သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင် မိုးမောက်မှာ အရပ်သားထောင်နဲ့ချီ စစ်ဘေးရှောင်


KIA Kachin Soldiers
KIA Kachin Soldiers

{{Zawgyi/Unicode}}

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်ဘက်မှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ KIA ကချင်လွတ်လပ်ရေးတပ်ဖွဲ့ တို့အကြားဖြစ်ပွါးခဲ့တဲ့တိုက်ပွဲကြောင့် ရွာသားထောင်ကျော်ဟာ ဗန်းမော်နဲ့မိုးမောက်မြို့မှာ စစ်ဘေးလွတ်ရာ ခိုလှုံ နေရပါတယ်။ ဒီအကြောင်းဗွီအိုအေသတင်းထောက်နိုင်ကွန်းအိန်ကနေ ပြောပြပေးမှာပါ။

မြန်မာစစ်တပ်နဲ့ KIAကချင်လွတ်လပ်ရေးတပ်ဖွဲ့တို့ စစ်ရေးတင်းမာခဲ့တဲ့ ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့ နယ်မှာ ဒေသခံရွာသားထောင်နဲ့ချီ စစ်ဘေးတိမ်းရှောင်နေရတာပါ။ ဗန်းမော်မြို့နေ လူမှုအကူညီပေးဆောင်နေတဲ့ တာဝန်ရှိသူတဦးကတော့ လက်ရှိစစ်ရှောင်သူတွေရဲ့ အခြေအနေကို အခုလိုပြောပါတယ်။

"ကျနော်တို့ ဒီဗန်းမော်မှာကတော့ ရှမ်းနဲ့ဗမာတိုင်းရင်းသားတချို့ကတော့ ဘုန်းကြီးကျောင်းတွေမှာနေနေကြတယ်။ ကချင်အုပ်စုတွေနဲ့ တချို့ရှမ်းတွေကတော့ မိုးမောက် ဘာသာရေး ဘုန်းကြီးကျောင်းမှာနေနေကြတာပေါ့။ (၂၀၀၀) ကျော်ပေါ့ အခုကျနော်တို့ စာရင်းရထားတာဆိုတော့လေ"

မိုးမောက်မြို့က ဘာသာရေးကျောင်းတွေမှာလဲ စစ်ရှောင်ထောင်နဲ့ချီရှိနေတယ်လို့ မိုးမောက် KBC အသင်းတော်က ကူညီရေးဆောင်ရွက်နေတဲ့ ဆရာ ဦးထိန်နန်နော် ကပြောပါတယ်။

"ဦးရေ ကျွန်တော်တို့ မိုးမောက် နှစ်ခြင်းချတ်ထဲကိုရောက်လာတာ ဦးရေ(၆၀၀)ထိရှိတယ်။ ဒါပေမဲ့ ဒီတခြား Non -Christians တွေကကျတော့ သူတို့နဲ့သက်ဆိုင်တဲ့ ဘုရားကျောင်းဝင်းတို့ ဘုန်းကြီးကျောင်းဝင်းတို့ အဲဒီဖက်ကိုနော်။ လူဦးရေ(၁၀၀၀) လောက်ကျော်မယ် သူတို့နဲ့ပေါင်းလိုက်ရင်တော့"

မိုးမောက်မြို့နယ်မှာ KIA တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ စစ်ရေး ပြင်ထန်လာမှုကြောင့် ရှမ်းရွာသားတွေလဲ စစ်ရှောင်နေ ရတယ်လို့ ရှမ်းအကူညီပေးအဖွဲ့ဝင်စိုင်းကွမ်းခမ်းကပြောပါတယ်။

"ဗန်မော်မှာ ရှိတဲ့အမြောက်တပ်ကနေပြီးတော့ KIAတွေ ရှိနိုင်မဲ့နေရာကိုလှမ်းပစ်တယ်။ အဲဒီအခါကျတော့ အနီးချုပ်စပ် မှာရှိတဲ့ရွာသားတွေကတော့ နေလို့မရတော့ဘူး အဲဒီညချင်း နံက်လင်းအားကြီးချင်းမှာဘဲ ဒီမန်နောင်ဆိုတဲ့ရှမ်းရွာကို အားလုံးထွက်ပြေးလာကြတယ်ဗျ။ လူဦးရေ(၇၈၀) ကျော်လောက် စာရင်းကောက်ရတာပေါ့လေ။ ဧပြီ(၁၂) (၁၃)မှာလဲ ညပိုင်းတွေမှာတိုက်ပွဲတွေက ဆက်ရှိပြီးတော့ အဲဒီလက်ကျန်ကျန်တဲ့ ရွာသားတွေလည်း တောက်လျှောက်ပြန်ထွက်လာ ခဲ့တယ် အဲဒီလို။ ဖြစ်တဲ့ရွာတွေက ဗန်းမော်နဲ့မြစ်ကြီးနား Highway လမ်းမရှိတယ်ပေါ့ဗျာ။ အဲဒီနားရွာလေးထဲမှာ ဖြစ်တာပေါ့"

ဗန်းမော်နဲ့မြစ်ကြီးနားကားလမ်းဘေးက မြို့သစ်၊ မခွယ်၊ နောင်ကုန်၊ နောင်ဂွမ်၊ ပန်ချိုးဟိုင်၊ နောင်ပေါင်း စတဲ့ ရွာတွေက ရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့သူကဆိုပါတယ်။ဒီစစ်ရှောင်ရွာသားတွေကို ဒေသတွင်းအကူညီပေးအဖွဲ့တွေက လတ်တလောအကူညီပေးဆောင်နေကြတာပါ။

ပြီးခဲ့တဲ့ မတ်လ၂၅ ရက်က မြန်မာစစ်တပ်ရဲ့ ဗျူဟာကုန်းဖြစ်ခဲ့တဲ့ အလောဘွမ် (Alaw Bum) တပ်စခန်းကို ကချင် လက်နက်ကိုင် KIA တပ်တွေကတိုက်ခိုက် သိမ်းပိုက်ခဲ့တာကြောင့် ပြန်သိမ်းနိုင်ဖို့ အစိုးရတပ်တွေဖက်က ထိုးစစ်ဆင်မှု တွေပြင်းထန်နေတာပါ။

လက်ရှိဒေသအတွင်းစစ်ရေးပိုပြင်းထန်လာနိုင်တဲ့အခြေအနေကြောင့် စစ်ရှောင်တွေနေရပ်ပြန်ဖို့ ခက်ခဲနေသေးကြောင်း စိုင်းကွမ်းခမ်းကပြောပါတယ်။

"အခုဟာက အဲဒီအနားမှာက စစ်မြေပြင်လိုဖြစ်နေတော့ ပြန်ဖို့တော့ အဆင်မပြေသေးလောက်ဘူးထင်ပါတယ်။ သူတို့ တွေကလဲအခုဒီ တချို့ ဒီအချိန်ပဲပုတ်စိုက်ပျိုးတဲ့အချိန်ပေါ့လေ။ အခုဆိုနှုတ်ရတော့မယ်ဗျ။ အဲတာတွေအားလုံးကို ပစ်ပြီးတော့ ထွက်လာခဲ့ရတယ်ဆိုတော့ ။ ဒီဟာကြီးသာဆက်ရှည်သွားမယ် လချီသွားမယ်ဆိုရင်တော့ သူတို့အတွက် အခက်ခဲ နောက်တကြိမ်ပြန် ကြုံရမှာပေါ့ဗျာ"

၂၀၁၁ခုနှစ်တုန်းက မြန်မာစစ်တပ်နဲ့ KIA ကချင်လွတ်လပ်ရေးတပ်ဖွဲ့တို့ တကျော့ပြန်ဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာလဲ မိုးမောက် မြို့နယ်က ရွာသားတွေ စစ်ဘေးတိမ်းရှောင်နေရတဲ့ဖြစ်စဉ်လဲရှိခဲ့ပါတယ်။ လက်ရှိကချင်ပြည်နယ်အတွင်းစစ်ရေးတင်းမာနေတဲ့အခြေအနေကိုသိရှိဖို့ စစ်ကောင်စီပြန်ကြားရေး တာဝန်ရှိသူကိုဆက်သွယ်ခဲ့ပေမဲ့မရခဲ့ပါဘူး။

ပြီးခဲ့တဲ့ ဧပြီလ (၁၀)ရက်နေ့မှာ မိုးမောက်မြို့နယ်အတွင်း KIA နဲ့ နစကစစ်ကောင်စီတပ်ဖွဲ့တို့ပစ်ခတ်မှုကြောင့် အရပ်သား (၄)ဦး သေဆုံးခဲ့ပြီး၊ တိုက်လေယာဉ်နဲ့ပစ်ခတ်မှုကြောင့် ဘုန်းကြီးကျောင်းနဲ့လူနေအိမ်အများအပြား ပျက်စီးဆုံးရှုံးခဲ့တယ်လို့ဒေသခံတွေပြောပါတယ်။

...................................

တိုက်ရိုက် လင့်ခ်

{{Unicode}}














XS
SM
MD
LG