သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလ လက်ထောက်မဟာမင်းကြီးခရီးစဉ်နဲ့ ရိုဟင်ဂျာဒုက္ခသည် အခြေအနေ


ရခိုင်ပြည်နယ်မြောက်ပိုင်းက အကြမ်းဖက်ဖြစ်ရပ်တွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးခဲ့ရတဲ့ ရိုဟင်ဂျာ မူစလင် ဒုက္ခသည်တွေ လုံခြုံအေးချမ်းစွာ နေရပ်ပြန်နိုင်ရေးနဲ့ လိုအပ်သူတွေထံ အကူအညီတွေ အတားအဆီးမရှိ ပေးနိုင်ဖို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ လက်ထောက်မဟာမင်းကြီး မစ္စတာ Volker Turk က မြန်မာအစိုးရကို တိုက်တွန်း လိုက်ပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးမှာရော၊ ဒုက္ခသည်တွေအတွက် စာနာမှုအကူအညီတွေ ပေးအပ်နိုင်ရေး ကြိုးပမ်းမှုတွေမှာ ထူးထူးခြားခြား တိုးတက်လာတာ မရှိသေးဘူးလို့ UNHCR ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ပြောခွင့်ရ Vivian Tan က ပြောပါတယ်။ မခင်ဖြူထွေးက ဆက်သွယ်မေးမြန်းထားပါတယ်။

မခင်ဖြူထွေး။ ။ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ လက်ထောက်မဟာမင်းကြီး မစ္စတာ Volker Turk မြန်မာနိုင်ငံကို နှစ်ရက်ကြာ သွားရောက်ခဲ့ပြီးတော့ ရိုဟင်ဂျာမူစလင်ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးနဲ့ ဒုက္ခသည်တွေအတွက် စာနာမှုအကူအညီတွေ ပေးအပ်နိုင်ရေး အတွက် မြန်မာအစိုးရ အရာရှိတွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး အလားအလာ က နီးပါပြီလား။ ဘယ်လို အခြေအနေ ရှိပါလဲ။

Vivian Tan ။ ။ “သူ့အနေနဲ့ ဆွေးနွေးတယ်ဆိုတာက ဘယ်လို ဘယ်ပုံ ဆောင်ရွက်ကြမယ်ဆိုတာတွေ အသေးစိတ် ဆွေးနွေးတာမျိုး မဟုတ်ပါဘူး။ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ဖို့အတွက် နှစ်နိုင်ငံအစိုးရတွေအကြား ဆွေးနွေးမှုတွေနဲ့ အစီအစဉ် ချမှတ်ဆောင်ရွက်တာတွေမှာ UNHCR မပါဝင်ပါဘူး။ လောလောဆယ်မှာတော့ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးနဲ့ပတ်သက်ပြီး ထူးထူးခြားခြား အပြောင်းအလဲ ရှိတယ်လို့ ကျမ မထင်ပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး မစ္စတာ Turk အနေနဲ့လည်း ထုတ်ပြန်ပြောဆိုစရာ အကြောင်းအရာသစ် မရှိပါဘူး။ အလားအလာ ကောင်းတယ် မကောင်းဘူးပြောရလောက်အောင် သူ့မှာ အချက်အလက် လုံလုံလောက်လောက်ရှိလိမ့်မယ်လို့ မထင်ပါဘူး။”

မခင်ဖြူထွေး။ ။ ဒါပေမဲ့ ဒီ ဒုက္ခသည်တွေ နေရပ်ပြန်ပို့ဖို့ကိစ္စနဲ့ ပတ်သက်ပြီးတော့ပဲ UNHCR က မစ္စတာ Turk နဲ့ မြန်မာအစိုးရ အရာရှိတွေ အောက်တိုဘာလ ၃၁ ရက်နေ့က ပူးတွဲ ဆွေးနွေးပွဲ လုပ်ခဲ့ကြတာ မဟုတ်ဘူးလားရှင့်။

Vivian Tan ။ ။ “အဲဒီဆွေးနွေးပွဲက မြန်မာအစိုးရဘက်က တောင်းဆိုလို့ လုပ်ခဲ့တာပါ။ ဒုက္ခသည်တွေကို သူ့တို့အလိုဆန္ဒနဲ့အညီ နေရပ်ပြန်ပို့မှုတွေကို နိုင်ငံတကာ စံနှုန်းနဲ့အညီ ဘယ်လို ဆောင်ရွက်ကြတယ် ဆိုတာတွေကို ရှင်းလင်း ပြောဆိုတာမျိုးပါ။ စောစောက ပြောခဲ့သလိုပါပဲ… ဒီဆွေးနွေးပွဲက ဒုက္ခတွေ နေရပ်ပြန်မယ့် အစီအစဉ်ကို ဆွေးနွေးတာ မဟုတ်သလို၊ ဘယ်အချိန်မှာ ဘယ်လိုပုံစံနဲ့ ဒုက္ခသည် ဘယ်နှစ်ယောက်ကို ပြန်လည် နေရာချထားမယ် ဆိုတဲ့အချက်အလက်တွေကို မြန်မာအစိုးရဘက်က UNHCR ကို ပြောဆိုတာလည်း မရှိပါဘူး။ ဒါက တကယ့်ကို ယေဘုယျဆန်တဲ့ ဆွေးနွေးမှုပါ။ ဒုက္ခသည်တွေ နေရပ်ပြန်ပို့ရာမှာ ဘယ်လို စံနှုန်းတွေရှိတယ်ဆိုတာကိုပဲ ဆွေးနွေးကြတာဖြစ်ပါတယ်။ ဆိုတော့ အသေးစိတ်ကိစ္စတွေနဲ့ ပတ်သက်လာရင် နှစ်နိုင်ငံအစိုးရတွေနဲ့ပဲ ဆိုင်ပါတယ်။”

မခင်ဖြူထွေး။ ။ အခု ဒုက္ခသည်တွေ နေရပ်ပြန်လည် ခေါ်ယူရေးနဲ့ပတ်သက်ပြီး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရကြားမှာ အပြန်အလှန် စွပ်စွဲ ပြောဆိုနေတာတွေ ရှိပါတယ်။ မြန်မာဘက်က ဒုက္ခသည်တွေ ပြန်ခေါ်ဖို့ အဆင့်သင့်ဖြစ်ပေမဲ့ ဘင်္ဂလားဒေ့ရှ်ဘက်က အချိန်ဆွဲနေတာလို့ မြန်မာဘက်က ပြောတာ ရှိသလို၊ ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း သူတို့တောင်းဆိုထားတဲ့ အချက်တွေကို မြန်မာဘက်က မလိုက်လျောလာသေးဘူး ဆိုတာမျိုးတွေနဲ့ အပြန်အလှန် အငြင်းပွားနေကြတာရှိပါတယ်။ သိပ်မကြာခင်ကပဲ မြန်မာအစိုးရ တာဝန်ရှိသူတဦး ပြောသွားတာက ဘင်္ဂလားဒေ့ရှ်ဘက်ကနေ ဒုက္ခသည်စာရင်း ရဖို့ စောင့်နေရတာလို့ ဆိုပါတယ်။ ဆိုတော့ ဒီလို ဒုက္ခသည်စာရင်းလို ကိစ္စတွေမှာရော UNHCR က ကူညီ ဆောင်ရွက်နေတာ မရှိဘူးလားရှင့်။

Vivian Tan ။ ။ “လတ်တလောမှာကိုပဲ ဘင်္ဂလားဒေ့ရှ်ကို ထပ်ရောက်လာတဲ့ ဒုက္ခသည် ၂,၅၀၀ ရှိပါတယ်။ ဒုက္ခသည် စာရင်းကောက်ယူတာနဲ့ ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဌာနက လုပ်ဆောင်နေတာတွေ ရှိပါတယ်။ လက်ဗွေနဲ့ အချက်အလက်တွေ ယူပြီး စာရင်းပြုစုတာမျိုးတွေပါ။ UNHCR အနေနဲ့ကတော့ တခြား အစိုးရဌာနတခုနဲ့အတူ ပူးပေါင်းပြီး စာရင်းယူတာ ရှိပါတယ်။ မိသားစု ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးနိုင်ဖို့ကနေ အချက်အလက် ရယူတာတွေ ပါပါတယ်။ ဒါပေမဲ့ ဒုက္ခသည်တွေ နေရပ်ပြန်ပို့ဖို့အတွက် ဆိုပြီး သီးသန့် စာရင်းပြုစု ကောက်ယူတာမျိုးတော့ မရှိသေးပါဘူး။”

မခင်ဖြူထွေး။ ။ စောစောကပြောတဲ့အထဲမှာ ဒုက္ခသည်အသစ်တွေအကြောင်း ပြောသွားတာ ပါပါတယ်။ ဒုက္ခသည်တွေ အခုထိ လောလောလတ်လတ်ကို ရောက်လာနေတာမျိုးလား။ -

Vivian Tan ။ ။ “ဟုတ်ပါတယ်။ မကြာခင်ရက်က နောက်ဆုံး ရောက်လာတာကိုပဲ ၂၅၀၀ လောက် ရှိပါတယ်။ နယ်စပ်ဝင်ပေါက် တခုတည်းကနေ ရောက်လာကြတာပါ။”

မခင်ဖြူထွေး။ ။ဒါနဲ့ ဒုက္ခသည်တွေအတွက် လိုအပ်တဲ့ စာနာမှုအကူအညီတွေ ပေးတဲ့နေရာမှာရော တိုးတက်မှုတွေ ရှိပါသလား။-

Vivian Tan ။ ။ “UNHCR အနေနဲ့ သိထားသလောက်ကတော့ ပြောင်းလဲတိုးတက်လာတာ မရှိပါဘူး။ စာနာမှုအကူအညီတွေ ပေးခွင့်ပြုဖို့ ဆက်လက် တောင်းဆိုထားသလို၊ ပေးခွင့်မရသေးပါဘူး။”

မခင်ဖြူထွေး။ ။မြန်မာအစိုးရအနေနဲ့ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်မှု လုံလုံလောက်လောက် မရှိဘူးလို့ ထင်ပါသလား။ -

Vivian Tan ။ ။ “အဲဒါက ပြောဖို့ခက်ပါတယ်။ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ပတ်သက်တဲ့ နောက်ဆုံးအခြေအနေ ကျမ သေချာမသိပါဘူး။ ကျမရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို မေးပြီးမှပဲ သိမှာပါ။”

မခင်ဖြူထွေး။ ။အခုနောက်ဆုံး ဒုက္ခသည်အရေအတွက်နဲ့ UNHCR က ကူညီပေးနေတဲ့ အခြေအနေ နည်းနည်း ပြောပြပေးပါ။

Vivian Tan ။ ။ “ဒီနေ့ပဲ ကျမတို့ ဒုက္ခသည် ထောင်နဲ့ချီကို နေရာသစ်တခုကို ပြောင်းရွေ့ပေးခဲ့ပါတယ်။ သူတို့အတွက် နေရာထိုင်ခင်း ဆောက်ပြီး နေနိုင်မယ့်နေရာကိုပါ။ နောက်ဆုံး ဒုက္ခသည်အရေအတွက်ကို ပြောရရင်တော့ ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့ကစလို့ ထွက်ပြေးလာတဲ့ ခန့်မှန်းချေ ဒုက္ခသည်စုစုပေါင်းက ၆ သိန်း ၇ သောင်း ကျော်သွားပါပြီ။”

UNHCR ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ပြောခွင့်ရ Vivian Tan ကို မခင်ဖြူထွေးက ဆက်သွယ်မေးမြန်းထားတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG