သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူသားချင်းစာနာမှုကိစ္စ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အမေရိကန် ပူးပေါင်းဆောင်ရွက်မည်


 အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရစ်ရှိုလေး(Derek Chollet) ကို ဗွီအိုအေမြန်မာပိုင်း သီးသန့်တွေ့ဆုံမေးမြန်းခန်းအတွင်းတွေ့ရစဉ်
အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရစ်ရှိုလေး(Derek Chollet) ကို ဗွီအိုအေမြန်မာပိုင်း သီးသန့်တွေ့ဆုံမေးမြန်းခန်းအတွင်းတွေ့ရစဉ်

ပြည်နယ်တွင်း နိုင်ငံရေး စစ်ရေးအခြေအနေနဲ့ လူသားချင်းစာနာထောက်ထားမှုအခြေအနေတွေကို အမေရိကန် နိုင်ငံခြားရေးဌာန အတိုင်ပင်ခံ Derek Chollet နဲ့ K3C တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့နဲ့ တွေ့ဆုံချိန်မှာ တင်ပြဆွေးနွေးခဲ့တယ်လို့ တွေ့ဆုံခဲ့တဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှူး(၂) ဦးအောင်ဆန်းမြင့် က ဗွီအိုအေကို ပြောပါတယ်။ အဖွဲ့ တဖွဲ့ ချင်းရဲ့ ဒေသတွင်းအခြေအနေကို အသေးစိတ်နားထောင်ခဲ့ပြီး တိုင်းရင်းသားအဖွဲ့တွေနဲ့ လူသားချင်း စာနာထောက်ထားတဲ့ အကူအညီပေးရေး ကိစ္စတွေပူးပေါင်းဆောင်ရွက် သွားမယ်လို့ အမေရိကန်ကန်ဘက်က ပြန်လည်တုံပြန်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒီသတင်း ပို့ပေးချက်ကို မမြသဇင်အောင်က ပြောပြမှာပါ။

မြန်မာနိုင်ငံမှာ ဖက်ဒရယ် ဒီမိုကရေစီစနစ်ဖော်ဆောင်ရေးအတွက် ရွပ်ရွပ်ချွံချွံ ကြိုးစားဆောင်ရွက်နေကြတဲ့ K3C လို့ခေါ်တဲ့ တိုင်းရင်းသား လက်နက်ကိုင် ကချင်လွတ်လပ်ရေးအဖွဲ့(KIA) ၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) နဲ့ ချင်းအမျိုးသားတပ်ဦး(CNF) စတဲ့ အဖွဲ့ ၄ ဖွဲ့နဲ့ ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က တွေ့ဆုံ ဆွေးနွေးခဲ့ကြတယ်လို့ အမေရိကန်နိုင်ငံခြားရေး အတိုင်ပင်ခံ Derek Chollet က X လူမှုကွန်ရက် (ယခင် Twitter) စာမျက်နှာမှာ ရေးသားထားပါတယ်။

နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ အကူအညီ လိုအပ်နေသူတွေကို အကူအညီတွေ တိုးပေးနိုင်ဖို့နဲ့ မြန်မာပြည်သူတွေအတွက် ပိုကောင်းတဲ့ အနာဂတ်ဖြစ်လာအောင် လုပ်နိုင်မယ့် ခြေလှမ်းတွေကို ဆွေးနွေးခဲ့ကြတယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံ Derek Chollet က X လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားတာပါ။

K3C နဲ့ အမေရိကန် နိုင်ငံခြားရေးဌာန အတိုင်ပင်ခံ Derek Chollet နဲ့ တွေ့ဆုံခဲ့ချိန်မှာ ဘာတွေ တင်ပြခဲ့သလဲ ဆိုတာကို ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှူး(၂) ဦးအောင်ဆန်းမြင့် က ဗွီအိုအေကို ပြောပါတယ်။

“လောလောဆယ် ကျနော်တို့ ပြည်နယ်ထဲမှာ ရှိနေတဲ့ နိုင်ငံရေး စစ်ရေး အခြေအနေ နောက် လူသားချင်းစာနာထောက်ထားမှု အခြေအနေနဲ့ပဲ ကျနော်တို့ သူတို့ကို တင်ပြတယ်။ ကျနော်တို့ကလည်း အဖွဲ့ကလည်း ၃၊ ၄ဖွဲ့ဆိုတော့ ကျနော်တို့ အချိန် အကန့်အသတ်နဲ့ ပြောပြီးမှ သူတို့ကလည်း အမေရိကန်နိုင်ငံခြားရေးဌာနအနေနဲ့ သူတို့ ဆက်ပြီးတော့မှ ကျနော်တို့ collaboration လုပ်သွားမယ်၊ ပူးပေါင်းဆောင်ရွက်မှု လုပ်သွားမယ် ဒါနဲ့ပဲ ပြီးသွားတာပါနော်။ ဒီလူသားချင်းစာနာ ထောက်ထားမှုတွေနဲ့ ပတ်သက်လို့ပဲ ချိတ်ဆက်ဆောင်ရွက်သွားမယ် ဒီလောက်ပါပဲနော်၊ ကျန်တဲ့ အသီးသီးကိစ္စတွေက ဘာမှမရှိပါဘူး။”

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီ အနေနဲ့ မြန်မာနိုင်ငံပဋိပက္ခ အကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ ကြိုးစားတဲ့အနေနဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ ASEAN နိုင်ငံတွေက တောင်းဆိုထားသလို အမေရိကန်နဲ့ အနောက်အင်အားကြီးနိုင်ငံတွေကလည်း ပြုပြင်ပြောင်းလဲရေးတွေ ဖေါ်ဆောင်ဖို့ စစ်ကောင်စီအပေါ်ကို ဖိအားပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း စစ်ကောင်စီအနေနဲ့ နိုင်ငံတကာရဲ့ တောင်းဆိုချက်တွေကို လစ်လျူရှုခဲ့တဲ့အပြင် အပြစ်မဲ့ အရပ်သားတွေကိုပါ ပစ်မှတ်ထား တိုက်ခိုက်လာတာကြောင့် ပိုပြီး ပြင်းထန်တဲ့ ဖိအားတွေပေးဖို့ အတိုက်အခံအင်အားစုတွေက ဆက်လက်တောင်းဆိုနေပါတယ်။ စစ်ကောင်စီရဲ့ သဘောထားအမှန်ကို နိုင်ငံတကာကလည်း ပိုပြီး သတိထားလာမိနေပြီလို့ ဦးအောင်ဆန်းမြင့် က ပြောပါတယ်။

“စစ်ကောင်စီရဲ့ ဒီနိုင်ငံထဲမှာ ပဋိပက္ခကို ဖြေရှင်းနေတဲ့ နည်းလမ်းက မမှန်ကန်ဘူးဆိုတာ နိုင်ငံတကာကလည်း သိနေတာပဲလေ။ သိနေတဲ့အပေါ်မှာ သူတို့ရဲ့ နိုင်ငံတကာဆက်ဆံရေးတွေ နောက်ပြီးမှ ပူးပေါင်းဆောင်ရွက်မှုတွေကလည်း တဖြည်းဖြည်းနဲ့လျော့ကျလာတာ ကျနော်တို့တွေ့နေရတာပေ့ါနော်။ ဒါတော့ လက်ရှိသူတို့အားလုံးကတော့ တိုင်းပြည်မှာ ကျနော်တို့ စနစ်သစ်နဲ့ နိုင်ငံအသစ်တွေ ကျနော်တို့ သွားမယ်ဆိုရင် ကျနော်တို့ အားလုံးကတော့ change ဖြစ်ဖို့လိုတာပေ့ါနော်။ ဒါကိုလည်း နိုင်ငံတကာကတော့ အားလုံးသိလာကြတာဖြစ်တယ်။”

လူမျိုးစုလက်နက်ကိုင်အဖွဲ့နဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်တွေ တပ်ရင်းအလိုက် လက်နက်ချ နယ်စပ်ဖြတ်ကျော် ထွက်ပြေးမှုတာတွေရှိသလို စခန်းတွေလည်း လက်လွှတ် ဆုံးရှုံးနေတာပါ။ ဒီလိုအချိန်မှာပဲ အမေရိကန်ဘက်က လက်နက်ကိုင် လူမျိုးစုအဖွဲ့တွေနဲ့ တွေ့ဆုံတာပါ။ နိုင်ငံလေ့လာသုံးသပ်သူတဦးက ခုလို ပြောပါတယ်။

“EAOs တွေနဲ့ လူသိရှင်ကြား အခုလို တွေ့လာတာက ထူးခြားတယ်။ ခြေလှမ်းအသစ်လို့ ပြောရမယ်ထင်တယ်။ အမေရိကန်ရဲ့ မြန်မာ့နိုင်ငံရေးအပေါ် ချဉ်းကပ်တာက ပိုပြီးတော့ ပီပြင်လာလေ ပိုပြီးတော့ သရုပ်ပေါ်လာတာလို့ ပြောလို့ရနိုင်မယ်ထင်တယ်။ ရှေ့ကို တိုးလာတယ်ပေ့ါ။ မြန်မာ့နိုင်ငံရေးအခြေအနေအပေါ်မှာ ပိုပြီးတော့ ထိထိရောက်ရောက် ချဉ်းကပ်လာတဲ့ သဘောဖြစ်နိုင်တယ်။”

မြန်မာနိုင်ငံ ဒီမိုကရေစီရေးအတွက် အတည်ပြုထားတဲ့ Burma Act ဥပဒေအရ လူသားချင်းစာနာတဲ့ အကူအညီတွေ စစ်ရေးပဋိပက္ခတွေကြောင့် ဘေးဒုက္ခရောက်နေသူတွေ မြန်မာနိုင်ငံက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ပြည်သူ့ကာကွယ်ရေး PDF တပ်တွေနဲ့ ဒီမိုကရေစီရေးလှုပ်ရှားတဲ့ အဖွဲ့တွေကို လက်နက်မဟုတ်တဲ့ ကျွမ်းကျင်မှု နည်းပညာ အကူအညီတွေပေးဖို့ ပြီးခဲ့တဲ့ရက်ပိုင်းက အမေရိကန်လွှတ်တော်က အတည်ပြုလိုက်တာမို့ သမ္မတ Joe Biden က လက်မှတ်ရေးထိုးပြီးနောက်မှာပဲ အမေရိကန်နိုင်ငံခြားရေး အတိုင်ပင်ခံ Derek Chollet အခုလို တိုင်းရင်းသားအဖွဲ့ တွေ နဲ့တွေ့ဆုံလာတာပါ။

စစ်ကောင်စီကတော့ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းမှု နည်းပါးအောင် အမေရိကန်က နည်းမျိုးစုံနဲ့ လုပ်ဆောင်နေတယ်လို့ စွပ်စွဲထားသလို အမေရိကန်ကာကွယ်ရေး အသုံးစရိတ် NDAA အောက်မှာ Burma Act ဥပဒေအရ မြန်မာ့ဒီမိုကရေစီရေးအတွက် ဒေါ်လာ ၁၂၁ သန်း အထောက်အပံ့ပေးမယ့် အစီအစဉ်ဟာ ဒီမိုကရေစီရေးလို့ အကြောင်းပြကာ တရုတ်ရဲ့ ဩဇာအရှိန်အဝါကို ထိန်းနိုင်ဖို့ဆိုတဲ့ တရုတ်နိုင်ငံဝိုင်း ပတ်ထိန်းချုပ်ရေးမူဝါဒ (China Containment Policy) အရ မြန်မာနိုင်ငံကို အသုံးချတာဖြစ်တယ်လို့ စစ်ကောင်စီဘက်က တုံပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG