သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင် မိုးမောက်တိုက်ပွဲ ၅ ရက်မြောက် ပြင်းထန်နေဆဲ


KIA ကချင်လွတ်လပ်ရေးတပ်ဖွဲ့ဝင်တချို့။ (နိုဝင်ဘာ ၀၂၊ ၂၀၁၃)
KIA ကချင်လွတ်လပ်ရေးတပ်ဖွဲ့ဝင်တချို့။ (နိုဝင်ဘာ ၀၂၊ ၂၀၁၃)

[Zawgyi/Unicode]

ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်းမှာ တိုက်ပွဲတွေဟာ ၅ ရက်မြောက်နေ့အထိ တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပြီး ဒီကနေ့ လေယာဉ်နဲ့ လာရောက်တိုက်ခိုက်တာ အနည်းဆုံး ၅ ကြိမ်လောက်ရှိသလို မြေပြင်ကနေလည်း တိုက်ခိုက်တာတွေ ရှိကြောင်း KIA ပြောခွင့်ရသူက ပြောပါတယ်။ ဒီလိုတိုက်ခိုက်နေချိန်မှာ ဗန်းမော်နဲ့ ဟိုပင်စတဲ့မြို့တွေမှာလည်း ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တဲ့အကြောင်း ရန်ကုန်က လာတဲ့သတင်းကို ကိုသားညွန့်ဦး ပြောပြပါမယ်။

ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်က မြို့သစ်၊ ကုန်းလော၊ စီဟတ်စတဲ့ ကျေးရွာတွေရဲ့ အရှေ့ဘက်က တောင်ကြောပေါ်မှာ စစ်ကောင်စီတပ်နဲ့ KIA ကချင်လွတ်လပ်ရေးတပ်အကြား ပြီးခဲ့တဲ့ စနေနေ့က တိုက်ပွဲပြန်လည်ဖြစ်ခဲ့တာပါ။

ဒီတိုက်ပွဲတွေဟာ ဒီကနေ့ ၅ ရက်မြောက်နေ့အထိလည်း ပြင်းပြင်းထန်ထန်ဖြစ်နေဆဲဖြစ်ကြောင်း KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

“ဒီနေ့လည်း တိုက်ပွဲဆက်ဖြစ်ပါတယ်။ ဒီမနက် အစောကြီးက မြေပြင်တိုက်ပွဲတွေ ဖြစ်ပါတယ်။ ၈ နာရီ မထိုးခင်တောင်မှ လေယာဉ်နဲ့ လာပစ်တာ ၃ ကြိမ်၊ ၄ ကြိမ်ရှိပြီ။ အခုညနေစောင်းထိရော ၄၊ ၅ ကြိမ်လောက် ရှိပါပြီ။ သူတို့ လာပစ်တာပေါ့နော်။ မြေပြင်နဲ့ တက်တာလည်း ရှိတယ်။ ပြင်းလည်း အတော်ပြင်းထန်တဲ့ အနေအထားပါ။”

လက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ နေရာဟာ ဒေသခံတွေက စလောင်းကုန်းလို့ ခေါ်တဲ့ ဆက်သွယ်ရေးတာဝါတိုင်ရှိရာ တောင်ကုန်းနေရာမှာဖြစ်ပါတယ်။

ဒီတောင်ကုန်းမှာ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ အဓိကအကြောင်းကို ဗိုလ်မှူးကြီးနော်ဘူက အခုလို ဆက်ပြောပါတယ်။

“သူတို့ မိုက်ကရိုဝေ့ဖ် တာဝါထားတဲ့နေရာ၊ အဲဒါကတော့ ဒီ မြို့သစ်၊ ကုန်းလောရဲ့ အခြေခံ ကျတဲ့ ဗျူဟာကုန်းဖြစ်ပါတယ်။ မြစ်ကြီးနား မော်တော်ကားလမ်းတွေကို ထိန်းချုပ်တာတွေ၊ မြို့သစ်၊ ကုန်းလော၊ စီဟတ်တွေကို ထိန်းတာတွေ အားလုံး စစ်ရေးနဲ့ ချုပ်ပြီးမှ ကြည့်ရမယ်ဆိုရင်တော့ အဲဒီကုန်းက တော်တော် အရေးကြီးတဲ့ တောင်ကုန်းဖြစ်ပါတယ်။ အဲဒီနေရာမှာ (KIA) က နေရာယူ တိုက်ခိုက်နေလို့ ဒီ စစ်ကောင်စီဘက်မှာလည်း အဲဒီကုန်း မရ၊ ရအောင် ပြန်ပြီးမှ တိုက်လာတာ၊ အဲဒီကနေ ပြန်အခြေခံပြီးမှ အလောဘွမ်တောင်ကို ပြန်တိုက်ဖို့ ဖြစ်ပါတယ်။ သူတို့ကတော့ ဗျူဟာအရက။”

မြို့သစ်၊ ကုန်းလော၊ စီဟတ် စတဲ့ရွာတွေဟာ ဗန်းမော်- မြစ်ကြီးနားကားလမ်းမှာ တည်ရှိပြီး လက်ရှိ တိုက်ပွဲဖြစ်နေတဲ့ စလောင်းကုန်းကတော့ အလောဘွမ်စခန်းနဲ့ ခြေလျင် ၃ နာရီ ခရီးအကွာလောက်မှာ ရှိနေတာဖြစ်ပါတယ်။

ဒီကနေ့ ကချင်ပြည်နယ်အတွင်းက အခြားဒေသတွေမှာ တိုက်ပွဲဖြစ်ပွားတယ်ဆိုတဲ့ သတင်း တက်လာတာ မရှိသေးဘူးလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုပါတယ်။

ဒီလို တိုက်ပွဲဖြစ်ပွားတာမရှိပေမဲ့ ဒီကနေ့ ဗန်းမော်မြို့မှာ အသံမိုင်း တစ်လုံးပေါက်ကွဲခဲ့ကြောင်းနဲ့ ထိခိုက်သေကြေတော့ မရှိကြောင်း ဗန်းမော်မြို့ခံတစ်ဦးက ပြောပါတယ်။

“ဒီနေ့ကတော့ မနက်ပိုင်းမှာ စုပေါင်းရုံးရှေ့မှာ အသံမိုင်းတစ်ခုတော့ ကွဲတာပေါ့။ ၈ နာရီခွဲလောက်မှာ။ အထိအခိုက်တော့ မရှိဘူး။”

ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက်နေ့က ဗန်းမော်မြို့ လေယာဉ်ကွင်းအနားမှာ ပေါက်ကွဲမှု တစ်ကြိမ်ဖြစ်ပွားခဲ့သလို ၂၄ ရက်နေ့ကလည်း ဗန်းမော်တက္ကသိုလ်အနီးမှာ တပ်မတော်နဲ့ KIA အကြား ပစ်ခတ်မှုဖြစ်တာကြောင့် အရပ်သား ၃ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

အင်္ဂါနေ့ ည ၁၁ နာရီလောက်မှာတော့ ဟိုပင်မြို့နဲ့ ကြာကြီးကွင်း ကျေးရွာအကြားက တဝက်ချောင်က ကားလမ်းနဲ့ ရထားလမ်း တံတား ၂ ခုကို မိုင်းခွဲတိုက်ခိုက်ခံရပါတယ်။

ဒီမိုင်းခွဲတိုက်ခိုက်မှုမှာ ရထားလမ်းက အထိအခိုက် အပျက်အဆီး များခဲ့ပေမဲ့ ကားလမ်းကတော့ ထိခိုက်မှုသိပ်မရှိဘဲ ပုံမှန် သွားလာနေကြောင်းကို ဟိုပင်ဒေသခံတစ်ဦးက ပြောပါတယ်။

“ရထားလမ်းကတော့ တော်တော်လေး ပျက်ဆီးတယ်လေ။ ကားလမ်းက ပျက်ဆီးတဲ့ တံတားကတော့ ကားအသွားအလာတွေက အကုန်လုံး ပြန်ပုံမှန်ဖြစ်နေတာလေ။ နည်းနည်းပဲ ပျက်သွားတာပေါ့ သူက။”

အခုချိန်မှာတော့ ရထားအသွားအလာတွေလည်း ရပ်ဆိုင်းနေတာကြောင့် ဒေသခံတွေအပေါ် ထူုးခြားတဲ့ သက်ရောက်မှု မရှိဘူးလို့လည်း ပြောပါတယ်။

ကချင်ပြည်နယ်အတွင်းမှာ မတ်လ ၁၁ ရက်နေ့က စတင်ပြီး တပ်မတော်နဲ့ KIA အကြား တိုက်ပွဲတွေ စတင်ခဲ့တာပါ။ မတ်လ ၂၅ ရက်နေ့မှာတော့ KIA က တပ်မတော်ရဲ့ အလောဘွမ်တပ်စခန်းကို သိမ်းပိုက်ခဲ့တဲ့နောက် မိုးမောက်မြို့နယ်အတွင်း တိုက်ပွဲတွေ ပြင်းထန်လာခဲ့ပြီး စစ်ရှောင်ပြည်သူ ၂,၇၀၀ ကျော်လောက်ဟာ ဗန်းမော်၊ မိုးမောက်မြို့တွေနဲ့ မန်နောင်ကျေးရွာတွေကို တိမ်းရှောင်နေကြရပါတယ်။

လက်ရှိ မိုးမောက်မြို့နယ်အတွင်း ဖြစ်ပွားတဲ့တိုက်ပွဲနဲ့ ပတ်သက်လို့ တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားတာ မရှိပါဘူး။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြီးခဲ့တဲ့ အင်္ဂါနေ့က ဖာပွန်ခရိုင်အတွင်းရှိ လုံခြုံရေးအင်အားနည်းပါးတဲ့ တပ်မတော်စခန်းကို KNU တပ်မဟာ ၅ က NCA အပစ်ရပ်စာချုပ်ကို ချိုးဖောက် တိုက်ခိုက်ခဲ့ကြောင်းနဲ့ တပ်မတော်အနေနဲ့ လိုအပ်တဲ့ စစ်ဆင်ရေးတွေကို ဆောင်ရွက်သွားမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]





















XS
SM
MD
LG