ကချင်ပြည်နယ် ဗန်းမော်မြို့ကို သိမ်းနိုင်ရေး ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ ပူးပေါင်း တပ်ဖွဲ့တွေ ထိုးစစ်ဆင်နေတာ ဒီကနေ့ဆို ၁၆ ရက် ရှိသွားပါပြီ။ ဗန်းမော်မြို့ထဲ ဗန်းမော်တက္ကသိုလ်၊ ခလရ ၄၇ နဲ့ စကခ ၂၁ မှာ တိုက်ပွဲ ပြင်းထန်နေလို့ မြို့လူထုရဲ့ သုံးပုံနှစ်ပုံလောက်ဟာ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြပါတယ်။ ဗန်းမော်မြို့ တိုက်ပွဲသတင်း ရန်ကုန်က သတင်းပေးပို့တာကို အခြေခံပြီး တင်ပြထားပါတယ်။
ကချင်ပြည်နယ်ထဲက ဒုတိယအကြီးဆုံးဖြစ်တဲ့ ဗန်းမော်မြို့ကို KIA ကချင်တပ်နဲ့ ပူးပေါင်းတပ်တွေ သိမ်းနိုင်ဖို့ ဒီဇင်ဘာလ ၄ ရက်နေ့ စတင်ပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတာ အခုဆို သီတင်း ၂ ပတ်ကျော် သွားပါပြီ။ စစ်မျက်နှာ ၃ ဘက်ကနေတိုက်ခိုက်နေတဲ့ တိုက်ပွဲတွေဟာ ဒီနေ့အထိ ပြင်းထန်နေတယ်လို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက VOA ကို အခုလို ပြောပါတယ်။
“ဒီနေ့ တိုက်ပွဲကတော့ နည်းနည်း ပြင်းတယ်ဆိုတာကတော့ ကြားပါတယ်။ တော်တော်များများ နေရာ မှာပါ။ ၄၇ တို့၊ တက္ကသိုလ်ကျောင်းတို့၊ ၂၁ တို့ နေရာကတော့ များပါတယ်။ ဒါပေမဲ့ ဒီနေ့ ပြင်းထန်တာ ကတော့ ဘယ်နားလောက်မှာ ကျလဲတော့ သဲသဲကွဲကွဲတော့ မသိရသေးဘူး။”
ဗန်းမော်မြို့မှာ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) ၂၁ အခြေစိုက်ထားသလို ခြေလျင်တပ်ရင်း ၄ ရင်း၊ အမြောက်တပ်၊ တင့်ကားတပ်တွေအပြင် ဆက်သွယ်ရေးတပ်၊ ဆေးတပ်၊ အင်ဂျင်နီယာတပ်၊ စစ်မြေပြင်စစ်လက်နက်ပစ္စည်းတပ်၊ ထောက်ပံ့ရေး တပ်စတဲ့ လက်ရုံးတပ်ဖွဲ့တွေလည်း အခြေစိုက် ထားတဲ့ မြို့ဖြစ်ပါတယ်။ ၁၆ ရက်ရှိပြီဖြစ်တဲ့ တိုက်ပွဲတွေအတွင်း စစ်တပ်စခန်းကြီးတွေကို မသိမ်းနိုင်သေးပေမဲ့ ကင်းစခန်းတချို့ကို သိမ်းထားနိုင်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
“တပ်စခန်းလို့ သတ်မှတ်နိုင်သလောက် စခန်းသိမ်းတာတော့ မရှိသေးပါဘူး။ သူတို့ ကင်းပုန်းချထားတာ တွေပေါ့။ Post သေးသေးလေးတွေ သိမ်းတာတော့ ရှိတယ်။ တကယ့် တပ်စခန်းလို့ သတ်မှတ်လောက် တဲ့ စခန်းတွေကတော့ အခုထက်ထိတော့ မကြားရသေးပါဘူး။”
အခုလို ရက်ရှည် ၂ ဘက်ဖြစ်နေတဲ့ တိုက်ပွဲတွေအတွင်း စစ်တပ်ဘက်က လက်နက်ကြီး ပစ်ခတ်တာ၊ လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာတွေ နေ့စဉ်ရှိနေတဲ့အတွက် ဗန်းမော် ဒေသခံတွေ နေရပ်စွန့်ခွာ တိမ်းရှောင်နေကြရပါတယ်။ လက်ရှိအချိန်မှာ ဗန်းမော်လူဦးရေရဲ့ သုံးပုံနှစ်ပုံလောက်ဟာ တိမ်းရှောင် နေပြီး အချို့ ရပ်ကွက်တွေမှာပဲ ဒေသခံတချို့ ကျန်တယ်လို့ လက်ရှိ ဗန်းမော်မြို့မှာ ကျန်ရှိနေသူ တဦးက ပြောပြပါတယ်။
“ဗန်းမော်မြို့အခြေအနေကတော့ မြို့ထဲ ဝန်းကျင်တွေကတော့ အခြေအနေ မကောင်းဘူး။ အဓိက ဖြစ်နေတာကတော့ ကားလေးဝန်းဘက်၊ ချမ်းသာကြီးဘုရားဘက်တွေဖြစ်တယ်။ ရုံးကြီးဘက်တွေ ဖြစ်မယ်။ ဆေးရုံကြီးဘက်တွေဖြစ်တယ်။ မြို့ သုံးပုံ နှစ်ပုံလောက်တော့ ထွက်သွားပြီ။ တပုံလောက် ကျန်အုံးမှာပေါ့။ ကိုယ့်အိမ်ကိုယ် အိမ်ထဲမှာပဲ နေကြတာ။ ဗန်းမော်မြို့မှာ သွားလို့လာလို့ ရတဲ့ ရပ်ကွက်တွေကတော့ ပေါက်ကုန်း၊ ကုက္ကိုတော၊ ရိုးကြီး၊ ဟန်းတဲ၊ ဗဟာဒူး၊ ဆင်ကုန်း ဒီရပ်ကွက်တွေ သွားလို့ ရမယ်။ ကျန်တဲ့ရပ်ကွက်တွေကတော့ သွားရေးလာရေးမကောင်းတော့ဘူး။ အဆိုးဆုံးကတော့ ချမ်းသာကြီးဘုရားဘက်၊ ကားလေးဝန်းဘက်နဲ့ ဒီ နှစ်မိုင်တကြောပေါ့။ သွားရေးလာရေးက လုံး၀ အဆင်မပြေတော့ဘူး။ ပိတ်ဆို့ထားတာပေါ့။ ပြီးရင် ကမ်းနားလမ်းတလျောက်ပေါ့။ ”
၂၀၁၄ ခုနှစ် လူဦးရေစာရင်းအရ ဗန်းမော်မြို့မှာနေထိုင်သူ တသိန်းလေးသောင်းခန့် (၁၄၀,၀၀၀) ရှိနေတာဖြစ်ပါတယ်။ လောလောဆယ်မြို့မှာ ကျန်ရှိနေသူတွေဟာ မြစ်တဘက်ကမ်းကနေ တခြား အရပ်တွေကို ထွက်ခွာတာတွေ ရှိနေဆဲဖြစ်ကြောင်းနဲ့ ထွက်သွားပြီးသူတွေကတော့ မြို့ကို ပြန်ဝင်လို့ မရဘူးလို့ ပြောပြကြပါတယ်။ ဗန်းမော်မြို့တိုက်ပွဲအတွင်းမှာ သေဆုံးသူ အရပ်သား ၃၀ လောက်ရှိပြီး ထိခိုက်ဒဏ်ရာရသူ ၁၅၀ လောက်ရှိတယ်လို့ ကချင်အရပ်ဘက်အဖွဲ့အစည်းတွေ ဒီဇင်ဘာ ၁၇ ရက်က ထုတ်ပြန်ထားပါတယ်။ ကချင်ပြည်နယ် ဗန်းမော်မြို့ တိုက်ပွဲနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာတော့ မရှိပါဘူး။
Forum