သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KIA လဂျားယန်ကို မြန်မာလေတပ် ဆက်လက်တိုက်ခိုက်


ကချင်ပြည်နယ် လိုင်ဇာဌာနချုပ်အနီး ရှေ့တန်းစစ်မြေပြင်တွင် ကချင်စစ်သားတစ်ဦးကို တွေ့ရစဉ်။ (ဖေဖော်ဝါရီလ ၁၃၊ ၂၀၁၂)။
ကချင်ပြည်နယ် လိုင်ဇာဌာနချုပ်အနီး ရှေ့တန်းစစ်မြေပြင်တွင် ကချင်စစ်သားတစ်ဦးကို တွေ့ရစဉ်။ (ဖေဖော်ဝါရီလ ၁၃၊ ၂၀၁၂)။
KIA ကချင်လွတ်မြောက်ရေးအဖွဲ့ ဌာနချုပ် လိုင်ဇာနဲ့ မလှမ်းမကမ်း လဂျားယန်မှာ မြန်မာအစိုးရ တပ်တွေနဲ့ ကချင်လွတ်မြောက်ရေးတပ်တွေ အကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး၊ မြန်မာစစ်တပ် ဘက်က လေကြောင်းကနေ တိုက်ခိုက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။ မြစ်ကြီးနား ဗန်းမော် လမ်းကြောင်းမှာရှိတဲ့ KIA တပ်တွေကို ဒီဇင်ဘာ ၂၅ ရက်နေ့ နောက်ဆုံးထား ဆုတ်ခွာဖို့ မြန်မာစစ်တပ်ဘက်က KIA ကို ရာဇသံပေးပြီးတဲ့နောက် အခုလို မြန်မာစစ်တပ် ဘက်က လေကြောင်းက တိုက်ခိုက်မှုတွေပါ လုပ်လာတာပါ။ အခြေအနေ အသေးစိတ်ကိုတော့ ကချင်လွတ်မြောက်ရေးအဖွဲ့ ပြောခွင့်ရသူ ဦးလာနန်ကို ကိုသားညွန့်ဦးက ဆက်သွယ် မေးမြန်းထားပါတယ်။

“အခု ဒီမှာ စကားပြောနေတုန်းပဲ၊ လဂျားယန်မှာ ဂျက်ဖိုက်တာ နှစ်စင်းနဲ့ ပစ်နေတာ။ အခု ၅ နာရီ ၂၀ လောက်မှာ စပြီးပစ်တယ်။ အခုလည်း ပစ်နေတုန်းပဲခင်ဗျ။ ဒီနေ့ လဂျားယန်မှာ သုံးကြိမ်မြောက်ပေါ့။ ဒီနေ့ ၁၂ နာရီခွဲမှာ တကြိမ် တစင်း လာပစ်တယ်။ ခဏ ၃ နာရီခွဲမှာ တကြိမ် လာပစ်တယ်၊ အခု ၅ နာရီ ၂၀ မှာ နောက်တကြိမ် လာပစ်တယ်ခင်ဗျ။ ခုထိ ပစ်တုန်းပါ။”

အဲဒါ လဂျားယန် ဒေသမှာပဲလား၊ တခြား ဒေသတွေရော ပစ်တာခတ်တာ ရှိလား။ -

“လဂျားယန်မှာတော့ ဒီနေ့ သုံးကြိမ်ပစ်တယ်။ နောက်ပြီးတော့ ကျန်တဲ့ဟာကတော့ ကံတောင်ယန် နားမှာရှိတဲ့ ဂန်ဒေါင်ဒု ဆိုတဲ့စခန်းမှာ၊ အဲဒီမှာလည်း နှစ်ကြိမ် လာပစ်တယ်။ နောက်ပြီးတော့ နမ့်ဆမ်ယန် အရပ် အနောက်ဘက် ဘန်ဒေါင် ဆိုတဲ့ ကျေးရွာအနီးမှာလည်း လာပစ်တယ်ခင်ဗျ။”
ဒါက လေကြောင်းက တိုက်တာပေါ့နော်။ တခြား မြေပြင် တိုက်ပွဲတွေရော ပြင်းပြင်းထန်ထန် ရှိသေးလားခင်ဗျ။

