သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ် ထွက်ပြေးသူ ၆၀,၇၀၀၀ ရှိကြောင်း ကုလသတင်းထုတ်ပြန်


ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးလာသူများ
ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးလာသူများ

ရခိုင်ပြည်နယ်က မတည်မငြိမ် အခြေအနေတွေကြောင့်ဆိုပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ရိုဟင်ဂျာတွေ ဆက်လက် ထွက်ပြေးနေကြောင်း ကုလသမဂ္ဂက ပြောဆိုလိုက်ပါတယ်။ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ တကျော့ပြန် ပေါ်ပေါက်ခဲ့တာ ၂ လကျော်ကြာလာပေမဲ့လည်း ဆက်လက် ထွက်ပြေးသူတွေ ရှိနေဆဲ ဖြစ်တဲ့အကြောင်း ဒေသခံတွေနဲ့ အာဏာပိုင်တချို့ကလည်း ပြောဆိုနေကြတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ကိုဉာဏ်ဝင်းအောင် က တင်ပြပေးမှာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ ARSA အစွန်းရောက်အဖွဲ့က လုံခြုံရေးကင်းစခန်း ၃၀ လောက်ကို တိုက်ခိုက်ခဲ့ပြီးနောက် မတည်မငြိမ် အခြေအနေတွေ တကျော့ပြန် ပေါ်ပေါက်ခဲ့တာ ၂ လကျော်ကြာလာတဲ့အထိ ရိုဟင်ဂျာဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ဆက်လက် ထွက်ပြေးနေကြတာပါ။ ဒုက္ခသည်တွေ ဆက်လက် ထွက်ပြေးနေတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရပုဂ္ဂိုလ် Stephane Dujarric ကလည်း မနေ့တုန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။

“ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးရုံး - UNOCHA ရဲ့ ပြောကြားချက်အရ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးလာ ကြတဲ့ ဒုက္ခသည် အရေအတွက်ဟာ ၆၀၇,၀၀၀ ရှိသွားပြီ ဖြစ်ပါတယ်။ ဒီဒုက္ခသည် ထက်ဝက်ကျော်ဟာ မူလက ရောက်နေကြတဲ့ ဒုက္ခသည်တွေ ယာယီ တဲထိုးပြီး နေထိုင်နေကြတဲ့ Kutupalong တိုးချဲ့ ဒေသနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရက သတ်မှတ်ပေးထားတဲ့ မလှမ်းမကမ်း ဒေသမှာ နေထိုင်နေကြပါတယ်။”

မြန်မာအာဏာပိုင်တွေကတော့ စားနပ်ရိက္ခာနဲ့ လုံခြုံရေးအတွက် တာဝန်ယူမှာဖြစ်ကြောင်းနဲ့ နေရပ်ရင်းကို မစွန့်ကြဖို့ တိုက်တွန်းထားကြောင်းလည်း ပြောဆိုထားတာပါ။ ဒါပေမဲ့လည်း ကန့်သတ်မှုတွေ၊ အခြေခံလိုအပ်ချက်တွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဆက်လက်ထွက်ပြေးနေရတာ ဖြစ်ကြောင်း မောင်တောမြို့နယ် မြို့သူကြီးကျေးရွာက မွတ်ဆလင် ဒေသခံတဦးဖြစ်သူ ကိုလှထွန်းက ပြောပါတယ်။

“ဆက်ထွက်နေတုန်းပဲဆိုတာက ကျနော်တို့ ဘူးသီးတောင်ဘက်ကများတယ်။ ဘူးသီးတောင်က ဒီဘက်လာပြီးတော့ ဘင်္ဂလားသွားဖို့ ၊ သူတို့အဲလို သွားလည်းမသွားနိုင်ဘူး။ ဒီဘက်ကမ်းခြေမှာ သောင်တင်နေတယ် ၊ မောင်တောဘက်ကလည်း နည်းနည်းထွက်နေတာရှိတယ်။ ကျနော်တို့ အေးဆေးနေခွင့်မှမရတာ အေးဆေးနေခွင့်ရရင် ဘယ်သူက ကိုယ့်အိမ်ကို စွန့်ခွာပြီးတော့ ထွက်ပြေးချင်မှာမဟုတ်ဘူး ကျနော်တို့က အခု ပြဿနာဖြစ်သွားတာက အခု ၂ လကျော်ပြီ။ ဒါပေမယ့် သူတို့က အခုအထိ အသွားအလာလည်း ကန့်သတ်ထားတယ်။ ပြီးတော့ လူတွေက စားရေးသောက်ရေးမှာလည်းတော်တော် အခက်အခဲကြုံနေရာတာတွေရှိတယ်။ ဆိုတော့ လူတွေထွက်ပြေးနေတဲ့ဟာမှာ စားရေးသောက်ရေးအခက်အခဲနဲ့ ထွက်ပြေးနေတာလည်းရှိတယ်။ ပြီးတော့ NVC ကိစ္စနဲ့ ထွက်ပြေးနေတာလည်းရှိတယ် အခု။”

မောင်တောမြို့နယ် ကျီးကန်းပြင်မှာရှိတဲ့ အမှတ်(၁)နယ်ခြားစောင့်တပ် ရဲမှူးကြီး ဝင်းသိန်းက ကတော့ နေရပ်စွန့်ခွာ ထွက်ပြေးနေသူတွေ ရှိနေဆဲ ဖြစ်ပေမဲ့၊ နေရပ်ရင်းမှာ ဆက်လက်နေထိုင်သူတွေလည်း အများအပြား ရှိနေဆဲဖြစ်ကြောင်း ပြောဆိုခဲ့တာပါ။

“သူတို့သွားတဲ့လူကလည်း သွားတယ်နော်၊ မသွားပဲနဲ့ နေတဲ့လူတွေလည်းရှိတယ်။ ဥပမာပေါ့ဗျာ ၁၀၀၀ ရှိတယ်။ ၅၀၀ က ထွက်သွားတယ်၊ ၅၀၀ ကျန်တယ် အဲဒီလိုမျိုးပေါ့ ချီတုံချတုံ ဖြစ်တာတွေလည်းရှိတယ်။ အဲလိုမျိုးပေါ့ မောင်တောမှာလည်းလက်ရှိ ဒီမြို့ထဲမှာလည်း အစ္စလာမ်တွေလေ ဆေးဆိုင်လေးတွေဖွင့်ထားတာ ကျနော်တွေ့ရတယ်။ သွားနေတဲ့လူတွေလည်းရှိနေတုန်းပဲပေါ့နော် ။ ကျနော်သိသလောက်လောလောဆည်တော့ ပြန်လည်လက်ခံမယ်လို့တော့ ပြောတယ်။ လက်ခံပြီး ဘယ်လောက်ဘယ်လောက် ဆိုတာကတော့ ကျနော်တို့လောလောဆည်မရှိသေးဘူးခင်ဗျ။”

မြန်မာအစိုးရကတော့ ထွက်ပြေးသွားသူတွေကို ပြန်လည်စိစစ်လက်ခံဖို့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေနဲ့ ဆွေးနွေးနေဆဲဖြစ်ပြီး၊ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေး ဝန်ကြီး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ မြန်မာတာဝန်ရှိသူတွေကြား နားလည်မှု စာချွန်လွှာ ၂ ရပ်နဲ့ အချက် ၁၀ ချက်ကို လက်မှတ်ရေးထိုး သဘောတူခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG