သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုအိမ်ကို ဈေးလျှော့ပြီး ထပ်မံ​လေလံတင်ရောင်းချဖို့ စီစဉ်


ဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ့ လေလံပွဲမြင်ကွင်း (မတ် ၂၀၊ ၂၀၂၄)
ဒေါ်အောင်ဆန်းစုကြည်အိမ်ရှေ့ လေလံပွဲမြင်ကွင်း (မတ် ၂၀၊ ၂၀၂၄)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တက္ကသိုလ်ရိပ်သာလမ်းနေအိမ် အမှတ် ၅၄ ကို ကြမ်းခင်းစျေးသစ်နဲ့ သြဂုတ်လ ၁၅ ရက်နေ့မှာ ထပ်မံ လေလံတင် ရောင်းချဖို့ တရားရုံးက အမိန့်ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက ပြောပါတယ်။ လေလံစျေးသစ်နဲ့ရောင်းဖို့ တရားရုံးက ခွင့်ပြုခဲ့ပေမယ့် ဦးအောင်ဆန်းဦးက လေလံတင်ရောင်းချတာမှာ ဝယ်သူကို အိမ်အတွင်း ပိုင်းပြသနိုင်ဖို့အတွက် ခွင့်ပြုပေးဖို့ တောင်းဆိုမှုကိုတော့ ခွင့်မပြုခဲ့ပါဘူး။ လေလံစျေးဘယ်လိုလျော့ပါစေ အိမ်ကို ဝယ်မယ့်သူရှိမှာမဟုတ်ဘူးဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး အလိမ္မာက တင်ပြပေးထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ဆန်းဦးတို့ရဲ့ ဒီအမွေဆိုင်အိမ်ကို ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့မှာ စစ်ကောင်စီ တရားရုံးကကျပ်ငွေ ၃၁၅ ဘီလီယံ လေလံတင် ရောင်းချဖို့ ကြိုးစားခဲ့ပေမယ့် ၀ယ်ယူမည့်သူ မရှိခဲ့ပါဘူး။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမှုဆိုင်နေရတဲ့ အကိုဖြစ်သူ ဦးအောင်ဆန်းဦးက မူလခေါ်ထားတဲ့ လေလံစျေး ကျပ်ငွေ ၃၁၅ ဘီလီယံကနေ ကျပ်ငွေ ၂၈၅ ဘီလီယံအထိ လျှော့ချပြီးရောင်းဖို့ တရားရုံးကို ပြီးခဲ့တဲ့လတွေတုန်းက လျှောက်ထားခဲ့တာပါ။ ဒီအမှုကို လက်ခံစစ်ဆေးနေတဲ့ ကမာရွတ်တရားရုံးက ကျပ်ငွေ ၃၀၀ ဘီလီယံထိပဲ လျော့ချ သတ်မှတ်ပေးလိုက်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက ဗွီအိုအေကိုပြောပါတယ်။ ဒီအိမ်ကို ဘယ်လိုဘဲ စျေးလျှော့ပါစေ ဝယ်မယ့်သူရှိနိုင်မယ်မထင်ဘူးလို့ ဥပဒေပညာရှင်တဦးက ပြောပါတယ်။

"ဒီမှာဆွဲဖို့ကတော့ အလားအလာ တော်တော်နည်းပါတယ်။ တော်တော်ကို ခက်ခဲပြီးတော့မှ ဖြစ်နိုင်တဲ့အနေအထား အင်မတန်နည်းပါတယ်။ သမိုင်းမှ ာတရားခံမဖြစ်ချင်ဘူးပေါ့ကွယ်။ ဒီထဲမှာ ဘယ်သူမှ လက်ဝင်မလျှိုချင်ကြဘူး။ အဓိက အဲဒါပါဘဲ။ အိမ်ကလည်း သမိုင်းဝင်ဖြစ်နေသလို အမှုသည် ဒေါ်အောင်ဆန်းစုကြည်ကလည်းဘဲ နိုင်ငံရေးဩဇာ အင်မတန်ကြီးတဲ့သူ ဖြစ်နေတဲ့အတွက် ရှောင်နေကြတဲ့သဘောလို့ ထင်တယ်။ အဲလိုဘဲသုံးသပ်ပါတယ်။"

ပြီးခဲ့တဲ့ရုံးချိန်းတုန်းက ဦးအောင်ဆန်းဦးက လေလံတင်ရောင်းချတာမှာ ဝယ်သူကို အိမ်အတွင်းပိုင်းပြသနိုင်ဖို့အတွက် ခွင့်ပြုပေးဖို့ တရားရုံးကို တင်ပြခဲ့ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေက တရားရုံးမှာ ကန့်ကွက်ခဲ့တာကြောင့် အိမ်အတွင်း ပိုင်းပြသနိုင်ဖို့ အတွက်ခွင့်ပြုပေးဖို့မဖြစ်နိုင်သေးကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

အခုတရားရုံးက သတ်မှတ်လိုက်တဲ့ လေလံစျေးသစ်အပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်က ဘယ်လိုတုံပြန်မလဲဆိုတာကိုတော့ မသိရသေးပါဘူး။ ကန့်ကွက်မယ်ဆိုရင် အဆင့်ဆင့် တရားရုံးတင် ကန့်ကွက်နိုင်တယ်လို့ ဥပဒေကျွမ်းကျင် သူတွေက ဗွီအိုအေကို ပြောပါတယ်။

လောလောဆယ်မှာတော့ ၂၇ နှစ် ထောင်ဒဏ်ချမှတ်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သူရဲ့ မိသားစုနဲ့ရော ရှေ့နေတွေနဲ့ပါ စစ်ကောင်စီက တွေ့ခွင့်မပေးပါဘူး။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွအနေနဲ့ သတင်းမီဒီယာကို ဖြေကြားရင် ဥပဒေအရ အရေးယူခံရမှာဖြစ်တယ်ဆိုတဲ့ ကန့်သတ်ချက် ရှိနေတာကြောင့် လက်ရှိ အခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့နေတွေအကြား ဘယ်လို ဆက်လက် ကိုင်တွယ်သွားမလဲဆိုတာလည်း အသေးစိတ်သိဖို့ ခက်ခဲနေပါတယ်။

၁.၉၂၃ ဧက အကျယ်အဝန်းရှိတဲ့ အိမ်နံပါတ် ၅၄ နေအိမ်ဟာ ၂၀၁၂ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်ကနေ ပြန်လည်လွတ် မြောက်လာချိန် အမေရိကန်သမ္မတ Barack Obama, နိုင်ငံခြားရေးဝန်ကြီး Hillary Clinton အပါအဝင် ကမ္ဘာ့ခေါင်းဆောင်တွေကို လက်ခံ တွေ့ဆုံခဲ့တဲ့ သမိုင်းဝင် အိမ်တအိမ်ဖြစ်ပါတယ်။

ယခင်မှတ်တမ်းရုပ်ပုံ | ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းမှာရှိတဲ့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်းတွေ့ရတဲ့ အမေရိကန်သမ္မတ အိုဘားမားနဲ့ မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (နိုဝင်ဘာ ၁၄၊ ၂၀၁၄)
ယခင်မှတ်တမ်းရုပ်ပုံ | ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းမှာရှိတဲ့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်းတွေ့ရတဲ့ အမေရိကန်သမ္မတ အိုဘားမားနဲ့ မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (နိုဝင်ဘာ ၁၄၊ ၂၀၁၄)

ပြီးခဲ့တဲ့ ၂ဝဝ၁ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့အစ်ကို ဦးအောင်ဆန်းဦးက နေအိမ်ကို အမွေခွဲဝေယူလိုကြောင်း တရားရုံးမှာ လျှောက်ထားခဲ့တာပါ။ ၂၀၁၆ ခုနှစ်မှာတော့ ဒီအိမ်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ဆန်းဦးတို့ ၂ ယောက်ခွဲယူဖို့ အမိန့်ချထားတာကို ဦးအောင်ဆန်းဦးက အိမ်မကြီးကို ဒေါ်အောင်ဆန်းစုကြည်ကရပြီး သူက ပြိုပျက်နေတဲ့ အိမ်အသေးကိုသာရလို့ မကျေနပ်ဖြစ်ပြီး အိမ်ကိုလေလံတင်ခွဲဖို့ တရားရုံးအဆင့်ဆင့်မှာ ထပ်မံတရားစွဲ လျှောက်လဲခဲ့ပါတယ်။ ဒီလို တရားစွဲ လျှောက်ထားခဲ့တာကို တရားရုံး အဆင့်ဆင့်က လက်မခံ ပယ်ချခဲ့သလို အယူခံတင်တာကိုလည်း ၂ဝ၁၈ ခုနှစ်မှာ နေပြည်တော် ပြည်ထောင်စုတရားလွှတ်တော် တရားသူကြီး ၉ ဦးပါ စုံညီခုံရုံးကလည်း ပယ်ချခဲ့ပြီးဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒီအဖွဲ့မှာ ဦးဆောင်သူအဖြစ်ပါဝင်တဲ့ ပြည်ထောင်စုတရားသူကြီးချုပ်ထံ ဦးအောင်ဆန်းဦးက ၂ဝ၁၉ခုနှစ်အတွင်းမှာ ထပ်မံပြီး အထူးလျှောက်လွှာ တင်သွင်းခဲ့ရာမှာ ပြည်ထောင်စုတရားလွှတ်တော်က မူလ ဆုံးဖြတ်ချက်ကိုပြင်ပြီး ဦးအောင်ဆန်းဦး လျှောက်ထားခဲ့တဲ့အတိုင်း ခြံနဲ့ နေအိမ်ကို လေလံပစ်ပြီး ခွဲဝေယူဖို့ ခွင့်ပြုကြောင်း ၂၀၂၂ ခုနှစ် သြဂုတ်လ ၂၂ ရက်မှာပြန်လည် အမိန့်ချခဲ့တာကြောင့် အခုလို လေလံတင် ရောင်းချဖို့ကိစ္စတွေ ဖြစ်လာတာပါ။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းတဲ့နေ့ကစလို့ အသက် ၇၉ နှစ် ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးခဲ့ပြီး အမှု ၁၉ မှုနဲ့ ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခဲ့ပါတယ်။ ဒီအထဲက ၆ နှစ်ကို မနှစ် သြဂုတ်လ ၁ ရက်နေ့က လွတ်ငြိမ်းသက်သာခွင့် နဲ့ လျှော့ပေါ့ ပေးခဲ့ပါတယ်။ ကျန်နေသေးတဲ့ ၁၄ မှုအတွက် လက်ရှိမှာ ထောင်ဒဏ် ၂၇ နှစ် ကျခံနေရဆဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG