သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင် မိုးမောက်မှာ မြန်မာစစ်တပ်နဲ့ KIA တိုက်ပွဲပြင်းထန်


KIA တပ်ဖွဲ့ဝင်များကို ကချင်ပြည်နယ်ရှိ နေရာတခုတွင်တွေ့ရ။ (အောက်တိုဘာ ၃၁၊ ၂၀၁၃)
KIA တပ်ဖွဲ့ဝင်များကို ကချင်ပြည်နယ်ရှိ နေရာတခုတွင်တွေ့ရ။ (အောက်တိုဘာ ၃၁၊ ၂၀၁၃)

[Zawgyi/Unicode]

ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်းမှာ တပ်မတော်နဲ့ KIA အကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတာမှာ စစ်တပ်ဘက်က လေကြောင်းကနေပါ တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲဖြစ်ပွားရာနေရာတွေနားမှ တိမ်းရှောင်နေတဲ့ စစ်ပြေးဒုက္ခသည်တွေဆီ လူမှုအသင်းအဖွဲ့တွေ သွားရောက်ကူညီဖို့အတွက်လည်း အကန့်အသတ်တွေ ရှိနေပါတယ်။ ရန်ကုန်က ပေးပို့တဲ့သတင်းကို ကိုသားညွန့်ဦး ပြောပြပါမယ်။

ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် မြို့သစ်၊ ကုန်းလောနဲ့ စီဟတ်ကျေးရွာတွေအနီးမှာ ဖြစ်ပွားတဲ့တိုက်ပွဲတွေဟာ ဒီကနေ့ ၄ ရက် မြောက်နေ့မှာလည်း ပြင်းထန်နေပါတယ်။ စစ်တပ်ဘက်က လေကြောင်းကပါ ဆက်လက်တိုက်ခိုက်နေတယ်လို့ တိုက်ပွဲဖြစ်ပွားရာနေရာက ဒေသခံတစ်ဦးက ဗွီအိုအေကို ပြောပါတယ်။

“မြို့သစ်နဲ့ ကုန်းလော ဟိုဘက် တောင်ခြေမှာ ဒီနေ့မနက် မိုးလင်းတာနဲ့ ပစ်တာ ခုထိပဲ။ လေယာဉ်ပျံတွေနဲ့ ဗုံးလာကြဲတာ။ ဟတ်စကီတွေနဲ့ သေနတ်တွေနဲ့ လာပစ်တာလေ။ အခုထိ တိုက်နေတုန်းပဲ။ အကြီးအကျယ်ပစ်တာက ဒီနေ့ အထိဆို ၃ ရက်ပေါ့။ လေယာဉ်ပျံနဲ့ဆို နေ့ရော၊ ညရော ဘယ်နှစ်ခေါက်တောင် ဗုံးလာချလည်း မသိဘူး။ ”

မတ်လ ၂၅ လရက်နေ့မှာ KIA က စစ်တပ်ရဲ့ အလောဘွမ်တပ်စခန်းကို သိမ်းယူပြီးထဲက မိုးမောက်မြို့နယ်အတွင်း တိုက်ပွဲတွေ စတင်ခဲ့တာပါ။ ဧပြီလ ၁၁ ရက်နေ့မှာ တပ်မတော်က တစ်ပတ်ကျော်ကြာ တန်ပြန်ထိုးစစ်ဆင်ခဲ့ပြီးနောက် ပြန်လည်ငြိမ်သက်နေရာက ပြီးခဲ့တဲ့စနေနေ့မှာ တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့တာပါ။ KIA က ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း တိုက်ပွဲတွေ ပြင်းထန်နေဆဲရှိကြောင်း အတည်ပြုပါတယ်။

“ဒီနေ့ စစ်ရေးအခြေအနေကတော့ နေ့တိုင်း တိုက်ပွဲဖြစ်နေတဲ့ ဒီ အလောဘွမ်တောင်ခြေရင်းကနဲ့ မြေပြင်ကနေ တက်လာတဲ့ စစ်သားတွေကို ခုခံတဲ့ တိုက်ပွဲရှိပါတယ်။ နေ့လယ်လောက်ကနေတော့ လက်နက်ကြီးနဲ့ လေကြောင်းနဲ့ တိုက်ခိုက်တဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်တာ ရှိပါတယ်။”

မိုးကောင်းမြို့နဲ့ ၃ မိုင်အကွာမှာ တပ်မတော်ယာဉ်တန်းကို KIA က မိုင်းခွဲတိုက်ခိုက်တဲ့သတင်းတွေ ကချင်သတင်းမီဒီယာတချို့မှာ ဖော်ပြကြပေမဲ့ ဗိုလ်မှူးကြီးနော်ဘူက အောက်ခြေက သတင်းတက်လာတာ မရှိသေးကြောင်းနဲ့ ဒီကနေ့မှာတော့ မိုးမောက်မြို့နယ်က တိုက်ပွဲသတင်းသာ ရရှိသေးကြောင်း ပြောပါတယ်။ မိုးမောက်မြို့နယ်အတွင်း ဖြစ်ပွားတဲ့တိုက်ပွဲကြောင့် မြို့သစ်၊ ကုန်းလောနဲ့ စီဟတ်အပါအဝင် ရှမ်းရွာ ၁၂ ရွာက အနည်းဆုံး လူ ၂,၀၀၀ လောက်ဟာ ဗန်းမော်၊ မိုးမောက်နဲ့ မန်နောင်ရွာတွေကို တိမ်းရှောင်နေရကြောင်း မိုးမောက် ဒေသခံတစ်ဦးက ပြောပါတယ်။ လူမှုအသင်းအဖွဲ့တွေအနေနဲ့ စစ်ရှောင်တွေကို ကူညီထောက်ပံ့ဖို့လည်း အခက်အခဲ ရှိနေတယ်လို့ ပြောပြပါတယ်။

“သူတို့ကို အရပ်ဘက် အဖွဲ့အစည်းတွေက ကူညီချင်တယ်။ ဒါပေမဲ့လည်း စကခကကျတော့ မိုးမောက်မြို့ထဲမှာ အဲဒီလို စစ်ရှောင်ကူညီရေးတွေ လာလို့ ရှိရင် သူတို့ကို အကြောင်းကြားရမယ်ဆိုပြီး ပြောထားတော့ NGO တွေ အဲဒီလိုမျိုးတွေက မဝင်ရဲဘူးဖြစ်နေတာ။ စာရင်းတွေ ပေးရမယ်ပေါ့လေ။ ကူညီမယ့် ပုံစံတွေ၊ ဘယ်လိုကူညီမလဲဆိုတာ အသေးစိတ်ကို သူတို့ကို အရင် အကြောင်းကြားပြီးမှ ဝင်လာရမယ်ပေါ့လေ။ အဲဒီတော့ မိုးမောက်၊ မန်နောင်ဆိုတဲ့ရွာမှာတော့ ရွာခံတွေကပဲ အဓိက ထားပြီး ကူညီနေရတယ်။ အပြင်ကနေ ဝင်လာလို့ မရဘူးဖြစ်နေတယ်။”

ခရစ်ယာန်ဝင် ကချင်လူမျိုး ၅၀၀ ကျော်ကတော့ မိုးမောက်မြို့ကို အများစု တိမ်းရှောင်နေပြီး သူတို့ကိုတော့ ခရစ်ယာန်ဘာသာရေးအသင်းအဖွဲ့တွေက အဓိက ကူညီနေသလို တိမ်းရှောင်သူတချို့ကတော့ ဗန်းမော်မြို့က ဆွေမျိုးတွေ ရှိရာကို သွားရောက်နေထိုင်နေနေကြပါတယ်။

လက်ရှိ တိုက်ပွဲပြင်းထန်နေတဲ့ နေရာတွေက ဗန်းမော်- မြစ်ကြီးနားကားလမ်းက မိုးမောက်မြို့နယ် မြို့သစ်၊ ကုန်းလောနဲ့ စီဟတ်ရွာတွေအနီးမှာ ဖြစ်ပါတယ်။ စီဟတ်ရွာအထက်ပိုင်း နမ့်တိန်၊ တာလီ၊ နွမ်းလန်းစတဲ့ကျေးရွာတွေကတော့ သက်ကြီးရွယ်အိုတွေ၊ ကလေးတွေနဲ့ ကိုယ်ဝန်ဆောင်တွေကို ဘေးလွတ်ရာကို ပြောင်းရွှေ့နေထိုင်နေကြရကြောင်း ဒေသခံတွေက ပြောပါတယ်။

မိုးမောက်မြို့နယ်အတွင်း လက်ရှိ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ စစ်ရေးအရ အရေးပါတဲ့ အလောဘွမ်စခန်းကို နှစ်ဘက်တပ်တွေက ထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေကြတာဖြစ်တဲ့အတွက် တိုက်ပွဲတွေဟာ ရေရှည်ဖြစ်ပွားနိုင်ကြောင်း တချို့ကလည်း သုံးသပ်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]












XS
SM
MD
LG