သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်သတင်းထောက်နဲ့ စကားပြန် အာဖဂန်တိုက်ပွဲမှာသေဆုံး


Zabihullah Tamanna နှင့် David Gilkey
Zabihullah Tamanna နှင့် David Gilkey

အာဖဂန်နိုင်ငံတောင်ပိုင်း Helmand ဒေသအတွင်း အာဖဂန်တပ်ဖွဲ့တဖွဲ့နဲ့အတူ ခရီးသွားနေစဉ် တိုက်ခိုက်ခံခဲ့ရပြီးနောက်၊ အမေရိကန် ဝါရင့်သတင်းထောက် တဦးနဲ့ စကားပြန်တို့ တနင်္ဂနွေနေ့က သေဆုံးသွားပါတယ်။

သေဆုံးခဲ့သူဟာ ဓါတ်ပုံသတင်းထောက် David Gilkey ဖြစ်ပြီး စကားပြန်ကတော့ Zabihullah Tammana ဖြစ်တယ်လို့ အမေရိကန်အခြေစိုက် NPR ရေဒီယိုသတင်းဌာနက ပြောပါတယ်။ အဲဒီယာဉ်တန်းနဲ့ လိုက်ပါသူ အခြား သတင်းထောက် ၂ ဦးကတော့ ထိခိုက်ဒဏ်ရာရတာမျိုးမရှိပါဘူး။ တိုက်ခိုက်ခံရမှုအတွင်း တပ်ဖွဲ့ဝင်တွေ ဘယ်လောက်ပါဝင်သလဲဆိုတာနဲ့ တခြားသေဆုံးသူတွေရှိသေးလား ဆိုတာကတော့ ခုချိန်ထိ သဲသဲကွဲကွဲ မသိရသေးပါဘူး။ ဒီတိုက်ခိုက်မှုဟာ အာဖဂန်ပြည်သူတွေနဲ့ မကြောက်မရွံ့ပဲ တာဝန်ကြေပြွန်အောင် ထမ်းဆောင်နေတဲ့ သတင်းထောက်တွေ ရင်ဆိုင်နေရတဲ့ အန္တရယ်နဲ့ပါတ်သတ်ပြီး အကျည်းတန်လှတဲ့ သတိပေးမှုတရပ်ဖြစ်တယ်လို့ ဘေဂျင်းကိုရောက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry က ပြောပါတယ်။

အသက် ၅၀ အရွယ် Gilkey ဟာ ဆုရ ဓါတ်ပုံနဲ့ ဗွီဒီယို အယ်ဒီတာတဦးဖြစ်ပြီး အမေရိကန်ပြည်ထောင်စုက ကမ္ဘာ့ကုန်သွယ်ရေးအဆောက်အဦး ၂ ခု တိုက်ခိုက်ခံခဲ့ရပြီး နောက်ပိုင်း လုံခြုံရေးအစောင့်အရှောက်မပါပဲ အာဖဂန်နစ္စတန်ကို သွားရောက်တဲ့ ပထမဆုံး သတင်းထောက်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၀၈-၂၀၀၉ ခုနှစ်မှာ ဖြစ်ပွါးခဲ့တဲ့ ဂါဇာ စစ်ပွဲလို့လည်း သိကြတဲ့ ဂါဇာကမ်းမြှောင်က အစ္စရေးနဲ့ ဟာမတ်စ်တို့ရဲ့ တိုက်ပွဲတွေကို Gilkey ဟာ သွားရောက် သတင်းယူခဲ့သလို ၂၀၁၀ ခုနှစ်က ဟေတီနိုင်ငံမှာ ငလျင်လှုပ်ခဲ့ပြီးနောက်ပိုင်း အခြေအနေတွေကို သွားရောက်သတင်းယူခဲ့ပါသေးတယ်။

နိုင်ငံတကာက အလေးထားမှုလျော့နည်းလာတဲ့အချိန်မှာ သတင်းထောက်တွေ၊ ဒေသခံတွေ နိုင်ငံခြားသားတွေအတွက်တော့ အာဖဂန်နစ္စတန်နိုင်ငံဟာ အန္တရာယ်ရှိတဲ့ဒေသအဖြစ် ဆက်ရှိနေဆဲဖြစ်ပြီး Gilkey သေဆုံးမှုအတွက် ဝမ်းနည်းကြောင်း အမေရိကန်အခြေစိုက် သတင်းထောက်များ ကာကွယ်ရေးကော်မတီက ကြေညာချက်ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG