သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံထားရတဲ့ သတင်းထောက်တချို့ ထောင်တွင်း ယာယီတရားရုံးမှာ စစ်ဆေး


ဖေဖော်ဝါရီ ၂၇ ရက်နေ့က Myanmar Now သတင်းထောက် မကေဇင်နွေး ဖမ်းဆီးခံခဲ့ရတဲ့ မြင်ကွင်း။ (ဖေဖော်ဝါရီ ၂၇၊ ၂၀၂၁)
ဖေဖော်ဝါရီ ၂၇ ရက်နေ့က Myanmar Now သတင်းထောက် မကေဇင်နွေး ဖမ်းဆီးခံခဲ့ရတဲ့ မြင်ကွင်း။ (ဖေဖော်ဝါရီ ၂၇၊ ၂၀၂၁)

[Zawgyi/Unicode]

ရန်ကုန်က ဆန္ဒပြပွဲတွေမှာ သတင်းရယူရင်း ဖမ်းဆီးခံခဲ့ရတဲ့ သတင်းထောက်တချို့ ဒီကနေ့ ထောင်တွင်း ယာယီတရားရုံးမှာ ရုံးထုတ် စစ်ဆေးခဲ့သလို နယ်သတင်းထောက်တချို့လည်း ဒီကနေ့ ထပ်မံ ဖမ်းဆီးခံခဲ့ရပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေသတင်းထောက် မဆုမွန်ကပြောပြပေးပါမယ်။

ရန်ကုန်က အာဏာသိမ်းမှု ကန့်ကွက်ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေကို အကြမ်းဖက်ဖြိုခွဲမှုတွေနဲ့ ပတ်သတ်ပြီး သတင်းရယူနေရင်း သတင်းထောက် ၆ ဦး ဖမ်းဆီးခံခဲ့ရတာပါ။ ဒီသတင်းထောက် ၆ ဦးထဲမှာ မနေ့ ကတော့ AP သတင်းဌာနက ဦးသိန်းဇော်လွှတ်ခဲ့ပါတယ်။ ကျန် ၅ ယောက်ကို ပြီးခဲ့တဲ့ရက်ပိုင်းက ပုဒ်မ ၅၀၅ (က) ဆိုတဲ့ တပ်မတော်ပြိုကွဲအောင် လှုံ့ဆော်မှု/လုပ်ဆောင်မှု ပုဒ်မနဲ့ တရားစွဲထားပါတယ်။

ဒီနေ့ မတ် ၂၅ ရက်နေ့ မှာ ဖမ်းဆီးခံ သတင်းသမားတွေထဲက မြန်မာနောင်း သတင်းထောက် မကေဇင်နွေးကို ထောင်တွင်းယာယီတရားရုံးမှာပဲ ရုံးထုတ် စစ်ဆေးခဲ့တယ်လို့ တရားလွှတ်တော်ရှေ့နေ ဒေါ်နီလာခိုင်က ဗွီအိုအေကိုပြောပါတယ်။

"ဒါ ဒီနေ့က အမှုညွှန်ကြားချက်၊ ဖြစ်စဉ်အကြောင်းအရာလေးကို ကျမသူနဲ့ မတွေ့ရသေးတဲ့အတွက် အဲဒါလေး ကျမတွေ့ပြီးတော့ တောင်းတယ်။ ပေးတွေ့တယ်။ သူနဲ့ ကျမ အမှုဖြစ်စဉ်လေးတွေ မေးဖြစ်တယ်ပေါ့နော်။ ဒီနေ့လုပ်ဆောင်ချက်ကတော့ အဲဒီလောက်ပဲရှင့်။ နောက်ရုံးချိန်းက ပြန်ချိန်းထားတယ်။ ၈ ရက်နေ့ ပြန်ချိန်းထားတယ်ရှင့်။ အမှု ပုဒ်မကတော့ ၅၀၅ (က) နဲ့ပဲပေါ့နော်။ သတင်းရယူတယ်၊ သတင်းရယူရင်းနဲ့ ပြည်သူကိုလှုံ့ဆော်တယ်။ ဒါကြောင့်မို့လို့ ၅၀၅ (က) နဲ့ စွဲတယ်ဆိုပြီးတော့ တရားလိုကနေပြီးတော့ တိုင်စာမှာရေးထားတာတော့ မိတ္တူကူးချက်အရသိရတယ်။ သတင်းသမားက မီဒီယာဥပဒေနဲ့တော့ ကျမတို့ ချေပရမှာပေါ့။"

မကေဇင်နွေးလိုပဲ ဒီကနေ့မှာ အလွတ်တန်းသတင်းထောက် ဦးစိုးရာဇာထွန်း ကိုလည်း ရုံးထုတ်ခဲ့ပြီး သူ့ကိုတော့ လာမယ့် ဧပြီ ၈ရက်နေ့မှာ ထပ်မံရုံးထုတ်သွားမှာပါ။ သူ့ကိုလည်း မကေဇင်နွေးတို့လိုပဲ ပုဒ်မ ၅၀၅ (က)နဲ့ တရားဆွဲခံထားရတာ ဖြစ်ပါတယ်။

ကမာရွတ်မြို့မရဲစခန်းက ဒုရဲမှူးမျိုးဦးကနေ တရားလိုလုပ်ပြီး ဦးသိန်းဇော်အပါအဝင် 7Days သတင်းဌာနက သတင်းထောက် ဦးအောင်ရဲကို၊ ဇီးကွက်သတင်းဌာနက သတင်းထောက် ဦးဟိန်းပြည့်ဇော်၊ အလွတ်တန်း သတင်းထောက် ဦးဗညားဦး၊ MPA သတင်းဌာနက ဦးရဲမျိုးခန့်တို့ကို ရုံးထုတ်ခဲ့ရာမှာတော့ ဦးသိန်းဇော်တယောက်ကိုပဲ အမှုပိတ်သိမ်းပေးပြီး ကျန်သတင်းထောက်တွေကိုတော့ မူလအတိုင်း တရားဆက်ပြီးတော့ စွဲဆိုထားတာဖြစ်ပါတယ်။

သူတို့လိုပဲ တခြားပြည်နယ်တိုင်းတွေဖြစ်တဲ့ နေပြည်တော်၊ ပုသိမ်မြို့၊ မြိတ်မြို့၊ ပြည်မြို့၊ ပဲခူးမြို့တို့မှာလည်း ဖမ်းဆီးခံထားရသူတွေရှိသလို အလွတ်တန်း ဓာတ်ပုံသတင်းထောက် အပါအဝင် တခြား သတင်းထောက်တချို့၊ အယ်ဒီတာချုပ်နဲ့ သတင်းတိုက်တွဲဖက်တည်ထောင်သူတချို့လည်း ဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။

ဒီကနေ့မနက် လင်းအားကြီးအချိန်မှာပဲ ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ အခြေစိုက် ကမ္ဘောဇတိုင်းသတင်းဌာန တာဝန်ခံ အယ်ဒီတာနဲ့ သတင်းထောက် အပါအဝင် လေး ဦးကို စစ်အုပ်ချုပ်ရေးကောင်စီရဲ့ လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ စစ်တပ်နဲ့ ရဲလုံခြုံရေးတို့က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ အဲဒီသတင်းဌာန တာဝန်ခံအယ်ဒီတာချုပ်က ဗွီအိုအေကိုပြောပြပါတယ်။

ဖမ်းဆီးခံရသူတွေဟာ ဟိုပုံးမြို့က ရုံးခွဲမှာ တာဝန်ထမ်းဆောင်နေတဲ့ တာဝန်ခံ အယ်ဒီတာ နန်းနန်းတိုင်း၊ သတင်းထောက် နန်းဝင်းရီ၊ ထုတ်ဝေသူ ဦးတင်အောင်ကျော်နဲ့ နေအိမ်အစောင့်ဖြစ်သူ စိုင်းစည်သူတို့ ဖြစ်ပါတယ်။ သူတို့ကို တောင်ကြီး တောင်လေးလုံး အကျဉ်းထောင်မှာ ဖမ်းဆီးစစ်ဆေးနေပြီး ခုချိန်ထိ မိသားစုဝင်တွေနဲ့ တွေ့ခွင့်မရသေးဘူးလို့ အယ်ဒီတာချုပ်ကပြောပါတယ်။

