၆ သိန်း တသောင်း တထောင် ရှိပြီ ဖြစ်ပါတယ်။ အဲဒီမှာ ရောက်နေတဲ့ IOM ကိုယ်စားလှယ် ပြောပြချက်အရ နယ်စပ်နဲ့ ဝေးပြီး မြန်မာနိုင်ငံမှာ ပိတ်မိနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေဟာ အခု Cox’s Bazar ကို ဘေးကင်းစွာ ရောက်လာကြတယ်လို့ သိရပါတယ်။ နိုဝင်ဘာ ၂ ရက်နေ ၆ ရက် အထိ Balukhali ဒေသကို ရိုဟင်ဂျာ ဒုက္ခသည်ပေါင်း ၄၅၀၀ လောက် ရောက်လာကြပါပြီ။ အဲဒီဒေသမှာ မိသားစု ၂၅၀၀ ကို အိမ်နေရာ ချထားရေး အတွက် ဘင်္ဂလားဒေ့ရှ် အစိုးရကို IOM က ကူညီနေပါတယ်”

RRRC နဲ့ UNHCR တို့ဟာ လာမယ့် သီတင်းပတ်တွေမှာ တောင်ပိုင်း Teknaf အထိဆက်သွားပြီး စာရင်းကောက်ယူမှာလည်း ဖြစ်ပါတယ်။ အခုလို စာရင်းကောက်ယူမှုကို RRRC က ဒုက္ခသည်တွေကို မိသားစု အလိုက် ကောက်ယူနေချိန်မှာပဲ ဘင်္ဂလားဒေ့ရှ် လူဝင်မှုကြီးကြပ်ရေးနဲ့ ပတ်စပို့ဌာနက biometric ခေါ် ဇီဝနည်းပညာနဲ့ အချက်အလက် တွေကို တဦးချင်းစီအလိုက် ကောက်ယူနေတာ ဖြစ်ပါတယ်။

XS
SM
MD
LG