{{Zawgyi/Unicode}}
ယူကရိန်းအပေါ် အပြင်းအထန်ကျူးကျော်တိုက်ခိုက်နေတဲ့ ရုရှားနိုင်ငံအနေနဲ့ လိုအပ်လာနေတဲ့ လက်နက်ခဲယမ်းမီးကျောက်တွေအတွက် တတိယနိုင်ငံတွေကတဆင့် ဝယ်ယူဖို့ ကြိုးပမ်းအားထုတ်မှုတွေထဲ မြန်မာနိုင်ငံလည်းပါဝင်နေကြောင်း ယူကရိန်းထောက်လှမ်းရေးအကြီးအကဲက ဗွီအိုအေကို ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်းကပြောကြားခဲ့ပါတယ်။ ဒီသတင်းသာ မှန်ခဲ့မယ်ဆိုရင် ဒေသတွင်းလုံခြုံရေးသာမက ကမ္ဘာ့လုံခြုံရေးအတွက်ပါ အထူးစိုးရိမ်မိကြောင်း NUG အစိုးရက ပြောဆိုလိုက်ပါတယ်။ တဘက်မှာလည်း မြန်မာလို နိုင်ငံသေးတနိုင်ငံကတဆင့် ရုရှားက လက်နက်ကျည်ဆံတွေ ဘယ်လို ဝယ်ယူလို့ ရမလဲ။
မအင်ကြင်းနိုင်က အကြောင်းစုံကို တင်ပြပေးထားပါတယ်။
ယူကရိန်းနိုင်ငံ Kyiv မြို့တော်က ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနမှာ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ ဗွီအိုအေ အရှေ့ ဥရောပ ဗျူရိုအကြီးအကဲ Myroslava Gongadze နဲ့ ယူကရိန်းထောက်လှမ်းရေး အကြီးအကဲ Kyrylo Budanov တို့တွေ့ဆုံမေးမြန်းထားတဲ့အထဲမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့အချက်ပါဝင်ခဲ့ပါတယ်။ ယူကရိန်းကို အပြင်းအထန်တိုက်ခိုက်နေတာကြောင့် ရုရှားအစိုးရအနေနဲ့ လက်နက်ခဲယမ်းမီးကျောက်တွေ အကြီးအကျယ်လိုအပ်နေတာပါ။ ရုရှားရဲ့ အနီးကပ်မဟာမိတ်တွေဖြစ်တဲ့ အီရန်နဲ့ မြောက်ကိုရီးယားနိုင်ငံတွေဆီကနေ ရုရှားက လိုအပ်နေတဲ့ ဒုံးကျည်လက်နက်တွေ ဝယ်ယူနေတဲ့သတင်းတွေ ထွက်ပေါ်နေပေမယ့်လည်း အီရန်အစိုးရကတော့ ယူကရိန်း ကျူးကျော်စစ်မဖြစ်ခင်ကတည်းက ရောင်းချထားတာတွေဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။
ရုရှားတပ်ဖွဲ့တွေဘက်မှာ အမြောက်ကျည်၊ ဒုံးကျည်တွေ ပြတ်လပ်သလောက်ဖြစ်နေပြီး ရုရှားထုတ်လက်နက်တွေကို အသုံးပြုနေတဲ့ တတိယနိုင်ငံတွေဆီက ပြန်လည်ဝယ်ယူဖို့ ရုရှားက စဉ်းစားလာတာဖြစ်ကြောင်း ယူကရိန်း ထောက်လှမ်းရေးအကြီးအကဲက ဗွီအိုအေနဲ့ မေးမြန်းခန်းမှာ ပြောကြားခဲ့တာပါ။ အဲဒီလို တတိယနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်ကြောင်း သူက ထုတ်ဖေါ်ပြောကြားခဲ့ပါတယ်။ ဒီစွပ်စွဲပြောဆိုချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီကို ဗွီအိုအေက ကြိုးစားဆက်သွယ်ခဲ့ပေမယ့် ဖုန်းကိုင်ဖြေဆိုခြင်း မရှိခဲ့ပါဘူး။
တကယ်လို့ ယူကရိန်းကျူးကျော်စစ်မှာ ရုရှားဟာ မြန်မာစစ်တပ်နဲ့ပူးပေါင်းပြီး အသုံးချမယ် ဆိုရင် ဒေသတွင်းလုံခြုံရေးသာမက ကမ္ဘာကြီးတည်ငြိမ်ရေးကို ပါ ထိခိုက်လာမှာကို စိုးရိမ်မိကြောင်း NUG အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇောက ဗွီအိုအေကို zoom ကနေ ပြောကြားခဲ့ပါတယ်။
“တော်တော်စိုးရိမ်မိတယ်။ စိုးရိမ်မိတယ်ဆိုတာက နှစ်ခုပေါ့နော်၊ ကမ္ဘာကြီးရဲ့လုံခြုံရေးကိုထိခိုက်တယ်။ နောက်တခုကကျတော့ ကျနော်တို့မြန်မာနိုင်ငံရဲ့အကြမ်းဖက်စစ်တပ်နဲ့တွဲပြီးတော့ မြန်မာနိုင်ငံကိုခုတုံးလုပ်ပြီးတော့ သုံးသွားမယ်ဆိုတာ အင်မတန်မှလည်း စိုးရိမ်စရာတခုပေါ့။ ဒီသတင်းက ဘယ်လောက်ခိုင်မာလဲတော့ ကျနော်တို့လည်း မသိဘူး၊ ဒါပေမဲ့ ဒီသတင်းက အမှန်ဖြစ်ခဲ့မယ်ဆိုရင် ကျနော်တို့နိုင်ငံလုံခြုံရေး၊ ကျနော်တို့ရဲ့အရှေ့တောင်အာရှလုံခြုံရေး၊ အာရှတိုက်လုံခြုံရေးတွေတင်မက ဥရောပတိုက်နဲ့ကမ္ဘာ့လုံခြုံရေးအတွက်ပါ ထိခိုက်စေတဲ့အရာတခုလို့ မြင်မိတယ်။ ဒီဟာ မှန်ခဲ့မယ်ဆိုရင်တော့ တော်တော်စိုးရိမ်စရာကောင်းတဲ့ကိစ္စတခုလို့လည်း ထင်မြင်မိပါတယ်ဗျ။”
အင်အားကြီးအနောက်နိုင်ငံတွေက ဝိုင်းဝန်းပိတ်ဆို့ အရေးယူထားတဲ့ ရုရှားနိုင်ငံအတွက် အကန့်အသတ်တွေရှိနေတာပါ။ ဒါကြောင့် အမြောက်ကျည်ဆံတွေ၊ ဒုံးကျည်တွေကို မြန်မာလို နိုင်ငံကို ကြားခံတဆင့်ထားပြီး ဝယ်ယူနိုင်ခြေရှိမယ်ဆိုတဲ့ သုံးသပ်ချက်တွေရှိပါတယ်။ ဘယ်လို လမ်းကြောင်းမျိုးနဲ့ ဖြစ်နိုင်ခြေရှိမလဲ။ ဦးကျော်ဇောရဲ့ အမြင်ကတော့-
“မြန်မာစစ်တပ်က စစ်တပ်မဟုတ်တော့ဘူး၊ မြန်မာနိုင်ငံကို ကာကွယ်ပေးတဲ့စစ်တပ်မဟုတ်တော့ဘဲနဲ့ ကိုယ့်တိုင်းပြည်ကို ကိုယ်ပြန်လုယူဖို့၊ ကိုယ့်လူမျိုးကို ကိုယ်နှိပ်ကွပ်ဖို့အတွက် လုပ်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတခုဖြစ်လာတယ်။ အဲဒီတော့ ဒီလို ပူးပေါင်းဆောင်ရွက်ခြင်းဟာ ကျနော်တို့အတွက်က အင်မတန်- မြန်မာနိုင်ငံအတွက်ပေါ့နော်၊ မြန်မာပြည်သူလူထုအတွက်က စိုးရိမ်စရာ ဘာလဲဆိုတော့ မြန်မာစစ်တပ်အနေနဲ့ကတော့ ရုရှားစစ်တပ်ကို လက်နက်ပေးဖို့လည်း သူတို့မှာအင်အားမရှိဘူး။ ရုရှားကနေ သူတို့ပြန်ဝယ်နေတာ။ ပြန်ဝယ်နေရတဲ့အနေအထား။ ဒါပေမဲ့ ရုရှားက မြန်မာနိုင်ငံကို မြန်မာစစ်တပ်ကိုအသုံးချပြီး သူ့ရဲ့ခရိုနီတွေကိုအသုံးချပြီးတော့ ကြားကနေပြီးတော့ လက်နက်တွေဝယ်တဲ့၊ ခဲယမ်းမီးကျောက်တွေဝယ်တဲ့အနေအထားလို့- အဲဒါမျိုးသုံးတပ်တာကိုတော့ ကျနော်ထင်မြင်မိတယ်ပေါ့နော်။”
အာဏာသိမ်းထားတဲ့ မြန်မာစစ်ကောင်စီကို အနောက်နိုင်ငံတွေက ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုတွေရှိနေပေမယ့် အားနည်းချက်တွေရှိနေပြီး ထိရောက်မှုတွေမရှိတဲ့အပေါ်မှာ ရုရှားနဲ့ မြန်မာစစ်တပ်တွေက ပူးပေါင်းအသုံးချဖို့ ကြိုးစားလာတာဖြစ်နိုင်တယ်လို့လည်း ဦးကျော်ဇောက သုံးသပ်ပါတယ်။
တဖက်မှာလည်း အိမ်နီးချင်း တရုတ်နိုင်ငံက မြန်မာကို ကြားခံထားပြီး ရုရှားကို လက်နက်ခဲယမ်းတွေ ပေးပို့ဖို့ လုပ်လာနိုင်တယ်လို့ သုံးသပ်ကြပါတယ်။ ဒီသုံးသပ်ချက်တွေနဲ့ ပတ်သက်လို့ ဦးကျော်ဇောရဲ့ အမြင်ကတော့-
“ကျနော်တို့မြန်မာနိုင်ငံကိုအသုံးချပြီးတော့ ဒီလိုမျိုး အင်အားကြီးနိုင်ငံတွေအားပြိုင်တဲ့အနေအထားမျိုးက ကျနော်တို့အစိုးရက လက်ခံနိုင်စရာအကြောင်းလည်းမရှိဘူး၊ မသင့်တော်ဘူး၊ မဖြစ်စေချင်ဘူးပေါ့နော်။ ကျနော်တို့အနေနဲ့ကတော့ အဲဒီသတင်းကြားတဲ့ဟာကို စိုးရိမ်မှုရှိပါတယ်။ စိုးရိမ်မှုရှိတယ်ဆိုတာက မြန်မာနိုင်ငံရဲ့အကျိုးစီးပွါး လုံခြုံ ဘာခေါ်မလဲ stabitlity၊ ဒေသ stabitlity၊ ကမ္ဘာရဲ့လုံခြုံရေးနဲ့ငြိမ်းချမ်းရေးအတွက် စိုးရိမ်မိတယ်ပေါ့နော်။”
မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေတွေကို စောင့်ကြည့်လေ့လာနေတဲ့ Justice For Myanmar (JFM) အဖွဲ့ရဲ့ အစီရင်ခံစာတစောင်မှာ ဖေါ်ပြထားတာကတော့- ရုရှားအနေနဲ့ သူ့ရဲ့ အာရှစီးပွားရေးဈေးကွက်အတွက် မြန်မာနိုင်ငံကို အခြေပြုဖို့ စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားထားတယ်လို့ ဆိုပါတယ်။ အခုလို ယူကရိန်းကျူးကျော်စစ်အတွက် ရုရှား၊ မြန်မာ စစ်ခေါင်းဆောင်တွေ ပူးပေါင်းလာနိုင်တဲ့ သတင်းတွေထွက်ပေါ်လာဟာ လူသားတွေအတွက် အန္တရာယ်ဖြစ်လာနိုင်တဲ့ အခြေအနေရှိနေပြီး ကမ္ဘာလုံးဆိုင်ရာ တုံ့ပြန်ဖို့ လိုအပ်ကြောင်း ဗွီအိုအေကို တုံ့ပြန်တဲ့ JFM ရဲ့စာမှာ ရေးသားထားပါတယ်။
"မြန်မာစစ်ကောင်စီနဲ့ ရုရှားအစိုးရတို့ဟာ အဓိကမဟာမိတ်တွေဖြစ်ကြသလို ရက်စက်ကြမ်းကြုတ်လှတဲ့ ရာဇဝတ်မှုတွေကိုလည်း အသီးသီးကျူးလွန်နေကြသူတွေဖြစ်ပါတယ်။ ယူကရိန်းအပေါ် ရုရှားကျူးကျော်စစ်ကို စစ်ကောင်စီက တရားဝင်ထောက်ခံအားပေးထားပြီး ရုရှားအနေနဲ့ သူ့အပေါ် စီးပွားရေးပိတ်ဆို့အရေးယူမှုတွေကို ရှောင်လွဲှနိုင်ရေး မြန်မာကို အသုံးပြုဖို့လည်း မြန်မာစစ်ခေါင်းဆောင်တွေက ပွင့်ပွင့်လင်းလင်း ကမ်းလှမ်းထားပါတယ်။ စစ်ရာဇဝတ်မှုတွေ၊ လူသားထုအပေါ် ရာဇဝတ်မှုတွေကို ကျူးလွန်နေတဲ့ စစ်ကောင်စီကို ရုရှားက လက်နက်တွေ ထောက်ပံ့ပေးနေတာဖြစ်ပြီး တခါ ရုရှားက ယူကရိန်းကျူးကျော်စစ်အတွက် လိုအပ်နေတဲ့ လက်နက်ခဲယမ်းတွေအတွက် စစ်ကောင်စီကို အသုံးချမယ်ဆိုရင် မြန်မာစစ်အာဏာရှင်တွေဟာ ဘယ်လိုခြိမ်းခြောက်နေသလဲဆိုတာ ပြသနေတာဖြစ်ပြီး ဒီအတွက်လည်း ကမ္ဘာလုံးဆိုင်ရာ တုံ့ပြန်မှုလိုအပ်နေကြောင်း” Justice for Myanmar အဖွဲ့က ဗွီအိုအေကို တုံ့ပြန်ထားတဲ့ စာမှာရေးသားထားပါတယ်။
==============
{{Unicode}}