သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်အထူးဒေသ ၁  ဌာနချုပ် ပန်ဝါနဲ့ ကန်ပိုက်တီဘက် တိုက်ပွဲပြင်းထန် 


ကန်ပိုက်တီမြို့အဝင်ဆိုင်းဘုတ်။
ကန်ပိုက်တီမြို့အဝင်ဆိုင်းဘုတ်။

ကချင်ပြည်နယ်အရှေ့ပိုင်း ကချင်အထူးဒေသ (၁) ဌာနချုပ် ပန်ဝါနဲ့နယ်ခြားစောင့်တပ် အမှတ် (၁၀၀၃) တည်ရှိရာ ကန်ပိုက်တီဘက်မှာတိုက်ပွဲတွေပြင်းထန်နေတယ်လို့ KIA က အတည်ပြုပါတယ်။ ကချင် အထူးဒေသ (၁) စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ်စခန်းတွေကို KIA ကချင်လွတ်မြောက်ရေးတပ်က ဆက်တိုက်သိမ်းပိုက် ထိုးစစ်ဆင်နေပါတယ်။ လက်ရှိ ကချင်ပြည်နယ်တွင်း ဖြစ်ပွားနေတဲ့တိုက်ပွဲတွေရဲ့ အခြေအနေ ရန်ကုန် သတင်းပေးပို့ထားပါတယ်။

ကချင်ပြည်နယ်အရှေ့ပိုင်း ဦးဇခုန်တိန့်ယိန်းရဲ့ ကချင်အထူးဒေသ (၁) ချီဖွေနဲ့ ဆော့လော်မြို့နယ်တွေမှာ စက်တင်ဘာလ ၂၉ ရက်နေ့က KIA စတင် ထိုးစစ်ဆင်ခဲ့တာပါ။ စက်တင်ဘာ ၃၀ ရက်နဲ့ ဒီလ ၂ ရက် နေ့တွေမှာ ချီဖွေနဲ့ဆော့လော်ကိုသိမ်းယူခဲ့သလို ၁၅ ရက်နေ့မှာတော့ ပန်ဝါမြို့နဲ့ ၁၀ မိုင်ခန့်အကွာ လုပီရွာက နယ်ခြားစောင့်တပ် အမှတ် (၁၀၀၂) ကို ထပ်မံ သိမ်းယူခဲ့ပါတယ်။

ဒီရက်ပိုင်းမှာတော့ ပန်ဝါမြို့အနီးနဲ့ နယ်ခြားစောင့်တပ်အမှတ် (၁၀၀၃) အခြေပြုရာ ကန်ပိုက်တီဘက် မှာလည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေကြောင်း KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက VOA ကို ပြောပါတယ်။

"လုပီနဲ့ပန်ဝါကတော့ ၁၀ မိုင်ကျော်ကွာတာပေါ့။ အဲဒီမှာလည်း စကစရဲ့ကာကင်းစခန်းတွေလည်း ရှိပါတယ်။ အဲဒီပတ်ဝန်းကျင်မှာ တိုက်ပွဲတော့ဆက်ဖြစ်တယ်လို့တော့ ပြောကြတယ်။ ဒီ ကန်ပိုက်တီ လမ်းဘက်မှာလည်း တိုက်ပွဲတော့ဖြစ်တယ်လို့ ပြောကြတယ်။ ဝေါ့ချုံး၊ စင်ကြိုင် အဲဒီတကြောမှာပါ။ (၁၀၀၃) ကတော့ အဲဒီ ဝေါ့ချုံး၊ စင်ကြိုင်မှာ တပ်စွဲထားတာဖြစ်ပါတယ်။ အဲဒီဘက်မှာလည်း တိုက်ပွဲတွေ ဒီနေ့ကနေ စဖြစ်တယ်လို့ ပြောကြတယ်။ မြေပြင်အခြေအနေတွေကတော့ အခုထက်ထိ ကတော့ ဘာမှ မကြားရသေးပါဘူး။ ဒီညနေအထိတော့။”

ဒေသတွင်း သတင်းမီဒီယာတွေမှာတော့ ပန်ဝါမြို့နဲ့ ၅ မိုင်ကျော်အကွာက ချန်ရင်ခူးမှာ တိုက်ပွဲပြင်းထန် နေကြောင်း၊ ပန်ဝါမြို့မှာ စစ်ရှောင်ပြည်သူ ၅၀၀ လောက်ရောက်ရှိနေသလို အချို့ကတော့ တရုတ်နိုင်ငံဘက်ကို တိမ်းရှောင်တာတွေ ရှိကြောင်း ဖော်ပြပါတယ်။

ကချင်ဒေသခံတဦးကတော့ ကန်ပိုက်တီဒေသမှာ တိုက်ပွဲဖြစ်ပွားတယ်လို့ ကြားသိရကြောင်းနဲ့ ဒီရက်ပိုင်းမှာ ဦးဇခုန်တိန့်ယိန်းရဲ့ ပြည်သူ့စစ်အဖွဲ့က စစ်သားစုဆောင်းတာတွေ လုပ်နေကြောင်း အခုလို ပြောပါတယ်။

“ လဖိုင်မှာ ဒွန်ဘန်ချောင်းဆိုတာရှိတယ်။ ဒွန်ဘန်ချောင်းဟိုဘက်က (၁၀၀၃)၊ ဒီဘက်ကမ်းက KIA တွေ၊ ဟိုဘက်မှာက BGF တွေ ရှိတာ။ အဲဒီနားတဝိုက် တိုက်ပွဲဖြစ်နေတယ်လို့ ကြားတယ်။ ဒီနေ့။ အဲဒီဘက် မှာရှိတဲ့ ဦးဇခုန်တိန့်ယိန်းရဲ့ ဒေသပြည်သူ့စစ်လို့ ပြောရမှာပေါ့။ အခုတလော တော်တော်လိုက်စုဆောင်း နေတယ်လို့ ကြားတယ်။ ဒီတခေါက်စုဆောင်းတဲ့အခါမှာ အခုက စစ်မှုထမ်းဥပဒေရှိပြီ။ အကုန်လုံး စစ်မှုထမ်းရမယ်။ ဘယ်ဒေသပဲဖြစ်ဖြစ် အကုန်လုံးလုပ်ရမယ် ဆိုပြီးတော့ သူတို့ လိုချင်တဲ့ အင်အား အရေအတွက် ရအောင် လိုက်ဖမ်းနေတယ်လို့ ကြားတယ်။ လွန်ခဲ့တဲ့ ၂ ပတ်၊ ၃ ပတ် လောက်က။”

တချိန်တည်းမှာပဲ ကန်ပိုက်တီ နယ်စပ်ကုန်သွယ်ရေးဇုန်က ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက် ၁၀၀ ခန့်ကို စစ်သား ကောက်ယူတာတွေရှိကြောင်း သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

ဦးဇခုန်တိန့်ယိန်းဦးဆောင်တဲ့ ကချင် အထူးဒေသ (၁) မှာ ဖီမော်ကျေးရွာအနီးမှာ နယ်ခြားစောင့်တပ် အမှတ် (၁၀၀၁) ၊ ပန်ဝါမြို့အနီး လုပီမှာ အမှတ် (၁၀၀၂) နဲ့ ကန်ပိုက်တီအနီး ဝေါချုံး၊ စင်ကြိုင်မှာ အမှတ် (၁၀၀၃) တည်ရှိတာဖြစ်ပါတယ်။ ပန်ဝါဒေသဟာ မြေရှားသတ္တု ထွက်ရာဒေသဖြစ်သလို ကန်ပိုက်တီကတော့ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ဒေသတွေ ဖြစ်ပါတယ်။ စစ်ကောင်စီ နဲ့ တပ်စခန်းတွေနဲ့ နယ်ခြားစောင့်တပ်စခန်းတွေကို KIA တိုက်ခိုက်သိမ်းယူ ထိုးစစ်ဆင်နေတဲ့ အခြေအနေနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

Forum

XS
SM
MD
LG