သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးတောင်ပိုင်း သာစည်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်တချို့ဖမ်းဆီးခံရ


kalay city ကလေးမြို့
kalay city ကလေးမြို့

{{Zawgyi/Unicode}}

ဧပြီ ၁၂၊ ၂၀၂၃ (ဗွီအိုအေ၊ မြန်မာ)

ကလေးမြို့တောင်ပိုင်း သာစည်ကျေးရွာမှာ စစ်ကောင်စီတပ်က ကျေးရွာတွင်း ပြည်သူအုပ်ချုပ်ရေးအဖွဲ့ဝင်တချို့နဲ့ ကျေးရွာနေအရပ်သားအတော်များများကို ဖမ်းဆီးသွားတယ်လို့ ကလေးကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ ကလေးမြို့နယ်ထဲမှာတော့ ဒီရက်ပိုင်း တိုက်ပွဲတွေငြိမ်နေပေမယ့် စစ်ရှောင်တချို့ နေရပ်မပြန်နိုင်ကြသေးပါဘူး။ ကလေးမြို့နယ်တွင်း အခြေအနေသတင်းပေးပို့ချက်ကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့နဲ့လေးမိုင်ပဲကွာဝေးတဲ့ ကလေးမြို့တောင်ပိုင်း သာစည်ကျေးရွာကို ဧပြီ ၁၂ ရက်နေ့ မနက်ပိုင်းက မြန်မာစစ်ကောင်စီတပ်တွေ ဝင်ရောက်ပြီး ကျေးရွာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တွေနဲ့ သူတို့မိသားစုဝင်တွေကို ဖမ်းဆီးခဲ့တယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ ဖမ်းဆီးစဉ်မှာ ဒဏ်ရာရသူရှိတယ်လို့လည်း ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

“ည ၃ နာရီခွဲလောက်ကို ဝင်စီးတယ်။ ပကဖကိုကျတော့ ၁၀ ယောက်၊ ၁ ယောက်ကတော့ ကျည်ထိထားတယ်ထင်တယ်။ ဆေးကုနေတယ်လည်းကြားတယ်။ သူတို့မိသားစုဝင်တွေ ဆွေမျိုးတော်စပ်တဲ့ ၂၃ ယောက်ကိုလည်း ဖမ်းဆီးသွားတယ်။ ဖမ်းဆီးသွားပြီးတော့ (နေ့လည်) ၂ နာရီ ၃၀ အချိန်မှာ ပြန်ဝင်တယ်။ ပြန်ဝင်ပြီးတော့ အဲ့ကောင်လေးတွေရဲ့ ရဲဘော်တွေရဲ့ ဖုန်း Contact ထဲကဟာတွေကို သူတို့ရွာထဲမှာ ပြန်ပြီးလိုက်ဖမ်းတာ။ ၂ နာရီခွဲ ပြန်ဝင်ပြီး ပြန်လိုက်ဖမ်းတဲ့အချိန်မှာ ၁၅ ယောက်ပါသွားတယ်။ ဖမ်းပဲဖမ်းသွားတယ်။ ပြန်လွှတ်ထားတာ တယောက်မှ မရှိသေးဘူး။ သေချာတာတခုက ဒကစ ထဲ ခေါ်သွားမှာပဲ။”

စစ်တပ်ဟာ ညနေပိုင်းမှာ သာစည်ကျေးရွာထဲက ပြန်လည်ထွက်ခွါသွားပြီးတဲ့နောက် ကျေးရွာထဲမှာမီးရှို့ခဲ့တယ်လို့လည်း ဒေသခံက ပြောပါတယ်။ ဒီအဖြစ်အပျက်တွေနဲ့ပတ်သက်လို့ မြန်မာစစ်ကောင်စီဘက်က တစုံတရာထုတ်ပြန်တာမျိုးမရှိပါဘူး။ ဒါပေမယ့် PDF တပ်ဖွဲ့တွေဟာ ကျေးရွာတွေကို အခြေပြုပြီး အကြမ်းဖက်လုပ်ငန်းတွေလုပ်တယ်ဆိုပြီး မြန်မာစစ်ကောင်စီက စွပ်စွဲမှုတွေရှိထားတာပါ။

ဒေသတွင်းမှာ ဒီရက်ပိုင်းတိုက်ပွဲတွေ ငြိမ်သက်နေပါတယ်။ တိုက်ပွဲငြိမ်သက်နေလို့ အိမ်ပြန်သူ အချို့ရှိပေမယ့် တိုက်ပွဲတွေထပ်ဖြစ်လာပြီး ကျေးရွာကို စစ်တပ်ကလက်နက်ကြီးတွေ ပစ်ခတ်လာမှာ စိုးရိမ်တဲ့အတွက် အိမ်မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင်တွေလည်း ရှိတယ်လို့ ကလေး စစ်ဘေးရှောင်ကူညီရေး တွဲဖက်တာဝန်ခံ ကိုဂျပန်ကြီးက ပြောပါတယ်။

“တချို့တွေကလည်း ကိုယ့်အိမ်ကိုယ်ရာကို ပြန်နေကြတယ်။ တချို့ကျတော့လည်း မပြန်ရဲသေးဘူး။ ကြောက်နေတယ်ပေါ့နော်။ စစ်ကောင်စီရဲ့ လက်နက်ကြီး ထပ်ပြီးတော့ ရမ်းသမ်းပစ်ခတ်တာမျိုးတွေ ပြုလုပ်လာမှာကို ကြောက်စိတ်ဝင်နေတယ်။ စိုးရိမ်စိတ်တွေရှိနေတယ်။ တချို့ပြည်သူတွေအနေနဲ့လည်း မြို့ထဲတွေမှာ တိမ်းရှောင်တာမျိုးတွေပေါ့နော်။ ချပ်ချ်ကျောင်းတွေပေ့ါနော်။ အဲ့လိုနေရာတွေမှာ တိမ်းရှောင်တာတွေရှိနေဆဲပဲပေါ့။”

ကူညီပေးနေသူတွေက စစ်ဘေးရှောင်တွေကို အစားအသောက်တွေလှူဒါန်းဖို့ လုပ်နေတာတွေရှိပေမယ့် စစ်ဘေးရှောင်ဦးရေ များပြားတဲ့အတွက် စားနပ်ရိက္ခာလိုအပ်ချက်တွေလည်းရှိနေတယ်လို့လည်း ကူညီပေးနေသူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

---------


{{Unicode}}










XS
SM
MD
LG