“မြေပြင် တိုက်ပွဲတွေ ရှိတယ်ခင်ဗျ။ ဒီနေ့ မနက်ကစပြီးတော့ မြေပြင် တိုက်ပွဲဖြစ်တယ်။ သူတို့ဘက်က နည်းနည်း ထိခိုက်မှု များလာတဲ့အခါမှာ ဂျက်လေယာဉ်ပျံနဲ့ ကူပစ်ပေးတာမျိုး လုပ်တယ်ခင်ဗျ။”

မြေပြင် တိုက်ပွဲတွေက ဘယ်ဘက်နားမှာဖြစ်တာလဲ ခင်ဗျ။ -

“ဒီ လဂျားယန်မှာလည်း ဖြစ်တယ်။ ဒီ ဂန်ဒေါင်ဒု ဆိုတဲ့ အရပ်မှာလည်း ပစ်တယ်။ နမ့်ဆမ်ယန် အနောက်ဘက်မှာလည်း မြေပြင် တိုက်ပွဲတွေ ရှိတယ်ခင်ဗျ။”

အခုလေယာဉ်ကနေ ပစ်ခတ်လို့ ကေအိုင်အေ ဘက်ကပဲ ဖြစ်ဖြစ်၊ အရပ်သား ဒုက္ခသည်တွေပဲ ဖြစ်ဖြစ်၊ အပျက်အစီးတွေ ဘယ်လောက်များ ရှိလဲခင်ဗျ။ -

“ဒီနေ့ နေ့လယ်ပိုင်းအထိတော့ ထိခိုက်မှု မရှိဘူး။ အခု နောက်ဆုံး လာပစ်တာတော့ သတင်းမရသေးဘူးခင်ဗျ။”

ဒုက္ခသည်တွေ အခြေအနေရော ဘယ်လိုရှိလဲ။ -

“ဒုက္ခသည်တွေကတော့ ဒီ လေယာဉ်တွေ လာပြီဆိုတော့ သတိ အနေအထားနဲ့ နေကြတယ်။”

အစိုးရ စစ်တပ်ကနေပြီးတော့ ကေအိုင်အို လဂျားယန် ဒေသကနေ ဆုတ်ပေးဖို့ ဆိုပြီး ရာဇသံ ပေးပြီးတဲ့နောက်ပိုင်း ဖြစ်တဲ့သဘော ဆိုတော့ ဒီအပေါ်မှာ တုံ့ပြန်လာတဲ့ သဘောလား။ -

“အဲဒါ ဖြစ်ပါလိမ့်မယ်။ ရာဇသံကို သူတို့ လက်တွေ့ အကောင်အထည် ဖော်တာ ဖြစ်မယ်။ အဓိက ကတော့ ဗဟိုဌာနချုပ်ကို ထိန်းချုပ်နိုင်ဖို့အတွက် အဲဒီနေရာမှာ သူတို့ ရဖို့ အရေးကြီးတယ်။ အဲဒီဒေသမှာ သူတို့ နေရာ ဝင်ယူလိုက်ပြီဆိုရင် ဗဟိုဌာနချုပ်ကို လက်နက်ကြီးနဲ့ ပစ်ဖို့ လက်တကမ်းပဲ လိုတော့တယ်။ အဲဒီလိုဟာမျိုး ထိန်းချုပ်နိုင်အောင် စီမံချက်ပဲ ဖြစ်မယ်လို့ ကျနော် ယူဆတယ်။”

အဲဒီတော့ လဂျားယန်နဲ့ လိုင်ဇာနဲ့က တော်တော်လေး နီးတဲ့သဘောလား။ -

“နီးပါတယ်။ ၅ မိုင် ၆ မိုင်လောက်ပဲ ရှိတယ်ခင်ဗျ။”

တဘက်မှာ ဦးလာနန် တို့အနေနဲ့ ကေအိုင်အေ အနေနဲ့ မြန်မာအစိုးရ အာဏာပိုင်တွေ နဲ့ တရားဝင် တိုက်ရိုက် ဆက်သွယ်ရေး လမ်းကြောင်းတွေရော မရှိဘူးလား။ ဒီကိစ္စ ပြောနိုင် ဆွေးနွေးနိုင်တဲ့ လမ်းကြောင်း။ -

“အဲဒီလိုတော့ မရှိဘူးခင်ဗျ။”

အဲဒီတော့ အစိုးရဘက်ကို တရားဝင်တော့ အကြောင်းမကြားရသေးဘူးပေါ့။ ဒီကိစ္စနဲ့ ပတ်သက်လို့။ -

“ဒီကိစ္စက သူတို့ သိပြီးသားပါ။ သူတို့ရဲ့ စီမံချက် ရှိတဲ့အတိုင်း လုပ်ဆောင်တဲ့ ကိစ္စပါ။ ဒါကြောင့်မိုလို့ ဒီကိစ္စမှာ ကျနော်တို့က ခင်ဗျားတို့ လေယာဉ်နဲ့ လာပစ်ပါတယ် ဆိုပြီးတော့ ပြောစရာလည်း မလိုပါဘူး။ ဒါ သူတို့ပဲ စဉ်းစားပြီးတော့ လုပ်ရမယ့် ကိစ္စတခုပါ။”

ဟိုတလောက လဂျားယန် ဘက်ကနေ ဆုတ်ပေးရမယ်။ မဆုတ်ပေးရင် သူတို့ဘက်က တိုက်မယ်ဆိုတဲ့ ရာဇသံပေးတဲ့နောက်ပိုင်းမှာ ဦးအောင်မင်း ဆီကို ကေအိုင်အေ ကနေပြီးတော့ ကန့်ကွက်စာ ပို့တယ်လို့ ကြားပါတယ်ခင်ဗျ။ အဲဒီအပေါ်မှာရော ဘာများ တုံ့ပြန်တာ ရှိပါလဲ။ -

“သူတို့ဘက်က တုံ့ပြန်ဖို့တော့ မရှိဘူး။ သူတို့ဘက်ကလည်း သူတို့ဆီက စာနဲ့ တုံ့ပြန်တာကို မျှော်လင့်ပြီးမှ ပို့တဲ့စာတော့ မဟုတ်ဘူး။ ဒီ အစိုးရရဲ့ လုပ်ရပ်အပေါ်မှာ မှားယွင်းပါတယ် ဆိုတဲ့ဟာကို ကျနော်တို့ မှတ်တမ်းအနေနဲ့ မှတ်တမ်းတင်နိုင်ဖို့ ဆိုပြီး ကန့်ကွက်ထားတဲ့ စာသဘောပဲ ရှိတယ်ခင်ဗျ။”

ကေအိုင်အေ အနေနဲ့ လက်ရှိ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေနဲ့ အလားအလာ တွေနဲ့ ပတ်သက်လို့ရော ဘယ်လိုမြင်ထားလဲ။ အခု အခြေအနေ ဖြစ်လာတယ်ဆိုတော့။ -

“အခု လောလောဆယ် သုံးလေးရက် အတွင်းမှာ သူတို့ရဲ့ စစ်ဆင်မှုကို ကြည့်မယ်ဆိုရင်တော့ ဒီ တွေ့ဆုံ ဆွေးနွေးမှုကတော့ ခက်ခက်ခဲခဲ နဲ့ ပြန်ပြီးတော့ အစဖော်ရမယ့်ပုံစံ လို့ မြင်တယ်။ ဒါပေမဲ့ ဒီပြဿနာတွေ အားလုံးက ဒီလိုမျိုး စစ်ရေးနည်းနဲ့ စစ်အင်အား အလုံးအရင်းနဲ့ လေကြောင်းနဲ့ တိုက်ခိုက်လို့ပဲ ဒီ ပြဿနာတွေဟာ ပြေငြိမ်းနိုင်စရာ အကြောင်း မရှိဘူး။ စားပွဲပေါ်မှာ နိုင်ငံရေး ဆွေးနွေးမှု ဖြစ်ပေါ်လာမှ ဒီကိစ္စတွေက ပြေလည်နိုင်စရာ အကြောင်းရှိတယ်။ ဒါကြောင့်မိုလို့ ကျနော်တို့ အဖွဲ့အစည်းကတော့ ဒီကိစ္စတွေ အားလုံးဟာလည်း ခက်ခက်ခဲခဲ နဲ့ ဖြစ်ပါစေ၊ တွေ့ဆုံ ဆွေးနွေးပြီးမှပဲ အဖြေရှာရမယ့် လုပ်ငန်းလို့ပဲ ကျနော် မှတ်ယူထားတယ်ခင်ဗျ။”

ကေအိုင်အေ နယ်စပ်ဘက်က တရုတ်နိုင်ငံနဲ့ ကပ်နေတဲ့အခါကျတော့ တရုတ် နိုင်ငံ ဘက်ကနေပြီးတော့ အခု ကေအိုင်အေမှာ ဖြစ်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့ သူတို့ဘက်က လှုပ်ရှားမှုရှိလား။ သူတို့ဘက်က ဘယ်လို သဘောထား ရှိလဲ အခြေအနေက။ -

“သူတို့ဘက်က ဒီကိစ္စအပေါ်မှာတော့ တိုက်ရိုက် ပြောဆိုတာတော့ မရှိဘူး။ ဒါပေမဲ့ နယ်စပ်တလျှောက်မှာ သူတို့ စစ်အင်အားတွေ အလုံးအရင်း ချထားတာမျိုး၊ လက်နက်ကြီးစခန်းတွေ နေရာ ချထားတာမျိုးတော့ သူတို့ သတင်းရထားတယ်ခင်ဗျ။”

အဲဒါက ဘာအတွက် ပြင်တာလဲ။ ကေအိုင်အေ ဘက်က ဝင်လာမှာစိုးလို့လား။ တခြား အတွက် ပြင်တာလား။ ဘယ်လို ယူဆရလဲ။ -

“အဲဒီလိုတော့ မဟုတ်ဘူးခင်ဗျ။ သတင်းရတဲ့အတိုင်းပေါ့နော်။ နယ်စပ်ဒေသကို သူတို့ စစ်အင်အား အလုံးအရင်းနဲ့ ထိုးလာတယ်ဆိုတဲ့ဟာမျိုး၊ နောက်ပြီးတော့ ဒီမှာ လေယာဉ်နဲ့ ပစ်ခတ်နေတယ် ဆိုတာကို တရုတ်ဘက်ခြမ်းက ဒီအတိုင်း အတိုင်းသား မြင်နေရတဲ့ကိစ္စတွေ ရှိတယ်။ မနေ့က ပစ်ခတ်မှုမှာ ဆိုရင် လေယာဉ်တစီးဟာ တရုတ်ဘက် မီတာ ၅၀၀၊ ၆၀၀ လောက်ကို နယ်ကျွံသွားတာမျိုး ရှိတယ်။ အဲဒီကိစ္စအပေါ်မှာ သူတို့ သတိအနေအထားနဲ့ လိုအပ်ရင် လိုအပ်သလို တုံ့ပြန်နိုင်ဖို့ ဖြစ်လိမ့်မယ်လို့ ထင်တယ်ခင်ဗျ။”
XS
SM
MD
LG