"ရှမ်းပြည်မှာဆိုရင် ရှမ်းအရှေ့ဆိုရင်လည်း ရှမ်းအရှေ့က သတင်းဌာနတော်တော်များများဆိုရင် ဖမ်းခံရတာတော့ မရှိသေးဘူး။ ဒါပေမဲ့ ပုဒ်မ ၅၀၅ (က) တို့၊ (ခ) တို့နဲ့ ပုဒ်မတွေတပ်ပြီးတော့ အမှုဖွင့်ခံထားရတယ်။ ဒါပေမဲ့ တိမ်းရှောင်နေတော့ လွတ်မြောက်နေတာပေါ့နော်။ ရှမ်းတောင်ဘက် ကျနော်တို့တောင်ကြီးပေါ့နော်... ကမ္ဘောဇတိုင်းကျတော့ ထူးခြားတာက ဘာအမှုဖွင့်တာမှလည်း မကြားဘူး။ ကျနော်တို့ တရားရုံးနဲ့ အမြဲတမ်းမေးမြန်းကြည့်တယ်၊ ဝရမ်းထုတ်တာရှိလား၊ အမှုဖွင့်တာရှိလား။ အဲဒီလိုမျိုးမေးမြန်းကြည့်တော့ အခုချိန်ထိ ဘာမှမကြားခဲ့ရဘူးဗျ။ ဗြုန်းဆိုပြီး ပထမတခေါက် အယ်ဒီတာချုပ်အိမ် ဝင်ရှာတယ်။ ငြိမ်သွားတယ်။ နောက်မနေ့ညကကျတော့ ဝုန်းဒိုင်းဆိုပြီးတော့မှ တခေါက် ဝင်ဆွဲသွားတာပေါ့နော်။ အခက်အခဲကတော့ လုံးဝအခက်အခဲပဲဗျ။ ရှမ်းပြည်မှာဆိုရင် အနည်းဆုံး ၁၀ ခုတော့ရှိတယ်ဗျ... သတင်းဌာနတွေရှိတယ်။ အကုန်လုံးက မြေပြင်မှာ ဘယ်သူမှ ယူလို့မရတော့ဘူး။ ဘယ်သူ့ကိုဖမ်းမလဲ စောင့်ကြည့်နေရတဲ့အနေအထားဖြစ်နေတာဗျ။ အခုလောလောဆယ်တော့ ကျနော်က ရှောင်နေရတဲ့အနေအထားမျိုးပါဗျ။"

လတ်တလော သတင်းထောက်တွေ သတင်းရယူတာမှာ အန္တရာယ်အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာကို ပြောပြသွားတာပါ။

ရှမ်းပြည်နယ်အတွင်းမှ တခြားသတင်းဌာနတွေက သတင်းသမားတွေလည်း အမှုဖွင့်ခံထားရတာတွေအပြင် လိုက်လံဖမ်းဆီးနေရတာမို့ ထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ကမ္ဘောဇတိုင်းသတင်းဌာန အယ်ဒီတာချုပ်ကပြောပါတယ်။

တကယ်လို့ သတင်းသမားတွေဟာ ပုဒ်မ ၅၀၅ (က) နဲ့ အပြစ်ရှိတယ်လို့ တရားရုံးက အမိန့်ချရင်တော့ အမြင့်ဆုံး ထောင်ဒဏ် သုံးနှစ်အထိ ချခံရနိုင်ပါတယ်။ ဒီပုဒ်မဟာ အာမခံရနိုင်တဲ့ ပုဒ်မမျိုး မဟုတ်ပါဘူး။ တရားသူကြီးရဲ့ ဆင်ခြင်တုံတရားနဲ့ အာမခံပေးနိုင်တဲ့ ပုဒ်မဖြစ်တယ်လို့ ရှေ့နေတွေကပြောပါတယ်။

လက်ရှိမှာ အကျဉ်းကျခံရတဲ့ ဖမ်းဆီးခံသတင်းထောက်ဟာ တဒါဇင်ကျော် ရှိနေပါတယ်။ ဒီထဲကမှ တချို့သတင်းသမားတွေမှာ ဘယ်နေရာမှာ ပို့ထားတယ်ဆိုတာမသိရသလို၊ ဘယ်လို ပုဒ်မတွေနဲ့ အမှုဖွင့်ထားလည်းဆိုတာကလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းက တောင်ကြီးမြို့မှာ နိုင်ငံခြားသား အလွတ်တန်းသတင်းထောက် ပိုလန်နိုင်ငံသားတဦး သတင်းရယူတဲ့အချိန်မှာလည်း ဖမ်းဆီးခံခဲ့ရပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှာ တပ်မတော်က အာဏာရယူခဲ့ပြီးနောက်မှာ အခုချိန်ထိ သတင်းမီဒီယာဌာနအသီးသီးကနေ သတင်းထောက် အယောက် ၅၀ နီးပါး သတင်းရယူနေရင်း ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ၁၀ ဦးထက် မနည်း ပုဒ်မ ၅၀၅ (က)နဲ့ တရားစွဲဆိုခံထားရပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]

















XS
SM
MD
LG