စစ်ပွဲတွေရပ်တန့်ရေး ငြိမ်းချမ်းစွာဆန္ဒပြခဲ့တဲ့ ကချင်ခေါင်းဆောင်သုံးဦးကို တပ်မတော်ကို ဂုဏ်သိက္ခာညိုးနွမ်းအောင် အကြည်ညိုပျက်အောင်လုပ်ခဲ့တယ်ဆိုပြီး အသရေဖျက်မှုပုဒ်မ ၅၀၀နဲ့ ဒုတိယဗိုလ်မှူးကြီးတဦးက တရားစွဲဆိုထားတာကို စွဲချက်တင်ဖို့ မြစ်ကြီးနားမြို့နယ် တရားသူကြီးက ဒီကနေ့ တနင်္လာနေ့မှာပဲ လက်ခံကြောင်း ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ အမှုမခိုင်လုံလို့ အမှုကို ပလပ်ပေးဖို့ ကချင်ပြည်နယ်လွှတ်တော်ကို တရားစွဲခံရသူတွေဘက်က လျှောက်ထားခဲ့တာကိုလည်း ပြည်နယ်တရားလွှတ်တော်က လက်မခံပဲ ပယ်ချခဲ့တာပါ။ အခုလို ငြိမ်းချမ်းရေးလှုပ်ရှားသူတွေကို စွဲချက်တင်ဖို့ မြစ်ကြီးနားမြို့နယ် တရားသူကြီးက အမိန့်ချလိုက်တာဟာ မြန်မာ့ငြိမ်းချမ်းရေး ဖော်ဆောင်နေမှုနဲ့ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးအပေါ် မေးခွန်းထုတ်စရာဖြစ်နေတယ်လို့ တရားစွဲဆိုခံရသူတွေဘက်က တုန့်ပြောဆိုလိုက်ပါတယ်။ မဆုမွန် စုစည်းတင်ပြထားပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မနောကွင်းကနေ တမြို့လုံးလှည့်လည်ပြီး ငြိမ်းချမ်းစွာ လမ်းလျောက်ဆန္ဒပြခဲ့ကြတဲ့ ဒေသခံပြည်သူ ထောင်ချီပါဝင်တဲ့ လှုပ်ရှားမှု ဦးဆောင်ကော်မတီဝင်သုံးဦးဖြစ်တဲ့ ၊ ဦးဇော်ဂျတ်နဲ့ ဒေါ်နန်ပူတို့ကို တပ်မတော်ရဲ့ ဂုဏ်သိက္ခာညိုးနွမ်းအောင် ဆန္ဒပြခဲ့ကြတယ်ဆိုပြီး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်- ဒုတိယဗိုလ်မှူးကြီး မျိုးမင်းဦးက ရာဇသတ်ကြီးပုဒ်မ (၅၀၀) အသရေဖျက်မှုနဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ ဒီကနေ့ မြို့နယ်တရားသူကြီးက စွဲချက်တင်ဖို့ ဆုံးဖြတ်ခဲ့တဲ့ မြစ်ကြီးနားမြို့နယ် တရားရုံး တရားခွင်ရဲ့ အခြေအနေ ကိုတော့ တရားစွဲဆိုခံရသူတွေထဲက တဦးဖြစ်တဲ့ ကချင်လူငယ်ငြိမ်းချမ်းရေးလှုပ်ရှားသူ ကို Lum Zawng ကိုဆက်သွယ်မေးမြန်းတဲ့အခါ သူက အခုလိုစေပြောပြပါတယ်။
"မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုဗိုလ်မှူးကြီး မျိုးမင်းဦးဘက်ကနေ တရားလိုလုပ်ပြီးမှ တပ်မတော်ကို အသရေဖျက်တယ်ဆိုပြီးမှ ဦးတိုက်လျောက်လွှာကို ရုံးချိန်း ၁၅ လောက်မှ ကျနော်တို့ကို ဆွဲချက်တင်တဲ့အမိန့်ကို ချလိုက်ပါတယ်။ ဆိုတော့ ဆွဲချက်တင်တဲ့အမိန့်ချလိုက်တဲ့အပေါ်မှာတော့ ကျနော်တို့က လုံး၀ တရားမျှတမှုမရှိဘူး မတရားတဲ့ ဆွဲချက်တင်တဲ့အမိန့်လို့ ကျနော်တို့ ခံယူပါတယ်။ တရားလိုသက်သေတယောက်ဆိုရင် ရုံးချိန်း ၂ ချိန်းစလုံးမလာဘူး ဆိုတော့ ကျနော်တို့ ဒါကြောင့်ပယ်လိုက်တယ်။ ဆိုတော့ ခိုင်လုံတိကျမှု မရှိပဲနဲ့ ကျနော်တို့ ၃ ဦးပေါ်မှာ တရားစွဲဆိုထားတဲ့ အပေါ်မှာ ခိုင်လုံမှုမရှိပဲနဲ့ တရားသူကြီးက ကျနော်တို့ကို စွဲချက်အမိန်ချလိုက်တာကတော့ တရားသူကြီးနဲ့ တရားစီရင်ရေးအပေါ်မှာ တော်တော်လေး စိတ်မကောင်းဖြစ်မိတာပေါ့။
မဆုမွန်။ ။ အဲဒီတော့ ကို Lum Zawng တို့ဘက်က အခုလိုမျိုး တရားသူကြီးက စီရင်ချက်ချဖို့အမိန့်ချလိုက်တဲ့အတွက်ကြောင့်မို့လို့ ဆက်ပြီးတော့ တရားခွင်မှာ ရှေ့နေတွေရော ကိုလွမ်းဇောင်းတို့ဒီ တရားစွဲဆိုခံရသူတွေက ဆက်ပြီး တရားဥပဒေပိုင်းအရ ဆက်ပြီး ရင်ဆိုင်သွားဖို့ ပြင်ဆင်နေတဲ့အနေအထားပေါ့နော်။
ကို Lum Zawng။ ။ ကျနော်တို့အပေါ်မှာ ဆွဲချက်တင်တဲ့အမိန့်ချလိုက်တဲ့အတွက်ကြောင့် ဆက်လက်ပြီးမှ ကျနော်တို့ရဲ့ သက်သေအထောက်အထားနဲ့ ဥပဒေအတိုင်း ကျနော်တို့ အယူခံသွားမယ်။ ဆွဲချက်အမိန့်ကို ကျနော်တို့ အပြစ်မရှိကြောင်း ဆက်လက်ထုချေ ပြီးမှ သက်သေပြသွားမှာပေါေ့နာ်။
မဆုမွန်။ ။ NLD အစိုးရအနေနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မယ်လို့ပြောတယ်။ အမျိုးသားရင်ကြားစေ့ရေးလည်း လုပ်မယ်လို့ပြောတယ်။နောက် တိုင်းရင်းသားဒေသတွေမှာ ငြိမ်းချမ်းရေးတွေ ဖော်ဆောင်ဖို့အတွက် သူတို့ရဲ့အဓိက ဦးစားပေးအနေနဲ့ ဆောင်ရွက်မယ်ဆိုပြီးတော့ NLD အစိုးရအနေနဲ့ တောက်လျောက်ပြောဆိုလာတာရှိတယ် အခုလိုမျိုး ငြိမ်းချမ်းရေး လုပ်ရှားနေတဲ့လူတွေအပေါ်မှာ ဒီလိုမျိုးတပ်မတော်ကို အကြည်အညှိပျက်စေတယ်ဆိုပြီးတော့ ဆွဲချက်တင်ဖို့ ဆုံးဖျက်ချက်ချလိုက်တဲအ့နေအထားအပေါ်မှာ ကို Lum Zawngတို့ ငြိမ်းချမ်းရေးလှုပ်ရှားသူတွေအနေနဲ့ ဘာများစကားပါးချင်တာရှိပါသလဲ။
ကို Lum Zawng။ ။ ကျနော်တို့ဒီ နိုင်ငံတော်သမ္မတကို လိပ်မူပြီးမှ ကျနော်တို့ မြစ်ကြီးနား ခရစ်ယာန်ကောင်စီ MCC ကလည်း စာရေးတင်ပို့ဖို့ပြင်ဆင်နေတယ်ဆိုတာ ကြားသိရပါတယ်။ ကျနော်တို့ အပေါ်မှာ များများမတ်မတ်မရပ်တည်ပဲနဲ့ ဥပဒေအတိုင်း မဆောင်ရွက်တဲ့အပေါ်မှာ ငြိမ်းချမ်းရေးလုပ်ဆောင်တဲ့ အပေါ်မှာ မိဘပြည်သူတွေရဲ့ ယုံကြည်မှုတွေပိုမိုပြီးမှ ကျဆင်းလာနိုင်တဲ့အခြေအနေတွေက တရားစီရင်ရေးအပေါ်မှာ အခြေအနေထင်ဟပ်မှုတွေတွေ့ရပါတယ်။
တရားစွဲဆိုဖို့ စီရင်ချက် ချခံထားရတဲ့ ကချင်ခေါင်းဆောင်သုံးဦးဟာ လတ်တလောမှာတော့ အာမခံရထားပြီး ဆက်လက်တရားရင်ဆိုင်သွားကြဖို့ပြင်ဆင်နေကြတာပါ သူတို့ကို စွဲဆိုထားတဲ့ ပုဒ်မ (၅၀၀) ကတော့ မည်သူမဆို အခြားတစ်ဦးဦးကိုအသရေဖျက်မှု တစ်ခုကျူးလွန်လျှင် ထိုသူအား(၂) နှစ်အထိ ထောင်ဒဏ် ဖြစ်စေ ငွေဒဏ်ဖြစ်စေ ၊ပြစ်ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်နိုင်တဲ့ပုဒ်မ ဖြစ်ပါတယ်။