သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အအေးဒဏ်သင့် ကချင်ဒုက္ခသည်တွေ အရေးပေါ်အကူအညီလိုအပ်


လိုင်ဇာ ဒုက္ခသည်စခန်းနေ ဒုက္ခသည်များ
လိုင်ဇာ ဒုက္ခသည်စခန်းနေ ဒုက္ခသည်များ

ကချင်ပြည်နဲ့ ရှမ်းမြောက်ဒေသ စစ်ရှောင်စခန်းတွေရှိတဲ့ဒေသတွေမှာ အအေးလွန်ကဲနေပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ဘေးဒုက္ခသည်ကူညီစောင့်ရှောက်ရေးအဖွဲ့တွေကပြောပါတယ်။ အထူးသဖြင့် ကေအိုင်အိုထိန်းချုပ် နယ်မြေမှာရှိတဲ့ စစ်ဘေးရှောင်စခန်းက လူဦးရေ လေးသောင်းကျော်အတွက် စားနပ်ရိက္ခာနဲ့ အဝတ်အစားတွေ ပေးပို့ပေးဖို့ လိုနေပြီး နိုင်ငံတကာအကူအညီတွေလျော့ကျသွားလို့ အခြေအနေတွေဟာ ပိုပြီးဆိုးရွားလာနေကြောင်း ‘ပူးပေါင်းလုပ်ငန်းစဉ်အဖွဲ့’ အတွင်းရေးမှူးက ဗွီအိုအေကိုပြောပါတယ်။ အပြည့်အစုံကို ကိုဇော်ထက် ရန်ကုန်ကနေ ပေးပို့ထားပါတယ်။

ကေအိုင်အိုထိန်းချုပ်နယ်မြေထဲမှာရှိတဲ့ စစ်ဘေးရှောင်စခန်းရှိတဲ့ဒေသတွေမှာ အအေးလွန်ကဲနေလို့ အရေးပေါ်အကူအညီ လိုအပ်နေပြီး လေးသောင်းကျော်လောက်ရှိတဲ့ ဒုက္ခသည်တွေအနေနဲ့ လက်ရှိအခြေအနေအပေါ်မှာ စိုးရိမ်မှုတွေ ရှိနေကြောင်း ကချင်စစ်ရှောင်စခန်းတွေကို ကူညီပေးနေတဲ့ အရပ်ဘက်အဖွဲ့ ၉ခုနဲ့ဖွဲ့စည်းထားတဲ့ ပူးပေါင်းလုပ်ငန်းစဉ်အဖွဲ့ JST အတွင်းရေးမှူး ဦးဂွမ်ရှာအောင်က ပြောပါတယ်။

“ကေအိုင်အိုထိန်းချုပ် ဧရိယာမှာ စခန်း ၂၀လောက်ရှိတာဖြစ်ပါတယ်။ အဲဒီဘက်မှာခိုလှုံတဲ့ IDP (စစ်ရှောင်)တော်တော် များများကျတော့ လက်တလောအနေအထားမှာ သူတို့အတွက်ကျလိုအပ်ချက်တွေကများ၊ ဆောင်းတွင်းကလည်း ပြန်ဖြစ်လာ တော်တော်လေးခက်ခဲတဲ့ဘဝကို သူတို့ဖြတ်သန်းနေရတဲ့ အနေအထားမျိုး ရှိတာဖြစ်ပါတယ်။ IDP စခန်းထဲကို ရောက်နေတဲ့ကာလကလည်း ပိုပိုပြီးမှကြာလာတော့ ဒီအနေအထားမှာသူတို့ သည်းမခံနိုင်တဲ့အနေအထားမျိုးလည်း ပိုရှိလာတယ်။ ဒီအကူအညီတွေနဲ့ပတ်သတ်ပြီးပြောမယ်ဆိုရင် လိုအပ်ချက်တွေက အရမ်းများနေတာပေါ့နော်။”

ကချင်ပြည်နယ်နဲ့ ရှမ်းမြောက်ဒေသမှာ ဒုက္ခသည်စခန်း ၁၇၀ ရှိပြီး လူဦးရေကတော့ တစ်သိန်း သုံးသောင်းကျော် ပါတယ်။ ဒီအတွက်လိုအပ်တဲ့စားနပ်ရိက္ခာကြီးမားသလို အဝတ်အစားအတွက်လည်း အခုလိုဆောင်းတွင်းကာလမှာဆိုရင် ပိုပြီးခက်ခဲကြောင်း အဝတ်အစားတွေအလှူခံပြီးကူညီပေးနေတဲ့ ကချင်ငြိမ်းချမ်းရေးကွန်ရက်က ဘီအက်စတာဇေနော က ပြောပါတယ်။

“ကျွန်မတို့ရန်ကုန်ကတော့ မနှစ်ကထိ နှစ်တိုင်းဒီလိုမျိုးအနွေးထည်တွေစုဆောင်းပြီး ပို့ပေးတာမျိုးရှိတယ်ရှင့်၊ ဒါပေမဲ့လို့ ဒီနှစ်ကတော့ တက်ကြွလှုပ်ရှားသူတွေက ရန်ကုန်မှာရှိတဲ့သူက နည်းနည်းလေးဖြစ်နေတယ်ပေါ့နော်။ နည်းနည်းလေးဖြစ်နေတော့ ဘယ်သူမှမလုပ်နိုင်သေးဘူးဖြစ်နေတော့ ဒီကရန်ကုန်ကမိတ်ဆွေတွေကလည်း လှူချင်တယ်ပေါ့နော် လှူချင်တယ်ဘယ်ကိုလှူရမလဲ မသိဘူးဆိုတဲ့အခါကျတော့ တစ်ယောက်နှစ်ယောက်က အဲလို ဆက်သွယ်လာတယ် ကျွန်မလည်းဝမ်းသာတယ် ဒါကို volunteer (လုပ်အားပေး)တွေလည်းထပ်ခေါ်ထားတယ်ပေါ့။ ကျွန်မတို့ခါတိုင်းလှုပ်ရှားကြတဲ့လူငယ်တွေကိုလည်းထပ်ခေါ်ထားတယ်ဆိုတော့ ရရင်ရသလောက် ကျွန်မတို့ အကုန်လုံး စုစည်းပြီးတော့မှ သွားပြီးပို့ပေးဖို့ရှိတယ်ရှင့်။”

ကချင်ဒေသက ဒုက္ခသည်စခန်းတွေကို ၂၀၁၁ ခုနှစ်ကစဖွင့်ခဲ့တာဖြစ်ပြီး အခုဆိုရင် ရှစ်နှစ်လောက်ကြာခဲ့ပြီဖြစ်ပါတယ်။ နိုင်ငံတကာအကူအညီတွေကလည်း ၂၀၁၆ကစပြီး လျော့ကျသွားလို့ အရင်ကတစ်ယောက်ကို လစဉ်ထောက်ပံ့ကြေး ကျပ်တစ်သောင်းကျော်ရပေမဲ့ အခု ၉၀၀၀ ပဲရတော့ကြောင်း ဘီအက်စတာဇေနော က ပြောပါတယ်။

အသက် ၁၉ နဲ့ ၃၅ကြားမှာရှိတဲ့ အမျိုးသားတွေအနေနဲ့ စားနပ်ရိက္ခာ အထောက်အပံ့ မရတော့ပါဘူး။ နယ်စပ်ဂိတ်စခန်း တွေကို လုံခြုံရေးတင်းကျပ်လိုက်တာကြောင့်လည်း အရင်လိုတရုတ်ပြည်ဘက်မှာ အလုပ်လုပ်ခွင့် မရတဲ့အခြေအနေ ကြုံတွေ့နေတယ်လို့ ဒုက္ခသည်အရေးကူညီစောင့်ရှောက်သူတွေကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG