သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ပြည်နယ်မှာ မြေရှားသတ္တုထုတ်လုပ်မှု ရုတ်ချည်းတိုးမြင့်လာဟု Global Witness သတိပေး


ကချင်ပြည်နယ်က မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းခွင်
ကချင်ပြည်နယ်က မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းခွင်

တိုက်ပွဲတွေ ဖြစ်ပွါးနေတဲ့ မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်ထဲမှာ တကမ္ဘာလုံးမှီခိုနေရတဲ့ မြေရှားသတ္တု ထုတ်လုပ်မှု ရုတ်ချည်းတိုးလာတာကြောင့် ဒေသခံတွေကိုရော သဘာဝဝန်းကျင်ကိုပါ ဆိုးဆိုးရွားရွား ထိခိုက်လာတာတွေ့ရတယ်လို့ နိုင်ငံတကာ သဘာဝသယံဇာတအရေး စောင့်ကြည့်တဲ့ Global Witness အဖွဲ့က သတိပေးလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ တွေ့ရတဲ့ မြေရှားသတ္တုဟာ လျှပ်စစ်ကားတွေ၊ လေစွမ်းအင်သုံး တာဘိုင်တွေမှာ အဓိကသုံးရတဲ့ တာရှည်ခံသံလိုက်ထုတ်လုပ်ရာမှာ မရှိမဖြစ်လိုအပ်တဲ့ လေးတဲ့မြေရှားသတ္တု (Heavy rare earths) အမျိုးအစား ဖြစ်ပြီး မြန်မာနိုင်ငံဟာ အခုဆို ကမ္ဘာမှာ ဒီလို လေးတဲ့မြေရှားသတ္တု အများဆုံးထွက်တဲ့ တည်းသော နေရာလည်းဖြစ်နေတယ်လို့ Global Witness က အစီရင်ခံစာထုတ်ပြန် ပြောဆိုပါတယ်။

ဒီမြေရှားသတ္တုတွေကို မြန်မာနိုင်ငံမှာ စည်းစံနစ်မကျပဲ ထုတ်လုပ်နေတာကြောင့် သဘာဝဝန်းကျင်ကိုရော ဒေသခံလူနေမှု ဘဝကိုပါ အကြီးအကျယ် ထိခိုက်မှုရှိမယ် ဆိုတာကိုအနောက်နိုင်ငံအများအပြားက မသိပဲ ဝယ်ယူတာ ဒါမှမဟုတ် လျှပ်စစ်ကားတွေမှာ သုံးလာနိုင်တာကြောင့် သတိပေးတာ ဖြစ်ပါတယ်။ မြန်မာထုတ် လေးတဲ့မြေရှားသတ္တုအများစုကို အမေရိကန်၊ ဥရောပနဲ့ အာရှက နာမည်ကြီး လျှပ်စစ်ကားတွေ၊ လေစွမ်းအင်ထုတ် တာဘိုင်စက်တွေအတွက် တာရှည်ခံသံလိုက် ထုတ်လုပ်ရာမှာ သုံးနေတာ Global Witness က စုံစမ်းတွေ့ရှိရတယ်လို့ ဖေါ်ပြထားပါတယ်။

ကချင်ပြည်နယ်က မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းခွင်
ကချင်ပြည်နယ်က မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းခွင်

ဒီလေးတဲ့မြေရှားသတ္တုတွေကို မြန်မာကနေ တရုတ်ကို တင်ပို့တာဟာ ၂ နှစ်အတွင်း ၂ ဆ ဖြစ်လာပြီး ၂၀၂၁ က တန်ချိန် ၁၉ ၅၀၀ တင်ပို့ရာကနေ ၂၀၂၃ မှာ တန်ချိန်ပေါင်း ၄၁ ၇၀၀ အထိ ဖြစ်လာတာပါ။ စစ်ကောင်စီနဲ့ ဆက်သွယ်လုပ်ကိုင်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်ရာ ကချင်အထူးဒေသ ၁ မှာဆို သတ္တုတူးဖေါ်တဲ့ မိုင်းအရေအတွက်က ရာခိုင်နှုန်း ၄၀ ကျော် တိုးလာပြီး ဒီမိုင်းတွေမှာ သုံးတဲ့ ဓါတုပစ္စည်းတွေ ကြောင့် သေဆုံးရသူ ၂ ယောက်ရှိနေသလို ဒေသခံတွေမှာ ကျန်းမာရေးပြဿနာမျိုးစုံ ကြုံနေရတယ်လို့ မိုင်းလုပ်သားတွေကရော၊ ဒေသခံတွေကပါ ပြောကြတယ်လို့လည်း ဖေါ်ပြပါတယ်။ ကချင်အထူးဒေသ ၁ မှာရှိတဲ့ မြစ်ချောင်းတွေက ရေနမူနာ စမ်းသပ်ရာမှာ အာဆင်းနစ်ပါဝင်နှုန်းမြင့်နေပြီး အက်ဆစ်ဓါတ်လွန်ကဲ နေသလို ကမ္ဘာ့ရှားပါး ဇီဝမျိုးကွဲတွေ စုံလင်ရာ ဒီဒေသကို မိုင်းတွေရဲ့ အန္တရာယ်ကြီးတဲ့ စွန့်ပစ်ပစ္စည်း တွေက ခြိမ်းခြောက်မှုရှိနေတယ်လို့ လည်း စုံစမ်းတွေ့ရှိခဲ့တာပါ။

စစ်တပ်အာဏာသိမ်းခဲ့ချိန်ကစပြီး ဒီသတ္တုတွေ ဆက်ထုတ်နေသလို ၂၀၂၃ မှာ မြေရှားသတ္တုကနေ ဒေါ်လာ ၁.၄ ဘီလီယံ ထုတ်လုပ် ရောင်းချမှု ရှိနေတာဟာ ဒေသတွင်း ဖြစ်ပွါးနေတဲ့ ပြည်တွင်းစစ်အတွက် စစ်တပ်ကို ငွေကြေး အထောက်အပံ့ ဖြစ်စေနိုင်တာ တွေ့ရကြောင်းလည်း သုံးသပ်ထားပါတယ်။ Global Witness ရဲ့ အကြီးတန်း စုံစမ်းရေးမှုး Colin Robertson ကတော့ လေစွမ်းအင်နဲ့ လျှပ်စစ်ကားတွေဟာ ဥတုရာသီပြောင်းလဲမှု တိုက်ဖျက်ရေး အတွက် အရေးပါတဲ့ ကဏ္ဍက ပါနေပေမယ့် အန္တရာယ်ကြီးပြီး ဥပဒေမဲ့ မိုင်းထုတ်လုပ်မှုကိုတော့ ခွင့်မပြုသင့်ကြောင်းနဲ့ အခုဆို တကမ္ဘာလုံးက လိုချင်နေတဲ့ မြေရှားသတ္တုထုတ်ဖို့ မြန်မာ့မြေနဲ့ မြန်မာလူထုက အစတေးခံရမယ့် အနေထား ဖြစ်နေတယ်လို့ ဝေဖန်လိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG