သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု မူကြမ်း ကန်လွှတ်တော်မှာ ချန်ထားခံရ


၀ဲမှာ ယာ- Sen. Cory Booker, D-N.J., Sen. Robert Menendez, D-N.J., Sen. Ben Cardin, D-Md., and Sen. Richard Durbin, D-Ill.,
၀ဲမှာ ယာ- Sen. Cory Booker, D-N.J., Sen. Robert Menendez, D-N.J., Sen. Ben Cardin, D-Md., and Sen. Richard Durbin, D-Ill.,

၂၀၁၉ ခုနှစ်အတွက် အမေရိကန်ပြည်ထောင်စု၊ ကာကွယ်ရေးအသုံးစရိတ်ဆိုင်ရာ ဥပဒေမူကြမ်း NDAA ထဲမှာ မြန်မာနိုင်ငံအပေါ် အရေးယူရေးနဲ့ဆိုင်တဲ့အပိုဒ်တွေ ပါမလာတော့ဘဲ ချန်ထားတဲ့အပေါ် အထက်လွှတ်တော်၊ လူနည်းစု စည်းကမ်းထိန်းသိမ်းရေး ခေါင်းဆောင် ဒီမိုကရက်အထက်လွှတ်တော်အမတ် Richard Durbin က သောကြာနေ့ လွှတ်တော်အစည်းအဝေးအတွင်း ဝေဖန် ပြောဆိုတယ်လို့ ဝါရှင်တန် ဒီစီအခြေစိုက် Roll Call သတင်းဌာနရဲ့ သတင်းတပုဒ်မှာ ရေးထားပါတယ်။

“မြန်မာနိုင်ငံနဲ့ လုံခြုံရေးပိုင်း ပူးပေါင်းဆောင်ရွက်မှုမလုပ်ဖို့၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တာဝန်ရှိတဲ့ မြန်မာတာဝန်ရှိ သူတွေအပေါ် ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်ဖို့၊ လူနည်းစုရိုဟင်ဂျာတွေကို ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်မှုတွေဟာ လူမျိုးစု အလိုက် ရှင်းလင်းဖယ်ရှားမှု၊ လူသားထုအပေါ် ဆန့်ကျင်ကျူးလွန်တဲ့ ရာဇဝတ်မှု ဒါမှမဟုတ် လူမျိုးတုန်း သုတ်သင်ရှင်းလင်းမှု မြောက်တယ် မမြောက်ဘူးဆိုတာ နိုင်ငံခြားရေးဌာနက ဆန်းစစ် သတ်မှတ်ဖို့ စတဲ့ပြဌာန်းချက်တွေ အောက်လွှတ်တော် ဥပဒေ မူကြမ်းထဲမှာ ပါဝင်ပါတယ်” လို့ မစ္စတာ Durbin ကပြောပါတယ်။ မစ္စတာ Durbin ပြောတဲ့ထဲမှာပါတဲ့ ရိုဟင်ဂျာဆိုတဲ့ အသုံး အနှုန်းကို မြန်မာအစိုးရကတော့ အသိအမှတ်မပြုပါဘူး။

အထက်လွှတ်တော် လက်နက်ကိုင်တပ်ဖွဲ့များရေးရာကော်မတီဥက္ကဌ၊ ဝါရင့်အထက်လွှတ်တော်အမတ် John McCain နဲ့ အထက်လွှတ်တော်အမတ် Benjamin Cardin တို့ ပူးတွဲရေးသားတဲ့ အလားတူ ဥပဒေမူကြမ်းတရပ်ကိုလည်း အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီက အတည်ပြုထားတာပါ။

ပုံမှန်အားဖြင့်ဆိုရင် အထက်လွှတ်တော်အမတ် John McCain ထောက်ခံထားတဲ့ ကိစ္စရပ်တွေကို ကာကွယ်ရေးဆိုင်ရာ မူကြမ်းထဲကနေ ဖယ်ထုတ်ပစ်လေ့မရှိဘဲ အထူးသဖြင့် အခုလို သူကိုယ်တိုင် ပါဝင်လုပ်ဆောင်တားတာမျိုးဆိုရင် ဖယ်ပစ်လေ့ မရှိပါဘူး။ ဒါပေမဲ့လည်း မြန်မာနိုင်ငံနဲ့ ပတ်သက်လာတာကြောင့် ဒီကိစ္စဟာ ပြောင်းလဲသွားပုံရပါတယ်။

အထက်လွှတ်တော် လူများစုခေါင်းဆောင် Mitch McConnell ကြောင့် အောက်လွှတ်တော်မူကြမ်းထဲက ပြဌာန်းချက်တွေ ဆက်ပြီးပါမလာတော့တဲ့ သဘောမျိုး မစ္စတာ Durbin က ရည်ညွှန်းပြောဆိုပါတယ်။

မစ္စတာ Durbin လွှတ်တော်မှာ စကားပြောပြီးတဲ့နောက် အောက်လွှတ်တော် လက်ထောက်တဦးက “NDAA ထဲမှာ မြန်မာနိုင်ငံ အပေါ် ဒဏ်ခတ်အရေးယူမှုတွေ မပါရဘူးဆိုတာ အထက်လွှတ်တော် လူများစုခေါင်းဆောင်က အခိုင်အမာပြောထားပါတယ်” လို့ Roll Call သတင်းဌာနကို အတည်ပြု ပြောဆိုပါတယ်။

အထက်လွှတ်တော် လူများစုခေါင်းဆောင် ရီပတ်ဘလီကန် ဝါရင့်အထက်လွှတ်တော်အမတ် Mitch McConnell ဟာ မြန်မာ့ အရေးကို နှစ်ပေါင်းများစွာ ပါဝင်လုပ်ဆောင်လာသူဖြစ်သလို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အခိုင်အမာ ထောက်ခံသူတဦးဖြစ်ပြီးတော့ မကြာသေးခင်နှစ်တွေအတွင်း နိုင်ငံတကာက ဒေါ်အောင်ဆန်းစုကြည်အပေါ် ဝေဖန်ပြောဆိုတာ တွေ မြင့်တက်လာချိန်မှာတောင်မှ ခုခံကာကွယ်ပြောဆိုပေးသူဖြစ်ပါတယ်။

ဒီဥပဒေမူကြမ်းကို လာမယ့်ကြာသပတေးနေ့ အထက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ဖွယ်ရှိတယ်လို့ အထက်လွှတ်တော်အမတ် James M. Inhofe ကပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG