သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

G-20 နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေး ယူကရိန်းအရေး ဆွေးနွေးဖို့ရှိ


India G20 Finance
India G20 Finance

{{Zawgyi/Unicode}}

ယူကရိန်းစစ်ပွဲကြောင့် ပထဝီနိုင်ငံရေးတင်းမာမှုတွေ ပိုပြီး ကြီးထွားလာနေချိန်မှာပဲ စက်မှုအင်အားကြီး နိုင်ငံ ၂၀၊ G-20 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်မှာ ကျင်းပမှာဖြစ်ပါတယ်။

ယူကရိန်းစစ်ပွဲကြောင့် ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံတွေကြား သဘောတူညီချက်ရရှိရေးအတွက် အခက်အခဲတခုဖြစ်နေပါတယ်။ ကြာသပတေးနေ့ ဆွေးနွေးပွဲမှာတော့ ယူကရိန်းစစ်ပွဲအရေးက အရေးကြီးတဲ့ကိစ္စတခုအဖြစ် ပါဝင်မှာဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောထားပါတယ်။

ရုရှား - ယူကရိန်းပဋိပက္ခရဲ့ သဘောသဘာဝနဲ့ အခြေအနေဖြစ်ထွန်းမှုတွေအရ ဆွေးနွေးပွဲမှာ အရေးကြီးတဲ့အချက်တခုဖြစ်မယ့်အကြောင်း အိန္ဒိယနိုင်ငံခြားရေးဌာနအတွင်းဝန် Vinay Kwatra က ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ဒီနှစ်အတွက် G-20 ဥက္ကဋ္ဌအဖြစ် အိန္ဒိယက ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

G-20 နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကိုတော့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Antony Blinken ၊ ရုရှား နိုင်ငံခြားရေးဝန်ကြီး Sergei Lavrov နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Qin Gang တို့လည်း တက်ရောက်ကြမှာဖြစ်ပါတယ်။ ယူကရိန်းစစ်ပွဲအရေးအပြင် ပြီးခဲ့တဲ့ လအတွင်း အမေရိကန်အရှေ့ဘက်ကမ်းလွန်မှာ တရုတ်ထောက်လှမ်းရေးလို့သံသယရှိထားတဲ့ မိုးပျံပူပေါင်းကို အမေရိကန်က ပစ်ချခဲ့ပြီးနောက်မှာတော့ အမေရိကန်နဲ့တရုတ်ကြား တင်းမာမှုလည်း ထပ်ပြီး ဖြစ်နေတာပါ။

ပြီးခဲ့တဲ့သီတင်းပတ်အတွင်း အိန္ဒိယကလက်ခံကျင်းပခဲ့တဲ့ G-20 ဘဏ္ဍာရေး ဝန်ကြီးများအစည်းအဝေးမှာ လွှမ်းမိုးခဲ့တဲ့တင်းမာမှုတွေဟာ အခု နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးမှာလည်း ထပ်ပြီး တွေ့ရနိုင်တယ်လို့ သုံးသပ်သူတွေက ပြောဆိုကြပါတယ်။

ရုရှားအစိုးရရဲ့ကျူးကျော်မှုကိုရှုတ်ချတဲ့အသုံးအနှုန်းကို တရုတ်နဲ့ ရုရှားက ကန့်ကွက်ခဲ့တာကြောင့် G-20 ဘဏ္ဍာရေးဝန်ကြီးများအစည်းအဝေးမှာ ပူးတွဲ ကြေညာချက်မထုတ်နိုင်ဘဲ အဆုံးသတ်ခဲ့ရတာပါ။ နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲမှာတော့ အမေရိကန်ပြည်ထောင်စုနဲ့ မဟာမိတ်တွေက ယူကရိန်း စစ်ပွဲအရေး ပြင်းထန်တဲ့ ရပ်တည်ချက်ချမှတ်ဖို့ တွန်းအားပေးကြမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

================

{{Unicode}}








XS
SM
MD
LG