အမေရိကန်၊ ကနေဒါ၊ ဩစတြေးလျတို့နဲ့အတူ ဖိလစ်ပိုင်နိုင်ငံက ၂ ရက်ကြာ ရေကြောင်းနဲ့ လေကြာင်းဆိုင်ရာ စစ်ရေးလေ့ကျင့်မှုတွေ ဒီကနေ့ ဩဂုတ်လ ၇ ရက်နေ့မှာ စတင်ပြုလုပ်ကြောင်း ပူးတွဲ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ တောင်တရုတ်ပင်လယ်ပြင်အတွင်း ပိုင်ဆိုင်မှုဆိုင်ရာ ကိစ္စတွေမှာ ဖိအားပေး လုပ်ဆောင်လာနေချိန်မှာဘဲ ဒီ ပူးတွဲ စစ်ရေးလေ့ကျင့်မှု ပြုလုပ်တာ ဖြစ်ပါတယ်။
ဖိလစ်ပိုင်နိုင်ငံရဲ့ အထူးစီးပွားရေး ရေပိုင်နက်ဇုံအတွင်းမှာ ပြုလုပ်သွားမယ့် ဒီ ပူးတွဲ စစ်ရေးလေ့ကျင့်မှုဟာ အင်ဒို-ပစိဖိတ် ဒေသအတွင်း လွတ်လပ် ပွင့်လင်းမှုရှိရေး ဒေသတွင်းနဲ့ နိုင်ငံတကာတို့ရဲ့ ပူးပေါင်း စွမ်းအားတွေနဲ့ လက်တွဲ လုပ်ဆောင်သွားမယ်ဆိုတာကို ထပ်လောင်း ပြသခြင်းဖြစ်ကြောင်း ဒီ စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်တဲ့ ၄ နိုင်ငံက ထိပ်တန်း စစ်ဘက်အရာရှိတွေ ပူးတွဲ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
တောင်တရုတ်ပင်လယ်ပြင်အရေးကိစ္စနဲ့ပတ်သက်လို့ တရုတ်နိုင်ငံက ထိုင်ဝမ်ကျွန်းအပေါ် ရန်လိုတဲ့လုပ်ရပ်တွေ လုပ်ဆောင်လာနေတာကြောင့် အဲဒီ ပဋိပက္ခထဲ အမေရိကန်ပါ ပါဝင်လာမယ့်အရေး စိုးရိမ်မှုတွေ ထွက်ပေါ်လာနေချိန်မှာ ဒီ ၄ နိုင်ငံ ပူးတွဲ စစ်ရေးလေ့ကျင့်မှု ပြုလုပ်တာလည်း ဖြစ်ပါတယ်။
တောင်တရုတ်ပင်လယ်ပြင်အတွင်းက ရေပိုင်နက် အများစုကို သူတို့ပိုင်ဆိုင်ကြောင်း တရုတ်တို့က ပြောဆိုနေတဲ့အပေါ် နိုင်ငံတကာခုံရုံးက အခြေအမြစ်မရှိတဲ့ ပြောဆိုချက်အဖြစ်နဲ့ ပယ်ချထားတဲ့ကြားကဘဲ တရုတ်တို့က ဒေသတွင်းနိုင်ငံတွေနဲ့ ပိုင်ဆိုင်မှုကိစ္စ ဆက်လက် အငြင်းပွားနေတာပါ။
ပြီးခဲ့တဲ့ သီတင်းအတွင်းမှာလည်း ဖိလစ်ပိုင်နိုင်ငံက တောင်တရုတ်ပင်လယ်ပြင်အတွင်း အမေရိကန်၊ ဂျပန်တို့နဲ့ သီးခြားစီ ပူးတွဲ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ပါတယ်။
Forum