သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့်ရဲစခန်း ၃ ခုကို KIA တိုက်ခိုက်


KIA တပ်ဖွဲ့ဝင်အချို့။ (အောက်တိုဘာ ၂၈၊ ၂၀၁၃)
KIA တပ်ဖွဲ့ဝင်အချို့။ (အောက်တိုဘာ ၂၈၊ ၂၀၁၃)

(Zawgyi / Unicode)

ကချင်ပြည်နယ် ဖားကန့်မြို့နယ်က ရဲစခန်း ၃ ခုကို ဒီကနေ့မနက် အစောပိုင်းက KIA ကချင်လွတ်လပ်ရေးတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဘက်က အကျအဆုံးတွေ ရှိခဲ့ပါတယ်။ ရန်ကုန်ကရရှိတဲ့သတင်းကို ကိုသားညွန့်ဦး ပြောပြပါမယ်။

ဒီလ ၉ ရက်နေ့ မြစ်ကြီးနားမြို့ ဆန္ဒပြပွဲကို စစ်တပ်နဲ့ ရဲက ပစ်ခတ်ဖြိုခွင်းရာမှာ လူ ၂ ယောက် သေဆုံးပြီးတဲ့နောက် ကချင်ပြည်နယ်အတွင်းမှာ KIA က စစ်တပ်နဲ့ ရဲစခန်းတွေကို တိုက်ခိုက်လာတာပါ။

ဒီကနေ့မနက် အစောပိုင်းကလည်း ဖားကန့်မြို့နယ်အတွင်းက ရဲစခန်း ၃ နေရာကို KIA က တိုက်ခိုက်ခဲ့တဲ့အကြောင်း ဖားကန့်ဒေသခံတဦးက ဗွီအိုအေကို အခုလို ပြောပါတယ်။

“၃ နေရာလောက် တိုက်တယ်။ မြယမုံ ကုမ္ပဏီဝင်းမှာတော့ ရဲကင်းရှိတယ်လေ။ အဲဒီရဲကင်းရယ်၊ နောက်ပြီး ဖာဝါအထက်က စခန်းပေါ့။ အဲဒီစခန်းတခု၊ အဲ နောက်ပြီး ဒီလယ်ပြင်ဂိတ်ကပေါ့ဗျာ၊ ၃ နေရာလောက် တိုက်တယ်။ မနက် ၃ နာရီလောက် ရှိမယ်ထင်တယ်။ အထိအခိုက် အခြေအနေကတော့ ဒီဘက်က ရဲဘက်က တော်တော်ကျတယ်ပြောတယ်။ ၁၀ ယောက်ကျော် ကျတယ်ပြောတယ်။”

အခြားဒေသခံတဦးကလည်း တိုက်ပွဲဖြစ်ပွားတဲ့ အခြေအနေကို အခုလို ပြောပါတယ်။

“၃ နေရာပေါ့။ ၃ နာရီကနေ စပြီးတော့ တိုက်ပွဲဖြစ်တာ။ ၆ နာရီအထိပေါ့လေ။ လောလောဆယ် အထိအခိုက် အြခေအနေသတင်းကတော့ တချို့ကတော့ ၃၀ လောက်မှာ ၂၈ ယောက်တော့ တိုက်ပွဲကျတယ် ပြောတယ်။ ၂ ယောက်ကတော့ ဒဏ်ရာရတယ်ပြောတယ်။ တချို့ကျတော့ အနည်းအကျဉ်း ဒဏ်ရာရတာလို့ ပြောတယ်။ ဒါပေမယ့်လည်း ဒါတွေတော့ Confirm တော့မဖြစ်ဘူး။ ကျနော်တို့ရဲ့ အိမ်နောက်မှာပဲ ဖြစ်တာကတော့။”

ဒီတိုက်ပွဲဖြစ်ပွားတဲ့နေရာကို မနက် ၇ နာရီလောက်မှာ စစ်ရဟတ်ယာဉ် ၂ စင်း ရောက်ရှိလာပြီး ပစ်ခတ်တာတချို့ ရှိကြောင်းလည်း ပြောပါတယ်။

ဒေသတွင်း မီဒီယာတွေကတော့ တိုက်ပွဲဖြစ်ပွားတဲ့နောက်မှာ စစ်ရှောင် ၂၀၀ လောက်ဟာ လုံးခင်း ခရစ်ယာန်ဘုရားကျောင်းမှာ သွားရောက်ခိုလှုံကြောင်း ဖော်ပြပေမယ့် သီးခြားအတည်ပြုချက် မရသေးသလို ရဲတပ်ဖွဲ့ဘက်က ကျဆုံးတဲ့ဦးရေ စာရင်းကိုလည်း အတည်ပြုနိုင်တာ မရှိသေးပါဘူး။

KIA က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကတော့ ဖားကန့်ဒေသက တိုက်ပွဲနဲ့ ပတ်သက်ပြီး အောက်ခြေက သတင်းတက်လာတာ မရှိသေးဘူးလို့ ဆိုပါတယ်။

“ကျနော်ကတော့ လိုင်းပေါ်ကပဲ သိရပါတယ်။ ကျနော်တို့ တရားဝင် တပ်ပိုင်းဆိုင်ရာ သတင်းတွေ ဘာမှ မထုတ်သေးဘူးခင်ဗျ။”

လက်ရှိဖြစ်ပွားတဲ့ တိုက်ပွဲတွေဟာ ဖားကန့်မြို့နယ်အတွင်း KIA က အခုရက်ပိုင်းထဲ တတိယအကြိမ် တိုက်ခိုက်တာလည်း ဖြစ်ပါတယ်။

ကချင်ပြည်နယ်အတွင်း တပ်မတော်နဲ့ KIA အကြား တိုက်ပွဲတွေ ၂ နှစ်ကျော် ရပ်ဆိုင်းခဲ့ရာက ဒီလ ၁၁ ရက်နေ့က စတင်ပြီး ဖားကန့်မြို့နယ်မှာ တိုက်ပွဲတွေ ဖြစ်ခဲ့တဲ့နောက် မြစ်ဆုံဒေသက အင်ဂျန်ယန်းမြို့နယ်၊ ဗန်းမော်ဘက်က ဒေါ့ဖုန်းယန်းမြို့နယ်၊ မိုးကောင်းမြို့နယ်အတွင်းနဲ့ လီဒိုလမ်းမပေါ်က ရှဒူဇွပ်ရွာဘက်တွေမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

-----------------------

(Unicode)














XS
SM
MD
LG