သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

မြစ်ကြီးနား စစ်ပွဲများရပ်ဆိုင်းရေး ဆန္ဒပြသူတွေအမှု တရားလိုသက်သေ စစ်ဆေး


စစ်ပွဲတွေရပ်တန့်ရေးငြိမ်းချမ်းစွာဆန္ဒပြခဲ့တဲ့ ကချင်ခေါင်းဆောင်သုံးဦးကို စစ်တပ်ကို အကြည်ညိုပျက်စေတယ်ဆိုတဲ့ အသရေဖျက်မှုပုဒ်မနဲ့ ဒုတိယဗိုလ်မှူးကြီးတဦးက တရားစွဲဆိုထားတာကို ချေဖျက်ပေးဖို့ လျှောက်ထားချက်ကို ပြည်နယ်တရားလွှတ်တော်က လက်မခံပဲ ပယ်ချပြီးခဲ့တဲ့နောက် မြစ်ကြီးနားတရားရုံးမှာ တပ်ဘက်တင်ပြလာတဲ့ သက်သေတွေကို ဒီကနေ့စတင်စစ်ဆေးပါတယ်။ ငြိမ်းချမ်းရေးနဲ့ စစ်ဘေးသင့်ပြည်သူတွေအရေး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့သူတွေကို အခုလိုတရားစွဲဆိုနေတဲ့အပေါ် အရပ်သားအစိုးရရဲ့ မြန်မာ့ငြိမ်းချမ်းရေး ဖော်ဆောင်နေမှုနဲ့ တပ်ဘက်က သဘောထားကို မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့ တရားစွဲဆိုခံရသူတွေဘက်က ဝေဖန်ပြောဆိုလိုက်ပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန် တင်ပြပေးပါမယ်။

ကချင်စစ်ရေးပဋိပက္ခထဲ ပိတ်မိပြည်သူတွေ ကယ်ထုတ်ရေးနဲ့ တိုင်းရင်းဒေသက တိုက်ပွဲတွေအမြန်ဆုံးရပ်ဖို့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မနောကွင်း စီတာပူကနေ တမြို့လုံးလှည့်လည်ပြီး ငြိမ်းချမ်းစွာ လမ်းလျောက်ဆန္ဒပြခဲ့ကြတဲ့ ဒေသခံပြည်သူ ထောင်ချီပါဝင်တဲ့ လှုပ်ရှားမှု ဦးဆောင်ကော်မတီဝင်သုံးဦးဖြစ်တဲ့ ကို Lum Zawng ၊ ဦးဇော်ဂျတ်နဲ့ ဒေါ်နန်ပူတို့ကို တပ်မတော်ရဲ့ ဂုဏ်သိက္ခာညိုးနွမ်းအောင် ဆန္ဒပြခဲ့ကြတယ်ဆိုပြီး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်- ဒုတိယဗိုလ်မှူးကြီး မျိုးမင်းဦးက ရာဇသတ်ကြီးပုဒ်မ (၅၀၀) အသရေဖျက်မှုနဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ မြစ်ကြီးနားမြို့နယ်တရားရုံးမှာ သူတို့ကိုတရားစွဲဆိုထားတဲ့ အမှုမခိုင်လုံတဲ့အတွက် ပလပ်ပေးဖို့ ပြည်နယ်လွှတ်တော်တရားရုံးအထိ တက်ပြီး တရားစွဲဆိုခံရသူတွေဘက်က လျှောက်ထားချက်ကိုတော့ ပြည်နယ်လွှတ်တော် တရားသူကြီးဘက်က လက်မခံပဲ ပယ်ချခဲ့ပါတယ်။

ဒီကနေ့ သြဂုတ်လ (၆)ရက်နေ့မှာတော့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့က မြစ်ကြီးနားမြို့နယ်တရားရုံးမှာ တရားစွဲဆိုသူ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်- ဒုတိယဗိုလ်မှူးကြီး မျိုးမင်းဦးဘက်က တင်သွင်းလာတဲ့ တရားလိုပြသက်သေတွေကို စတင်စစ်ဆေးခဲ့တယ်လို့ တရားစွဲဆိုခြင်းခံရသူ ကချင်လူငယ်အဖွဲ့က ကို Lum Zawng က တရားခွင်မှာ စစ်ဆေးခဲ့တဲ့အခြေအနေကို အခုလိုပြောပြပါတယ်။

"ဒီနေ့ကတော့ တရားလိုပြသက်သေ လာသွားပါတယ်။ တပ်ဘက်ကတော့ ဒုဗိုလ်မှူးကြီးမရောက်လာသေးဘူး သူ တပည့်ပြောရမှာပေါ့ ဗိုလ်မှူးနဲ့ သူ့တပည့် ၂ ယောက်ကတော့ လာတာပေါ့နော် အဲဒီမှာ ကျနော်တို့ တရားလိုပြသက်သေကို စစ်တဲ့အချိန်မှာ အပြန်အလှန်စစ်မေးတဲ့အချိန်မှာလည်း သက်သေကတော့ ဆန္ဒပြပွဲနဲ့ ပက်သက်ပြီးတော့ ကောင်းကောင်းမွန်မွန်အသေးစိတ်သိတာမရှိဘူး။ သူက မနောကွင်းဘေးက လဖက်ရည်ဆိုင်မှာပဲ ထိုင်နေတယ်။ facebook ကနေ တင်လာတဲ့ဟာကိုတွေ့ရတယ်။ သူကတော့ အဲဒါပဲပြောတာပေါ့နော် ဆိုတော့ ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီမှ တရားစွဲဆိုထားတဲ့ ဒုဗိုလ်မှူးကြီးကနေ တရားလိုစွဲဆိုထားတဲ့ အမှုနဲ့ ဆက်စပ်ပြီးမှ ကောင်းကောင်းမွန်မွန်သိသလားဆိုတော့လည်း သူကောင်းကောင်းမွန်မွန်မသိဘူး အဲဒါ ကျနော်တို့ သွေဖယ်သွားတယ်။ နောက်တခုကတော့ တပ်ဘက်ကနေ တရားစွဲဆိုထားတဲ့ လွမ်းဇောင်၊ ကိုဇော်ဂျတ်၊ ဒေါ်နန်ပူတွေကို ကောင်းကောင်းမွန်မွန်မသိဘူးပေါ့နော် ။ ဘယ်လိုပြောဆိုပြီးမှ ဆန္ဒထုတ်ဖော်မှုတွေ လုပ်တာကိုလည်း သူကောင်းကောင်းမွန်မွန်မသိဘူးလို့ပြောတယ်။ ဒါပေမယ့် အဲဒီလူတွေ လွတ်မြောက်ဖို့လုပ်တာ ကြားလားဆိုတော့ ကြားတယ်လို့ပြောတာပေါ့နော်။”

ငြိမ်းချမ်းရေးဖော်ဆောင်မယ်ဆိုတဲ့ အရပ်သားအစိုးရလက်လက် နိုင်ငံသားတိုင်း လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်နဲ့အညီ မိမိတို့ရဲ့ဆန္ဒသဘောထားကို ငြိမ်းချမ်းစွာဖော်ထုတ်တင်ပြခဲ့ကြတဲ့ ငြိမ်းချမ်းရေးလှုပ်ရှားသူတွေအပေါ် အခုလိုတရားစွဲဆိုနေတဲ့ အနေအထားတွေကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တို့အနေနဲ့ အလေးအနက်ထား စဉ်းစားဆောင်ရွက်ပေးသင့်တယ်လို့ ဦးဇော်ဂျတ်က ပြောပါတယ်။

“ကျနော်အနေနဲ့ ပြောချင်တာက ဘယ်လောက်အခြေအနေဖြစ်တယ်ဆိုတာကတော့သူတို့ပိုသိပါလိမ့်မယ်။ ပိတ်မိနေတဲ့ပြည်သူတွေကို သူတို့ကယ်ထုတ်ဖို့အတွက် ကြိုးစားရင်းနဲ့ ဒီလိုမျိုးအမှန်တရားကို ထုတ်ဖော်ပြောဆိုတဲ့အချိန်မှာ ဒီလိုမျိုး တပ်မတော်အနေနဲ့ ကျနော်တို့ ၃ ဦးကို တရားစွဲဆိုတယ်ဆိုတဲ့အပေါ်မှာတော့ ဒါလုံးဝကို မတရားဘူး ဒီနိုင်ငံတော်သမ္မတကိုတိုက်တွန်းလိုတာကတော့ ဒီလိုအောက်ခြေမှာ ကျနော်တို့အခု ကချင်ပြည်နယ်တင်မကပဲနဲ့ မြန်မာပြည်အနှံ့မှာ ငြိမ်းချမ်းစွာ စုဝေးပြီး ဆန္ဒထုတ်ဖော်တဲ့အချိန်မှာ ဒီလိုမျိုး အရေးယူတယ် တရားစွဲခံရတဲ့အပေါ်မှာ သမ္မတရော နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ရော ဒီအတွက် အောက်ခြေမှာ ဖြစ်တဲ့ဟာကိုလည်း ကွင်းဆင်းပြီးမှ သေသေချာချာ တရားရေးဘက်မှာ မျှမျှတတ ကျပ်မှတ်ပြီးတော့ ဆောင်ရွက်ရင်ပိုအဆင်ပြေမယ် ပိုပြီမှ သင့်တော်မယ်လို့ ကျနော်တိုက်တွန်းချင်ပါတယ်။”

အခုလို ကချင်ပြည်နယ်မှာ စစ်ပွဲတွေရပ်ရေး ဆန္ဒပြခဲ့သူတွေအပါအဝင် ရန်ကုန်-မန္တလေးစတဲ့ဒေသတွေက ငြိမ်းချမ်းစွာလှုပ်ရှားသူတွေကို ဥပဒေပုဒ်မအမျိုးမျိုးတပ်ပြီး ဖမ်းဆီးထောင်ချဖို့ ကြိုးပမ်းနေမှုဟာ မြန်မာ့ငြိမ်းချမ်းရေးဖော်ဆောင်နေမှုနဲ့ မြန်မာနိုင်ငံတရားစီရင်ရေးအပေါ် မေးခွန်းထုတ်စရာဖြစ်လာနေပြီး စစ်ဘေးသင့်ပြည်သူငြိမ်းချမ်းရေးလှုပ်ရှားသူတွေကို အခုလိုတရားစွဲဆိုနေတာကတော့ တရားစွဲဆိုခံရသူတွေဘက်က တရားမျှတမှုမရှိဘူးလို့ ခံစားရတဲ့အကြောင်း ကိုLum Zawngက ပြောပါတယ်။

“ကျနော်တို့အခု စွတ်စွဲသူတွေ ခံစားနေရတာက မတရားစွာ ကျနော်တို့ကို တရားစွဲဆိုထားတယ်လို့ ကျနော်တို့ အဲလိုယုံကြည်ပါတယ်။ ပြီးရင်တကယ်လည်း အဲလိုဖြစ်နေတာပေါ့နော်။ ဆိုတော့ ကျနော်တို့အပေါ်မှာ ခိုင်လုံတိကျမှုမရှိဘူး။ ပြီးတော့ ကျနော်တို့ကို နောက်စွတ်စွဲတာလည်း မမှန်မကန်ဖြစ်နေတယ် ။ ကျနော်တို့ ပြောဆိုမှု မဟုတ်တဲ့အရာတွေကိုလည်း ကျနော်တို့ ပြောဆိုတယ်လို့ပြောတယ်။ ကျနော်တို့ဘက်ကလည်း ကချင်ပြည်နယ်တရားလွှတ်တော်ကိုလည်း အမှုချေဖျက်လွှာတင်တယ် ။ ဒါကို ပယ်ချခံရတယ်။ တကယ်လို့ ခိုင်လုံတိကျမှုမရှိဘူးဆိုရင် သက်သေအထောက်အထား ၊ စာရွက်စာတန်းအားလုံးကအစ အထောက်အထားအပြည့်စုံမရှိဘူးဆိုရင် တရားသူကြီးတွေဘက်ကနေ အမြန်ဆုံးကျနော်တို့ကို ဒီအပေါ်မှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ဆုံးဖြတ်ပေးဖို့ ဒါ ကျနော်တို့ ဖြစ်စေချင်တယ်၊ တောင်းလည်းတောင်းဆိုတာပေါ့နော်။”

အခုလောလောဆယ် တရားစွဲဆိုခံထားရသူသုံးဦးကိုတော့ မြစ်ကြီးနားမြို့တရားရုံးက အာမခံပေးထားပါတယ်။ သူတို့ကိုစွဲဆိုထားတဲ့ အသရေဖျက်မှု ပုဒ်မ (၅၀၀) ကတော့ မည်သူမဆို အခြားတစ်ဦးဦးကိုအသရေဖျက်မှု တစ်ခုကျူးလွန်လျှင် ထိုသူအား(၂) နှစ်အထိ ထောင်ဒဏ် ဖြစ်စေ ငွေဒဏ်ဖြစ်စေ ၊ပြစ်ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်နိုင်တဲ့ပုဒ်မ ဖြစ်ပါတယ်။ မြန်မာနိုင်ငံတဝှမ်း တိုက်ပွဲတွေရပ်ဖို့နဲ့ စစ်ဘေးသင့်ပြည်သူတွေအရေး ငြိမ်းချမ်းရေးလှုပ်ရှားမှုကြောင့် ဆန္ဒပြသူတွေကို ဒီနှစ်၂၀၁၈ခုနှစ်အတွင်းမှာကို အာဏာပိုင်တွေဘက်က ပုဒ်မအမျိုးမျိုးနဲ့ တရားစွဲဆိုခံထားရတဲ့ အမှုက (၁၅)မှုဖြစ်ပြီး ရန်ကုန်၊ မန္တလေး၊ ပဲခူးနဲ့ ကချင်ပြည်နယ်အတွင်းက တက်ကြွလှုပ်ရှားသူပေါင်း (၄၇)ဦး တရားစွဲဆိုထားတယ်လို့လည်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအသံက သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG