သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် နေအိမ် လေလံတင်ရောင်းချဖို့ တရားရုံးအမိန့်ထုတ်


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရန်ကုန်မြို့ရှိ အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း နေအိမ် (ဩဂုတ် ၁၁၊ ၂၀၀၉)
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရန်ကုန်မြို့ရှိ အမှတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း နေအိမ် (ဩဂုတ် ၁၁၊ ၂၀၀၉)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ် အမှတ် ၅၄ ကို လာမယ့် မတ်လ ၂၀ ရက်မှာလေလံတင်ရောင်းချသွားဖို့ ပြင်ဆင်ထားတယ်လို့တရားရုံးနဲ့နီးစပ်သူတွေ ကပြောပါတယ်။ ကျပ်ငွေ သိန်းပေါင်း ၃,၁၅၀,၀၀၀ နဲ့ လေလံပစ်မယ်လို့ ကမာရွတ်တရားရုံးကနေအမိန့်ချမှတ်လိုက်တာဖြစ်ကြောင်း တရားရုံးနဲ့နီးစပ်သူတွေဆီကနေသိရပါတယ်။ ဒီသတင်းရန်ကုန်ကပေးပို့လာတာကို ကိုစည်သူ ကပြောပြမှာပါ။

အမှတ် ၅၄ ၊ တက္ကသိုလ်ရိပ်သာလမ်းဆိုရင် ရန်ကုန်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ လိပ်စာအဖြစ် ကမ္ဘာက သိကြပါတယ်။ မတ်လ ၂၀ ရက်နေ့မှာ ဒီအိမ်ကို ကျပ်ငွေ သိန်းပေါင်း ၃,၁၅၀,၀၀၀ နဲ့ လေလံပစ်ဖို့ ကမာရွတ်တရားရုံးဘက်ကအမိန့်ချမှတ်ခဲ့တာဖြစ်တယ်လို့ နီးစပ်သူတွေဆီကနေသိရပါတယ်။ လက်ရှိအခြေအနေမှာ တဖက်သတ်လေလံပစ်တဲ့သဘောဖြစ်နေသလို မတရားဖိနှိပ်မှု တခုဖြစ်တယ်လို့ ဝါရင့်ရှေ့နေကြီး ဦးကြီးမြင့်ကတော့ အခုလိုသုံးသပ်ပါတယ်။

"တကယ်တော့အဲဒီအမှုကတရားရုံးချုပ်ထိ နိုင်ပြီးသားကို အဲအမှုပြန်ဖွင့်ခိုင်းပြီးအထူးခုံရုံးနဲ့အောင်ဆန်းဦးကိုအနိုင်ပေးလိုက်တာကို။ အဲထဲက မတရားမှုကစတော့တာဘဲ ဟိုတုန်းကပါလီမာန်ခေတ်ကအတွင်းဝန် သီရိပျံချီဦးသောင်းစိန်ပြောတဲ့စကားရှိတယ်။ အင်းယားလမ်းမှာရှိတဲ့ ဒေါ် ခင်ကြည်နေတဲ့အိမ်နဲ့ခြံက ဗိုလ်ချုပ်အောင်ဆန်းဈာပနကော်မတီကနေဝယ်ပေးထားတာ။ ဒ့ါမို့နိုင်ငံတော်ပိုင်ပစ္စည်းဖြစ်တယ်။ အများပိုင်အနေနဲ့ ဝယ်ထားတာကို စစ်အစိုးရဖြစ်ဖြစ် ဘာဖြစ်ဖြစ် အဲအစိုးရကအလွဲလုပ်ရင် ဒါက အပစ ၃လို့ခေါ်တဲ့ အများပိုင်ပစ္စည်းအလွဲသုံးစားလုပ်မှုနဲ့တရားစွဲလို့ရတယ်။ ထောင် ၁၀နှစ်ကနေ တသက်တကျွန်းချလို့ရတယ်။ အဲလေလံပစ္စည်းဝယ်တဲ့သူကိုလည်း အပစပုဒ်မနဲ့ သူ့ကိုလည်း ထောင် ၁၀နှစ် ကနေ တသက်တကျွန်းချနိုင်တယ်။ အဲလိုဥပဒေရှိတယ်။ ဒါ ဗိုလ်ချုပ်အောင်ဆန်းဈာပနကော်မတီကနေဝယ်ပေးထားတဲ့ အများပိုင်ပစ္စည်းဖြစ် တယ်လို့ ကျနော်ကတော့ ပြောချင်ပါတယ်။"

လေလံသဘောတရားအရကော ဥပဒေပိုင်းအရကော လက်ရှိပိုင်ဆိုင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လေလံကြမ်းခင်းစျေးကိုပထမဆုံးတင်ပြရမှာဖြစ်ပါတယ်။ ပြီးရင် ဦးအောင်ဆန်းဦးဘက်က တင်ပြပြီး ဖြစ်သင့်ဖြစ်ထိုက်တဲ့ကြမ်းခင်းစျေး တရပ်ပေါ်အောင် တရားရုံးဘက်က သတ်မှတ်ပေးပြီးမှ အခုလို တင်ရမှာပါ။ ဒါပေမယ့် လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ဘက်က တရားဝင်လေလံကြမ်းခင်းစျေး တင်ပြထားတာမရှိသလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေတွေမှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တရားဝင်တွေ့ဆုံခွင့်မရခင်မှာ အခုလို လေလံတင်ဖို့ ဆုံးဖြတ်ခံရတာဖြစ်ပါတယ်။ လေလံကိစ္စနဲ့ပတ်သတ်လို့ အကျဉ်းကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဘာမှ မသိသေးဘူးလို့ လည်း နီးစပ်သူ တွေကပြော ပါတယ်။ လေလံသဘောတရားအရ အခုသတ်မှတ်လိုက်တဲ့လေလံစျေးအပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ဘက်က ကန့်ကွက်မယ် ဆိုရင် အဆင့်ဆင့်တရားရုံးတင်ကန့်ကွက်နိုင်ပါတယ်။

စစ်ကောင်စီဘက်က ဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေကိုမီဒီယာကိုဖြေကြားရင်ထောင်ချမယ်လို့ ဥပဒေထုတ်ကန့်သတ်ထားတာမို့ လက်ရှိ အခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်ရှေ့နေတွေဘက်က ဘယ်လိုတုံ့ပြန်မလဲ ဘယ်လိုဆက်လက်လုပ်ဆောင်မလဲဆိုတာ မသိရသေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ထိန်းသိမ်းမခံရခင်အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ဘက်က ဒီအိမ်ကိုပြတိုက်လိုလုပ်ဖို့စိတ်ကူးရှိတဲ့အကြောင်းနီးစပ်သူတွေက ပြောဆိုထားပါတယ်။

၂ဝဝ၁ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစ်ကို ဦးအောင်ဆန်းဦးက နေအိမ်ကို အမွေခွဲဝေ ယူလိုကြောင်း တရားရုံးမှာ လျှောက်ထားခဲ့ပါတယ်။၂၀၁၆ ခုနှစ်မှာတော့ ဒီအိမ်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ဆန်းဦးတို့ ၂ ယောက်ခွဲယူဖို့အမိန့်ချထားတာကို ဦးအောင်ဆန်းဦး ဘက်က အိမ်မကြီးကို ဒေါ်အောင်ဆန်းစုကြည်က ရပြီး ဦးအောင်ဆန်းဦးက ပြိုပျက် နေတဲ့ အိမ်အသေးကို ရလို့ မကျေနပ်တာ ဖြစ်ကာ အိမ်ကို လေလံတင်ခွဲယူမယ်ဆိုပြီး ဦးအောင်ဆန်းဦးဘက်က တရားရုံးအဆင့်ဆင့် ထပ်မံတရားစွဲလျှောက်လဲခဲ့ပါတယ်။ ဒီလိုတရားစွဲလျှောက်ထားခဲ့တာကို တရားရုံးအဆင့်ဆင့်က လက်မခံပယ်ချခဲ့သလို အယူခံတင်တာကိုလည်း ၂ဝ၁၈ခုနှစ်မှာ နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော် တရားသူကြီး ၉ ဦးပါ စုံညီခုံရုံးက ပယ်ချခဲ့ပြီးဖြစ်ပါတယ်။

ဒါပေမဲ့ အဲဒီအဖွဲ့မှာ ဦးဆောင်သူအဖြစ်ပါဝင်တဲ့ ပြည်ထောင်စုတရားသူကြီးချုပ်ထံ ဦးအောင်ဆန်းဦးက ထပ်မံပြီး ၂ဝ၁၉ခုနှစ်အတွင်းမှာ အထူးလျှောက်လွှာတင်သွင်းခဲ့ရာမှာပြည်ထောင်စုတရားလွှတ်တော်က မူလဆုံးဖြတ်ချက်ကို ပြင်ပြီး ဦးအောင်ဆန်းဦး လျှောက်ထားခဲ့ တဲ့အတိုင်း ခြံနဲ့နေအိမ်ကို လေလံပစ်ပြီး ခွဲဝေယူဖို့ခွင့်ပြုကြောင်း ၂၀၂၂ ခုနှစ် သြဂုတ်လ ၂၂ ရက်မှာပြန်လည်အမိန့်ချခဲ့ပါတယ်။ ဒီလိုအမိန့်ချခဲ့တာကို လာမယ့် မတ်လမှာ အကောင်အထည်ဖေါ်ဖို့ ခုလို ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။

ဒီအိမ်ကြီးဟာ သမိုင်းမှာအထင်ကရ အိမ်ဆိုလည်းမမှားပါဘူး။ ၁၉၄၇ခုနှစ် ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရလို့ကွယ်လွန်ပြီးနောက်မှာ သူ့ရဲ့ ဇနီးဒေါ်ခင်ကြည်နဲ့ မိသားစုနေထိုင်ဖို့ နိုင်ငံတော်အစိုးရက ချီးမြှင့်ခဲ့တဲ့အိမ် ဖြစ်ပါတယ်။ဒီအိမ်ကြီးဟာ နိုင်ငံရေးအရကော သမိုင်းမှတ်တိုင်တွေ အရကော တန်ဖိုးဖြတ်မရတဲ့အိမ်လို့ဆိုနိုင်ပါတယ်။ ၁၉၈၈ အရေးအခင်းကာလအတွင်းမှာ ဒေါ်ခင်ကြည် နေမကောင်းတဲ့အတွက် သမီးဖြစ်သူဒေါ်အောင်ဆန်းစုကြည် ရန်ကုန်ပြန်လာပြီး ပြုစုရင်း နိုင်ငံရေး လှုပ်ရှားမှုမှာ ပါဝင်လာခဲ့တာမှာလည်း ဒီအိမ်ထဲမှာဘဲ အစပြုခဲ့တာပါ။ ၁၉၈၈ ဒီဇင်ဘာမှာ ဒေါ်ခင်ကြည် ကွယ်လွန်ပြီးနောက် စျာပန အခမ်းအနားကိုလည်း ဒီအိမ်ကနေ ကျင်းပခဲ့တာပါ။ နောက်ပြီး‌ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစု ရှင်ပြုအခမ်းအနားကိုလည်း ဒီအိမ်မှာပဲ ကျင်းပခဲ့တာဖြစ်ပါတယ်။ ၁၉၈၈ စစ်အာဏာသိမ်းပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်း တည်ထောင်ချိန်မှာလည်း ဒီအိမ်မှာပဲ အစပျိုး လှုပ်ရှားခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကတော့ ၁၉၈၈မြန်မာပြည်ပြန်ရောက်ချိန်ကစပြီး ၂ဝ၂၁ ခုနှစ် စစ်တပ်အာဏာသိမ်း တဲ့အထိအဲဒီနေအိမ်မှာ အစဉ်တစိုက်နေထိုင်ခဲ့ပါတယ်။ ဒီအိမ်မှာ ၁၉၈၉ခုနှစ် ပထမဆုံးအကြိမ် အကျယ်ချုပ်ကျခဲ့တဲ့အချိန်တွေ၊ ၂၀၀၀ခုနှစ်၊ ၂၀၀၃ခုနှစ် မှာထပ်မံအကျယ်ချုပ်ချမှတ်ခံခဲ့ရကာ ၂၀၁၀ မှ သာ ပြန်လည်လွတ်မြောက်ခဲ့တာပါ။ အကျယ်ချုပ်နေ့ရက်တွေကိုဒီအိမ်ထဲ ဖြတ်သန်းရင်း ခင်ပွန်းသည် ကွယ်လွန်ခါနီး အချိန်မှာကို တွေ့ခွင့်မရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ဘဝက ကမ္ဘာကျော်ခဲ့ပါတယ်။ ဒီအိမ်ကြီးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးသက်တမ်းတလျောက် သတင်းထောက်တွေနဲ့ တွေ့ဆုံတာ၊ ပြည်တွင်းပြည်ပ ဧည့်သည်တွေနဲ့ ဆွေးနွေးတွေ့ဆုံတာတွေ၊ လူထုတွေ့ဆုံပွဲတွေလည်း လုပ်ခဲ့ပါတယ်။

၂ဝ၁ဝ နေအိမ်အကျယ်ချုပ်က ဒေါ်အောင်ဆန်းစုကြည် လွတ်လာပြီး နိုင်ငံရေး လှုပ်ရှားမှုတွေ ပြန်စလို့ ဧည့်သည်တွေ အများအပြား လာခဲ့ပါတယ်။ဒီထဲမှာ အထင်ရှားဆုံးက အဲဒီအချိန်က အမေရိကန် သမ္မတ အိုဘားမားနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ အမေရိကန် သမ္မတဟောင်း ကလင်တန်ဇနီး ဟီလာရီကလင်တန်တို့ဖြစ်ပါတယ်။၂၀၂၁ ခုနှစ်ထိနိုင်ငံတကာက နိုင်ငံခြားရေး ဝန်ကြီး အများအပြား လာသလို အနုပညာရှင်တွေလည်း လာခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ အာဏာသိမ်းလိုက်တဲ့ စစ်ကောင်စီဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကစပြီး အသက် ၇၈ နှစ် ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးခဲ့ပြီး အမှု ၁၉ မှုနဲ့ ထောင်ဒဏ် ပြစ်ဒဏ် ၃၃ နှစ် ချမှတ်ခဲ့ပါတယ်။ ဒီအထဲကမှ ၆ နှစ်ကို သြဂုတ်လ ၁ ရက်နေ့က လွတ်ငြိမ်းသက်သာခွင့်နဲ့ လျှော့ပေါ့ ပေးလိုက်ပေးခဲ့ပါတယ်။ ကျန်နေသေးတဲ့ ၁၄ မှုအတွက် လက်ရှိမှာ ထောင်ဒဏ် ၂၇ နှစ် ကျခံနေရတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG