သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင် မိုးမောက်တိုက်ပွဲ တပ်မတော်လေကြောင်းသုံးတိုက်ခိုက်


This photo taken on July 28, 2016 shows two Myanmar armed rebels from the Kachin Independence Army (KIA) securing the compound (behind) where Myanmar ethnic rebel leaders and representatives have gathered for a four-day summit in Mai Ja Yang, the KIA cont
This photo taken on July 28, 2016 shows two Myanmar armed rebels from the Kachin Independence Army (KIA) securing the compound (behind) where Myanmar ethnic rebel leaders and representatives have gathered for a four-day summit in Mai Ja Yang, the KIA cont

{{Zawgyi/Unicode}}
ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်းမှာ တပ်မတော်နဲ့ KIA ကချင်လွတ်လပ်ရေးတပ်ဖွဲ့အကြား တိုက်ပွဲတွေဟာ ဒီကနေ့ ထိ ဆက်လက်ဖြစ်ပွားနေပြီး တပ်မတော်က လေကြောင်းကပါ ဆက်လက်တိုက်ခိုက်နေကြောင်း ဒေသခံတွေပြောပါတယ်။ တချိန်တည်းမှာတော့ ဗန်းမော်မြို့က လေယာဉ်ကွင်းအနီးမှာလည်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။ ရန်ကုန်က ပေးပို့တဲ့သတင်းကို ကိုငြိမ်းချမ်းပြောပြပါမယ်။

မိုးမောက်မြို့နယ် မြို့သစ်အနီးဖြစ်ပွားတဲ့ တိုက်ပွဲတွေဟာ ဒီလ ၂၄ရက်နေ့ ပြန်လည်စတင်ခဲ့ပြီး ဒီနေ့ ဆိုရင် ၃ရက်ဆက်တိုက် ဆက်လက်ဖြစ်ပွားနေတာပါ။

ဒီကနေ့ တိုက်ပွဲဖြစ်ပွားတဲ့အခြေအနေကို ဒေသခံတစ်ဦးက VOA ကို အခုလို ပြောပါတယ်။

“ မြို့သစ်၊ ကုန်းလော အထက်ဖက်။ ဘာလဲ စလောင်းကုန်းဟိုဖက်မှာ တိုက်ပွဲဖြစ်ကြတာ။ ဒီကနေ့ မနက်လည်း ပစ်သေးတယ်။ အခုကတော့ သေနတ်သံတွေကတော့ မကြားရဘူး။ ခုနတုံးကတော့ လေယာဉ်ပျံနဲ့ ဗုံး ၂ခေါက်၊ ၃ခေါက်လောက်လာကြဲသွားတာ။ ခုနက။ ”

လက်ရှိဖြစ်ပွားနေတဲ့ စလောင်းကုန်းခေါ် တာဝါတိုင်ကုန်းမှာဖြစ်ပွားနေပြီး ၂၄ရက်နေ့ တိုက်ပွဲစတင်ချိန်တည်းက တပ်မတော်ဘက်က နေ့စဉ်ဆိုသလို လေကြောင်းကပါ လာရောက်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။

KIA ရဲ့ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှုးကြီးနော်ဘူက ဒီကနေ့ တိုက်ပွဲတွေဟာ ဗန်းမော် - မြစ်ကြီးနား ကားလမ်းအရှေ့ဘက်ခြမ်းမှာ ဆက်လက်ဖြစ်ပွားနေကြောင်း ပြောပါတယ်။

“ တိုက်ပွဲအခြေအနေက ဆက်ဖြစ်နေတဲ့ အနေအထားဖြစ်ပါတယ်။ ဟို မြို့သစ်၊ ကုန်းလော၊ နွမ်းလန်းပေါ့ အဲဒီ ကားလမ်း တလျှောက်ကနေ ဒီအလော့ဘွမ်တောင်ခြေရင်းဘက်ကို ထိုးတက်လာတဲ့ စစ်ကောင်စီ တပ်မတော်တွေကို KIA ကနေ ခုခံ တိုက်ပွဲတွေ လုပ်နေတဲ့ အနေအထားဖြစ်ပါတယ်။အခု ၃ရက်လောက်ရှိပြီ ဆက်တိုက် ဆက်တိုက် တိုက်ပွဲတွေဖြစ်တာ။ လေကြောင်းကနေ တိုက်ခိုက်တာကတော့ ရှိတယ်လို့ ပြောကြတယ်။ သတင်းအရပဲ သိရတယ်။ မျက်မြင်တော့ မဟုတ်ဘူးပေါ့။”

တိုက်ပွဲအခြေအနေ အသေးစိတ်နဲ့ ထိခိုက်မှုအခြေအနေကို မသိရသေးကြောင်းနဲ့ အခြားဒေသတွေမှာ တိုက်ပွဲဖြစ်တဲ့သတင်းလည်း မရရှိသေးကြောင်း ပြောပါတယ်။

ဒီလိုတိုက်ပွဲဖြစ်ပွားနေချိန်မှာပဲ ဒီနေ့ နေ့ခင်းပိုင်းက ဗန်းမော်မြို့ လေယာဉ်ကွင်းအနီးမှာလည်း ပေါက်ကွဲမှု တစ်ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ဗန်းမော်မြို့ခံတစ်ဦးက ပြောပါတယ်။

“ ဒီနေ့ လောလောဆည် အခုလေးတင်တောင်မှ ဗန်းမော် လေယာဉ်ကွင်းနဲ့ ကပ်နေတဲ့နေရာမှာ ဗုံးတောင်ကွဲသွားသေးတယ်။ ဘယ်သူပစ်လို့ ပစ်မှန်းမသိဘူး။ အဲဒါကြောင့် အဲဒီလမ်းတောင် ပိတ်ထားသေးတယ် အခု။ လေယာဉ်ကွင်းနဲ့ နီးတဲ့ ရပ်ကွက်ပေါ့။ ဗန်းမော်ကနေ ၂မိုင်ပဲ ဝေးတာ ဗန်းမော်မြို့တွင်းမှာပဲ။ ”

ဒီပေါက်ကွဲမှုမှာ ထိခိုက်သေဆုံးတာ မကြားသိရကြောင်း ပြောပါတယ်။

ဒီလ ၂၄ရက်နေ့ကလည်း ဗန်းမော် တက္ကသိုလ်အနီးမှာ တပ်မတော်နဲ့ KIA အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့တာ ကြောင့် အရပ်သား ၃ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

လက်ရှိ မိုးမောက်မြို့နယ် အတွင်းတိုက်ပွဲတွေဟာ KIA က တပ်မတော်ရဲ့ အလောဘွမ်တပ်စခန်းကို မတ်လ ၂၅ရက်နေ့က သိမ်းယူခဲ့ပြီး ဧပြီလ ၁၁ရက်မှာတော့ တပ်မတော်က ဂျက်တိုက်လေယာဉ်တွေနဲ့ တန်ပြန်ထိုးစစ်ဆင်ခဲ့တဲ့နောက် စစ်ရေးတင်းမာမှုတွေ မြင့်တက်လာတာပါ။

ဒီတိုက်ပွဲတွေအတွင်းမှာ အရပ်သား ထိခိုက်သေဆုံးတာတွေဖြစ်ခဲ့တဲ့နောက် ဒေသခံ ၂၅၀၀ကျော်ဟာ ဗန်းမော်၊ မိုးမောက်နဲ့ မန်နောင်ရွာတွေကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ဗန်းမော်ဒေသမှာ အခြေစိုက်တဲ့ KIA တပ်ရင်း ၁၅ကလည်း တပ်မတော် တပ်ဖွဲ့တွေကို ဘာသာရေးနဲ့ စာသင်ကျောင်း စတဲ့အဆောက်အဦးတွေမှာ လက်မခံဖို့၊ မော်တော်ယာဉ်တွေကို မိုးကာအုပ်ပြီး မသွားလာဖို့နဲ့ တပ်ရင်း၁၅ရဲ့ စစ်ရေးဆိုင်ရာကန့်သတ်နယ်မြေထဲကို ခွင့်ပြုချက်မရဘဲ ဖြတ်သန်းသွားလာတာ လုံး၀ မလုပ်ဖို့ သတိပေးချက် ထုတ်ပြန်ထားပါတယ်။

ကချင်ပြည်နယ်အတွင်း တပ်မတော်နဲ့ KIA အကြား တိုက်ပွဲတွေဟာ မတ်လ ၁၁ရက်နေ့က စတင်ဖြစ်ပွားခဲ့ပြီး အခုအချိန်မှာ ဗန်းမော်၊ မိုးမောက်၊ ဝိုင်းမော်၊ အင်ဂျန်းယန်၊ ဖားကန့်၊ တနိုင်းစတဲ့မြို့နယ်တွေနဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေပါတယ်။

.....................................

တိုက်ရိုက် လင့်ခ်

{{Unicode}}

















XS
SM
MD
LG