သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်တိုက်ပွဲ ဒုက္ခသည်စခန်းတွေအနီးအထိ ပြင်းထန်


ကချင်ပြည်နယ်မှာ အစိုးရစစ်တပ်နဲ့ ကေအိုင်အို (KIO) ကချင်လွတ်မြောက်ရေးတပ်ကြား တိုက်ပွဲတွေပြင်းထန်နေတဲ့အချိန် အပြန်အလှန် ပစ်ခတ်မှုတွေဟာ ကချင်လွတ်မြောက်ရေးတပ် ထိန်းချုပ်ထားတဲ့နယ်မြေက ဒုက္ခသည်စခန်းတွေနားအထိ ရောက်လာတဲ့အတွက် ဒုက္ခသည်တွေဟာ စခန်းတွေကနေ စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။ တိုက်ပွဲမှာ လေကြောင်းကရော လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်ပြီး ထိုးစစ်ဆင် တိုက်နေကြတဲ့အတွက် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒုက္ခသည်တွေအတွက် လုံခြုံရေးဟာ အခုလက်ရှိ အရေးကြီးဆုံး အနေအထားမှာ ဖြစ်နေတယ်လို့ ကချင်အရေး ဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။ အသေးစိတ်ကို ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က တင်ပြထားပါတယ်။

ကချင်ပြည်နယ်တွင်းမှာ အစိုးရစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ် ကေအိုင်အိုတို့ကြား အခုဒီဇင်ဘာလဆန်းပိုင်းမှာပဲ အပြင်းထန်ဆုံး တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေပါတယ်။ အခုလိုမျိုး တိုက်ပွဲတွေ ပြင်းထန်နေတဲ့အချိန် အပြန်အလှန် ပစ်ခတ်မှုတွေဟာ ကချင်လွတ်မြောက်ရေးတပ် ထိန်းချုပ်ထားတဲ့နယ်မြေက စစ်ပြေးဒုက္ခသည် စခန်း တချို့နားအထိ ရောက်လာတဲ့အတွက် ဒုက္ခသည်တွေဟာ စခန်းတွေကနေ စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။ အခုလက်ရှိ ဒုက္ခသည်တွေ အတွက် လုံခြုံရေးဟာ အရေးကြီးဆုံး အနေအထားမှာ ဖြစ်နေတယ်လို့ ကချင်အရေး ကူညီဆာင်ရွက်ပေးနေတဲ့ ကချင်ပြည်နယ် NDF ပါတီဥက္ကဋ္ဌ ဒေါ်ဘောက်ဂျာက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“လက်နက်ကြီးနဲ့ ပစ်တာတွေက တချို့နေရာတွေက စစ်ပြေးဒုက္ခသည်တွေ စခန်းတောင်မှ ပစ်ပြီးတော့ အကုန်ထွက်ပြေး ကြရတဲ့ အခြေအနေအထိအောင် ရောက်တယ်။ ပစ်တာတွေကလည်း ဆက်တိုက် ဖြစ်တာပေါ့နော်။ စစ်ပြေးဒုက္ခသည်တွေ ကလည်း ထွက်ပြေးရတာပါပဲ။ အဲဒီလို စစ်ပြေးဒုက္ခသည်တွေ ထွက်ပြေးရသလို စစ်တွေ ဖြစ်လာတဲ့အခါကျတော့လည်း ရွာကို မီးရှို့မှာ ကြောက်တာတွေ၊ ရွာသားတွေကို နှိပ်စက်မှာကြောက်တာတွေ ကြောင့်၊ စစ်ပြေးဒုက္ခသည် အရင်က အဟောင်းရှိသလို အသစ်တွေကလည်း ထပ်ပြီးတော့ ပြေးနေရတဲ့ အခြေအနေ ရောက်နေတယ်။ သူတို့အတွက် လုံခြုံရေးက ပိုအရေးကြီးသလို ဖြစ်နေတာပေါ့။ စစ်ပြေးဒုက္ခသည်တွေရဲ့ ဘဝဟာ လုံခြုံမှု မရှိပါဘူး။”

အခုလို မြန်မာစစ်တပ်နဲ့ ကချင်တပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်လာချိန်မှာ စစ်ဖြစ်နေတဲ့နေရာတွေ နားကို တပ်တွေဘက်က လာစခန်းချတဲ့ အတွက် အဲ့ဒီကျေးရွာတွေက ဒေသခံပြည်သူတွေဟာ သူတို့ရဲ့နေအိမ်တွေကို စွန့်ခွာပြီး ရွာလုံးကျွတ် ထွက်ပြေးနေ ကြရပါတယ်။ တချို့ဒုက္ခသည်တွေဟာ ဒုက္ခသည်စခန်းတွေထဲအထိ ရောက်အောင် မပြေးနိုင်လို့ တောထဲမှာပဲ ပုန်းအောင်းနေရတဲ့ အနေအထားမှာလည်း ရှိတယ်လို့ ဒေါ်ဘောက်ဂျာက ပြောပါတယ်။

“မနေ့ကပဲ ဖုန်းဆက်လာတာက အီမျောင် ဆိုတဲ့ရွာကလည်း တရွာလုံး စစ်တပ်က လာထိုင်လိုက်တဲ့အခါ ကျတော့ ရွာကလူတွေက ကြောက်တော့ ထွက်ပြေးကြတယ်။ ထွက်ပြေးတော့ အဲဒီရွာမှာရှိတဲ့ ကြက်ဝက်တွေ အကုန်လုံး ပစ်သတ် စားနေကြတော့ ရွာသားတွေက ခုချိန်မှာ တောမှာပုန်းနေရတဲ့ အခြေအနေ ဖြစ်နေတယ်တဲ့ ဆိုပြီးတော့ အဲဒါ ဖုန်းဆက်လာတယ်။”

အခုလို တိုက်ပွဲတွေ ပြင်းထန်နေလို့ စခန်းတွေကိုပါ စွန့်ခွာပြေးနေရတဲ့အတွက် ရာသီဥတုကလည်း ဆိုးဝါးနေတဲ့အချိန်၊ ဒုက္ခသည်တွေ၊ အထူးသဖြင့် ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ အတွက် ဆေးဝါး၊ လူအသုံးအဆောင်ပစ္စည်းနဲ့ ရိက္ခာတွေ အထူးလိုအပ်နေတယ်လို့ ပြောပါတယ်။ တိုက်ပွဲတွေ ပြင်းထန်နေတဲ့အတွက် ဒုက္ခသည်တွေဆီကို လိုအပ်နေတဲ့ လူသားချင်းစာနာမှု အထောက်အပံ့ ပစ္စည်းတွေကို ကုလသမဂ္ဂနဲ့ NGO အဖွဲ့အစည်းတွေ ဘက်ကလည်း ပို့ဆောင်ပေးဖို့ အခက်အခဲတွေနဲ့ ကြုံနေရတယ်လို့ ဆက်ပြောပါတယ်။

“ကျမတို့ ဒီဘက်မှာက အရမ်း အေးနေတဲ့ကာလ ဖြစ်တယ်။ အဲဒီအချိန်မှာ ခုလို အပြင်မှာနေတဲ့သူတောင်မှ ကျန်းမာရေးတွေက မကောင်းဘူးဆိုတော့ ဒီလို တောထဲတောင်ထဲမှာ နေနေတဲ့သူတွေ၊ ဟင်းလင်းပြင်မှာ နေနေတဲ့သူတွေက ပိုပြီးတော့ ကျန်းမာရေးက စိုးရိမ်ရတာပေါ့။ လုံလုံခြုံခြုံ အနွေးထည် စောင် အစစအရာရာ လိုအပ်နေတယ်။ စားဝတ်နေရေးလည်း အရင်ကလိုမျိုး နိုင်ငံတကာ ထောက်ပံ့တာတွေကလည်း နည်းပါးတယ်။ ဒီက တတ်နိုင်သလောက် ဝိုင်းပြီးတော့ ကူညီပြီး ကြည့်နေတာတွေကလည်း ကြာကြာ ကျတော့ မတတ်နိုင်ဘူး။ အဲဒီအခါကျတော့ စစ်ပြေးဒုက္ခသည်တွေလည်း တော်တော်လေး ဒုက္ခရောက်နေတယ်။”

အခုဆိုရင် ကချင်လွတ်မြောက်ရေး တပ်မတော် ထိန်းချုပ်မှုအောက်မှာ ရှိနေတဲ့ဒုက္ခသည် စခန်းတွေရော၊ မြန်မာစစ်တပ် ထိန်းချုပ်မှု လက်အောက်နယ်မြေမှာ ရှိနေတဲ့ စခန်းတွေမှာဆိုရင် လက်ရှိ ရှိနေတဲ့ ဒုက္ခသည်တွေနဲ့ နောက်ထပ် ထပ်ရောက်လာတဲ့ ဒုက္ခသည်တွေအပါအဝင် ဒုက္ခသည်ဦးရေဟာ တစ်သိန်းခွဲကျော်နေပြီလို့ ဒေါ်ဘောက်ဂျာက ပြောပါတယ်။

“တသိန်းက တော်တော်လေး ကြာနေပြီပေါ့နော်။ ဒါတောင်မှ စာရင်းမဝင်တဲ့ သူတွေလည်း ရှိတယ်။ တချို့က ချောင်ကြိုချောင်ကြားမှာ ခဏ ခိုတောင်းနေတာတွေ ရှိတယ်။ အသိအမှတ် မပြုခံရတဲ့ စစ်ပြေးဒုက္ခသည်တွေလည်း အများကြီး ရှိသေးတယ်။ အဲဒါကြောင့် အနည်းဆုံက တသိန်းနဲ့ တသိန်းခွဲကြားမှာ ရှိတယ်။”

အခုလို မြန်မာစစ်တပ်နဲ့ ကချင်လွတ်မြောက်ရေး တပ်တွေကြား နှစ်ဘက်အပစ်ရပ်ဖို့ အကြိမ်ကြိမ် တွေ့ဆုံမှုတွေ ရှိခဲ့သလို ဆွေးနွေးပွဲတွေလည်း ပျက်ပြားခဲ့ရတဲ့ အနေအထားတွေ ရှိနေပါတယ်။ အခုဆိုရင် နှစ်ဘက် တိုက်ပွဲတွေဟာ ပိုပြီးပြင်းထန်လာနေတဲ့ အတွက် စစ်မီးက ပိုမြင့်လာတဲ့အနေအထားမှာ ဒေသခံပြည်သူတွေ တော်တော်များများ ဒုက္ခရောက်နေရတဲ့ အတွက် ပြည်တွင်းစစ်မီးငြိမ်းဖို့၊ နှစ်ဘက်အပစ်ရပ်ဖို့ မေတ္တာရပ်ခံချင်ပါတယ်လို့ ဒေါ်ဘောက်ဂျာက ပြောပါတယ်။
အခုဆိုရင် ကချင်ပြည်နယ် လိုင်ဇာမြို့က ကချင်လွတ်မြောက်ရေး တပ်မတော် ကေအိုင်အေဌာနချုပ် နဲ့ အနီးဆုံးနေရာ အထိကို မြန်မာစစ်တပ်ဘက်က စစ်သုံးရဟတ်ယာဉ်တွေနဲ့ပါ လာရောက်ပစ်ခတ်မှုတွေ ရှိနေသလို ကချင်ဗဟိုဌာနကို ပစ်မှတ်ထားပြီး လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်ပြီး အပြင်းထန်ဆုံး ထိုးစစ်ဆင်နေတာ ဖြစ်တဲ့အတွက် မြန်မာအစိုးရနဲ့ ကချင်တပ်တွေကြား အတင်းမာဆုံး အနေအထားကို ရောက်ရှိနေပြီလို့လည်း ကချင်ကေအိုင်အို လွတ်မြောက်ရေး တပ်မတော်ဘက်က ပြောပါတယ်။
XS
SM
MD
LG