သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နိုင်ငံခြားရေးဝန်ကြီး မြန်မာ့အရေးကုလအထူးကိုယ်စားလှယ်နဲ့တွေ့ဆုံ               


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် Julie Bishop
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် Julie Bishop

မြန်မာနိုင်ငံဆိုင်ရာ အကျပ်အတည်းကို ဖြေရှင်းရေးအတွက် ဒေသတွင်း ညီညွတ်မှုရရှိ‌ပြီး နိုင်ငံတကာပေါင်းစည်းအောင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် Julie Bishop ဟာ တရုတ်နိုင်ငံမြို့တော် ဘေကျင်းကို ဩဂုတ်လ ၂၀ ရက်နေ့က ရောက် နေပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ နဲ့ တွေ့ဆုံခဲ့ပါတယ်။

မြန်မာတွေကပဲဦးဆောင်ပြီး အားလုံးပါဝင်တဲ့ဖြစ်စဥ်တရပ် ပေါ်လာအောင် ကြိုးစားနေတာဖြစ်တယ်လို့ ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူ Stéphane Dujarric က နယူးယောက်မြို့ ကုလသမဂ္ဂ သတင်းစာရှင်းလင်းပွဲမှာ အင်္ဂါနေ့က ပြောပါတယ်။ မစ္စ ဂျူလီဘစ်ရှော့ဟာ တရုတ်နိုင်ငံရဲ့ အာရှဒေသနဲ့ မြန်မာဆိုင်ရာအထူးသံတမန် တိန့်ရှီကျွန်းနဲ့လည်း တွေ့ဆုံဖို့ရှိတယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။

ဒီခရီးစဥ်ဟာ မစ္စဘစ်ရှော့ အာဆီယံနိုင်ငံတွေကိုသွားခဲ့ပြီးတဲ့နောက် ဖြစ်ပေါ်လာခဲ့တာပါ။ အင်ဒိုနီးရှား၊ မလေးရှား၊လာအိုနဲ့ ထိုင်းနိုင်ငံကိုလည်း မစ္စ ဘစ်ရှော့ မကြာမီကသွားရောက်ခဲ့ပြီး တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ Dujarric ကပြောပါတယ်။ ဒါ့အပြင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လာတော့မယ့် မလေးရှားဝန်ကြီးချုပ်အပြင် လက်ရှိမြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်နဲ့လည်း မစ္စဘစ်ရှော့ တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာကိစ္စ ဖြေရှင်းရာမှာ သဘောတူမျှချက် ရရှိအောင် တရုတ်၊ အာဆီယန်တို့ နဲ့ ဆက်သွယ် ပူးပေါင်းဆောင်ရွက်ဖို့ဆန္ဒရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလ အထူးသံတမန် မစ္စ ဂျူလီဘစ်ရှော့က ပြောကြောင်း တရုတ်နိုင်ငံတော်ပိုင်သတင်းဌာန CGTN က ပြောပါတယ်။ မြန်မာနိုင်ငံ မှာ နိုင်ငံရေး ရင်ကြားစေ့ကြပြီး၊ တည်ငြိမ်၊ တာရှည်ခံမယ့် ငြိမ်းချမ်းရေး ရအောင် မစ္စ ဂျူလီဘစ်ရှော့ ဆောင်ရွက်ရာမှာ ထောက်ခံ ကူညီမယ်လို့လည်း မစ္စတာ ဝမ်ယိက ပြောခဲ့တယ် လို့CGTN က ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG