သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလလူ့အခွင့်အရေးကောင်စီ ညီလာခံမှာ ရုရှားကျူးကျော်စစ် လွှမ်းမိုးနေ 


ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံ။ (ဖေဖော်ဝါရီ ၂၇၊ ၂၀၂၃)
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ညီလာခံ။ (ဖေဖော်ဝါရီ ၂၇၊ ၂၀၂၃)

ဂျနီဗာမြို့မှာ သီတင်း ၅ ပတ်ခွဲကြာကျင်းပမယ့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ညီလာခံအဖွင့်မှာပဲ ယူကရိန်းအပေါ် ရုရှားကျူးကျော်စစ်က အဓိကလွှမ်းမိုးနေပါတယ်။ ရုရှားရဲ့ရန်လိုမှုကြောင့် လူအမြောက်အမြား‌ သတ်ဖြတ်ခံနေရပြီး ဒီကနေ့ခေတ်မှာ အဆိုးရွားဆုံး လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကြုံနေရတယ်လို့လည်း ကုလသမဂ္ဂ အကြီးအကဲက ပြောဆိုလိုက်တာပါ။

“နေရာအနှံ့အပြားမှာ သေဆုံးမှုတွေ၊ ထိခိုက်ပျက်စီးမှုတွေနဲ့ နေရပ်စွန့်ခွာရမှုတွေ ပေါ်ပေါက်ခဲ့ရပါတယ်။ အရပ်သားတွေ၊ အရပ်ဖက် အဆောက်အအုံတွေကို တိုက်ခိုက်မှုတွေကြောင့် အများအပြားသေကြေထိခိုက်ခဲ့ရပြီး ဆိုးရွားတဲ့ဒုက္ခတွေကြုံကြရပါတယ်။” လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က တနင်္လာနေ့ လူ့အခွင့်အရေးကောင်စီညီလာခံ အဖွင့်မိန့်ခွန်းမှာ ပြောကြားသွားတာပါ။

ပြီးခဲ့တဲ့နှစ်က အဖွဲ့ဝင်အဖြစ်ကနေ ဆိုင်းငံ့ထားတဲ့ ရုရှားကတော့ ပထမဆုံးအကြိမ် အဖြစ် ဒီ အစည်းအဝေးတွေမှာ ကိုယ်စားပြု ပြန်လည်ပါဝင်လာဖို့ရှိနေပါတယ်။

“အသက်၊ လွတ်လပ်ခွင့်၊ လုံခြုံစိတ်ချစွာနေထိုင်နိုင်ခွင့်နဲ့ အခြားအခွင့်အရေး၊ လွတ်လပ်ခွင့်တွေအာမခံပြီး ပြဌာန်းထားတဲ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးကြေညာစာတမ်းဟာ “ဘက်ပေါင်းစုံကနေ စော်ကားတိုက်ခိုက်ခံနေရပါတယ်” လို့လည်း ကုလသမဂ္ဂအကြီးအကဲက စိုးရိမ်စရာ လူ့အခွင့်အရေးအခြေအနေကို အလေးထားတင်ပြခဲ့ပါတယ်။

ကမ္ဘာတဝန်းမှာလည်း လူ့အခွင့်အရေး ဖြစ်ပေါ်တိုးတက်မှုရပ်တန့်သွားသလို တချို့ ဖြစ်စဉ်တွေမှာဆိုရင် လူသားဖွံ့ဖြိုးတိုးတက်မှုက နောက်ကြောင်းပြန်နေပြီလို့လည်း သူကသတိပေးခဲ့ပါတယ်။ အလွန်အမင်းဆင်းရဲမွဲတေမှုနဲ့ ငတ်မွတ်ခေါင်းပါးမှုဟာ ဆယ်စုနှစ်များစွာအတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် မြင့်တက်လာနေကြောင်းလည်း ပြောပါတယ်။ အကြမ်းဖက်မှု၊ ပဋိပက္ခနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် လူပေါင်း သန်း ၁၀၀ ကျော် နေရပ်စွန့်ထွက်ပြေးနေရတယ် လို့လည်း ပြောပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türk ကတော့ ဆယ်စုနှစ်များစွ လုပ်ဆောင်ခဲ့ရတဲ့ တိုးတက်မှုအများစုဟာ နောက်ပြန်ဆုတ်သွားပြီလို့ ဆိုပါတယ်။

အဖွဲ့ဝင် ၄၇ ဦး ပါ လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ မြန်မာ၊ အာဖဂန်နစ္စတန်၊ ဆီးရီးယား အစရှိတဲ့ နိုင်ငံတွေက လူ့အခွင့်အရေး အခြေအနေတွေကိုလည် သုံးသပ် ဆွေးနွေးကြဖို့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

==================

{{Unicode}}









XS
SM
MD
LG