သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်သူတွေကိုကူညီနိုင်ဖို့ အာဆီယံ အာရုံစိုက်လုပ်ဆောင်နေ (အာဆီယံအတွင်းရေးမှူးချုပ်)


အာဆီယံ အတွင်းရေးမှူးချုပ် Dr. Kao Kim Hourn
အာဆီယံ အတွင်းရေးမှူးချုပ် Dr. Kao Kim Hourn

အာဆီယံအနေနဲ့ မြန်မာပြည်သူတွေကို တတ်နိုင်သမျှ ပံ့ပိုးကူညီဖို့ အဓိကထားတယ်လို့ အာဆီယံအတွင်းရေးမှူးချုပ်က ပြောကြားလိုက်ပါတယ်။

မြန်မာနိုင်ငံပြဿနာကို အာဆီယံဘုံသဘောတူညီချက် ၅ ချက်အတိုင်း ဆက်လက် ဖြေရှင်းသွားမှာဖြစ်ပြီး လူသားချင်းစာနာတဲ့ အကူအညီတွေပေးဖို့ အာရုံစိုက်ဆောင်ရွက်နေတယ်လို့ ဝါရှင်တန် ဒီစီမြို့တော်မှာရောက်နေတဲ့ အာဆီယံ အတွင်းရေးမှူးချုပ် Dr. Kao Kim Hourn က မနေ့ ဇွန်လ ၁၂ ရက်နေ့က သတင်းထောက်တွေနဲ့တွေ့ဆုံစဉ်မှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

"မြန်မာနိုင်ငံထဲမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်သွားအောင်၊ မြန်မာ့အရေးအတွက် အဓိကကျသူတွေအားလုံးပါဝင်တဲ့ ဆွေးနွေးပွဲတွေဖြစ်လာအောင် ဦးစားပေးဆောင်ရွက်သင့်ပါတယ်။ ဒါမှ နိုင်ငံရေးလမ်းကြောင်းက ရှေ့ဆက်နိုင်မှာဖြစ်ပါတယ်။ အာဆီယံအနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်နေတာတွေကို စောင့်ကြည့်နေမှာဖြစ်သလို မြန်မာနဲ့ အဆက်အဆံ ဆက်လုပ်သွားမယ့်တချိန်ထဲမှာ မြန်မာပြည်သူတွေအတွက် လိုအပ်တဲ့ အကူအညီတွေကို အာဆီယံအနေနဲ့ အတတ်နိုင်ဆုံး ပေးသွားမှာဖြစ်ပါတယ်" - လို့ အာဆီယံ အတွင်းရေးမှူးချုပ် Dr. Kao Kim Hourn ကပြောသွားတာပါ။

မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အခြေအနေတွေကြောင့် မြန်မာပြည်သူတွေကို ဒဏ်မခတ်သင့်ကြောင်းနဲ့ ပြည်သူတွေကို ကူညီပံ့ပိုးနိုင်ရေးကို အဓိကထား ဆောင်ရွက်နေပါတယ်ဆိုတာ အလေးထားပြောချင်တယ်လို့ သတင်းထောက်တွေကို ‌အာဆီယံအတွင်းရေးမှူးချုပ်က ပြောကြားသွားပါတယ်။

မြန်မာနိုင်ငံမှာ အပြောင်းအလဲ ဖြစ်လာရေးအတွက် မြန်မာဦးဆောင်တဲ့ လုပ်ငန်းစဉ်တွေနဲ့ပဲ သွားရမှာဖြစ်ပေမဲ့ အားလုံး ပါဝင်တဲ့ လုပ်ငန်းစဉ်နဲ့သွားရမယ်လို့ အာဆီယံက ယုံကြည်ထားတယ်လို့လည်း အတွင်းရေးမှူးချုပ် Dr. Kao Kim Hourn ကပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို မေလက သွားခဲ့တဲ့ ခရီးစဉ်အတွင်း ရှေ့နှစ်မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ စစ်ကောင်စီက ပြောကြားခဲ့ပါတယ်။

အဲဒီခရီးစဉ်နဲ့ပတ်သက်လို့ အထူးကိုယ်စားလှယ်အနေနဲ့ ဇူလိုင်လအတွင်းကျင်းပမယ့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကျရင် အစီရင်ခံတင်ပြမှာဖြစ်ကြောင်းနဲ့ မြန်မာနိုင်ငံက ဖြစ်ပေါ်တိုးတက်မှုတွေအပေါ် မူတည်ပြီး အာဆီယံက ဘာဆက်လုပ်မယ်ဆိုတာ စဉ်းစားမှာဖြစ်တယ်လို့ ဝါရှင်တန် ဒီစီ မြို့တော်မှာရောက်နေတဲ့ အာဆီယံ အတွင်းရေးမှူးချုပ် Dr. Kao Kim Hourn က သတင်းထောက်တွေကို ပြောကြားသွားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG