ကုလသမဂ္ဂအတွင်းအရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးသံတမန် Julie Bishop နဲ့ အာဆီယံအတွင်းရေးမှူးချုပ် ဒေါက်တာ Kao Kim Hourn တို့တွေ့ဆုံပြီး မြန်မာနိုင်ငံအကြောင်း ဆွေးနွေးခဲ့ကြပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်မှာရှိတဲ့ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှာ ဒီနေ့ဇွန်လ ၂၇ ရက်နေ့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
မြန်မာ့အရေးအတွက် ဒေသတွင်း အားထုတ်ဆောင်ရွက်မှုတွေအပေါ် အမြင်ဖလှယ် ဆွေးနွေးခဲ့ကြပြီး အထူးသဖြင့် အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်နိုင်အောင် အာဆီယံနဲ့ ကုလသမဂ္ဂတို့ရဲ့ ပံ့ပိုးမှုတွေအကြောင်း အဓိကထား ဆွေးနွေးခဲ့ကြတယ်လို့ အာဆီယံက သတင်းထုတ်ပြန်ပါတယ်။ ဒါတင်က မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာတဲ့ အကူအညီတွေ ပို့ဆောင်ပေးနိုင်အောင် အာဆီယံ ကြိုးပမ်းဆောင်ရွက်နေတဲ့ ကိစ္စတွေကိုလည်းဆွေးနွေးခဲ့တယ်လို့ သတင်းထဲမှာ ဖော်ပြထားပါတယ်။
ဩစတြေးလျနိုင်ငံဝန်ကြီးချုပ်ဟောင်းဖြစ်တဲ့ Julie Bishop ကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် အဖြစ် ဧပြီလ ၅ ရက်နေ့က တာဝန်ပေးအပ်ခဲ့ပါတယ်။ ဒီတာဝန်ယူခဲ့ပြီးနောက် မြန်မာ့အရေးအတွက် အာဆီယံအတွင်းရေးမှူးချုပ်နဲ့ ပထမဆုံး တွေ့ဆုံ ဆွေးနွေးတာဖြစ်ပါတယ်။ မေလ ၂၉ ရက်နေ့တုန်းကတော့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် Julie Bishop နဲ့ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield တို့ တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာ ပြည်သူတွေကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေ တိုးလာနေတဲ့ အခြေအနေတွေကို သံတမန် ၂ ဦးဆွေးနွေးခဲ့တဲ့အကြောင်း ကုလဆိုင်ရာ အမေရိကန်သံရုံးပြောခွင့်ရသူက သတင်းထုတ်ပြန်ခဲ့ပါတယ်။
Forum