သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားစွဲခံ ကရင်နီလူငယ် ၅ ယောက် အာဏာပိုင်တွေထံ အဖမ်းခံ


ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် တည်ဆောက်တာနဲ့ ပတ်သက်ပြီး ပြည်နယ်အစိုးရကို ကန့်ကွက်ခဲ့လို့ တရားစွဲခံထားရတဲ့ လူငယ်တွေဟာ ဒီနေ့ကျရောက်တဲ့ ၁၄၄ ကြိမ်မြောက် ကရင်နီအမျိုးသားနေ့မှာ ကိုယ်တိုင်သွားရောက် အဖမ်းဆီးခံလိုက်ပြီ ဖြစ်ပါတယ်။ ပြီးတော့ သူတို့ရဲ့အမှုကို ဥပဒေအရ ဆက်ပြီး ရင်ဆိုင်သွားမယ်လို့ ဖမ်းဆီးခံ ကရင်နီလူငယ်တွေက ပြောပါတယ်။ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက် ပေးပို့ထားပါတယ်။

ဗိုလ်ချုပ်ကြေးရုပ်ကို လူထုဆန္ဒမပါဘဲ ဆောက်ခဲ့တဲ့ ကယားပြည်နယ်ဝန်ကြီးချုပ်နဲ့ စီမံဘဏ္ဍာဝန်ကြီးကို နိုင်ငံရေးရာဇဝတ်ကောင်တွေ၊ အမျိုးသား သစ္စာဖောက်တွေလို့ ရေးသား ကြေညာချက်ထုတ်ခဲ့လို့ တရားစွဲခံထားရတဲ့ ကရင်နီလူငယ်တွေဟာ ဒီနေ့ ဇွန်လ ၂၁ရက်မှာ ကိုယ်တိုင်သွားရောက် အဖမ်းခံလိုက်ပါတယ်။

ကရင်နီလူငယ် ခြောက်ယောက်က သူတို့ရဲ့ ကြေညာချက်ကို မတ်လ ၂၅ရက်မှာ လက်မှတ်ထိုးထုတ်ပြန်ခဲ့ပြီး အဲဒီနောက်ပိုင်း အစိုးရနဲ့ အကြိမ်ကြိမ်ညှိနှိုင်းတာတွေ လုပ်ခဲ့ပေမဲ့လည်း နောက်ဆုံးတွေ့ဆုံပွဲမှာ ကယားပြည်နယ်ဝန်ကြီးချုပ်က "ဗိုလ်ချုပ်ကြေးရုပ်ကို ရွှေ့ပြောင်းပေးမှာမဟုတ်ဘူး။" ဆိုတဲ့စကားကြောင့် ဆွေးနွေးပွဲတွေ ရပ်ဆိုင်းသွားပါတယ်။

အဲဒီနောက် ပြည်နယ်အစိုးရက ကြေညာချက်ထုတ်ပြန်ခဲ့တဲ့ လူငယ် ခြောက်ယောက်ကို နိုင်ငံသားများရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကာကွယ်ရေး ဥပဒေပုဒ်မ ၁၀ နဲ့တရားစွဲလိုက်ပြီး တယောက်ကို အရင်ဆုံး ဖမ်းဆီးလိုက်ပါတယ်။ ကျန်တဲ့ ငါးယောက်ကိုတော့ ဖမ်းဝရမ်းထုတ်ပြီး ရှာဖွေခဲ့တာပါ။

ဒီစွဲဆိုချက်တွေဟာ တရားမျှတမှု မရှိကြောင်း ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ကရင်နီလူငယ်တယောက်ဖြစ်တဲ့ ခွန်းသောမတ်စ်က ပြောပါတယ်။

“ဒီမိုကရေစီခေတ်မှာ ကျနော်တို့ အဲဒီလောက်ထိ ထိန်းချုပ်ခံနေရတာ။ ကျနော်တို့ ကိုယ့်ယဉ်ကျေးမှုကို ကိုယ်ဖော်ထုတ်တာ။ ကြေးရုပ်ဆိုတဲ့ကိစ္စက သာမန်ကြေးရုပ်ပဲ။ ဒါပေမဲ့ အဲဒီကြေးရုပ် နောက်ကွယ်မှာ ကျနော်တို့ သမိုင်းကို သတ်နေတာ။ ပြည်မကနေပြောင်းလာတဲ့ လူတွေ အဲပြည်နယ်သားတွေက လာပြီးတော့ စိုးမိုးနေတာ၊ လွှမ်းမိုးနေတာ။ ကျနော်တို့မှာ ခံစားချက်တွေ ရှိတယ်။ ဒါပေမဲ့ ကျနော်တို့ တချိန်ကျရင် အဲဒီအမှန်တရားနဲ့ ကျနော်တို့သမိုင်းကို ကျနော်တို့ ကာကွယ်နိုင်လိမ့်မယ်။”

ဗိုလ်ချုပ်ကြေးရုပ်ကို ကယားပြည်နယ်မှာ မစိုက်ထူခင်ကတည်းက ဒေသခံတွေကတောက်လျှောက် ကန့်ကွက်လာခဲ့ကြတာ ဖြစ်ပါတယ်။ ကြေးရုပ်စိုက်ထူပြီးတဲ့အခါမှာလည်း ဘက်ဂျက်ငွေ သုံးစွဲတဲ့အပေါ်မှာ ပွင့်လင်းမြင်သာမှု မရှိတာကို လူထုက ထောက်ပြခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ကရင်နီလူငယ်တွေရဲ့ ဆန္ဒဖော်ထုတ်တာတွေ ရှိခဲ့ပြီး ရဲတပ်ဖွဲ့က အကြမ်းဖက် နှိမ်နင်းခဲ့တာပါ။ ဒီပြဿနာတွေအပေါ်မှာ ပြည်ထောင်စုအစိုးရရဲ့ တုံ့ပြန်တာမရှိသေးကြောင်း ဖမ်းဝရမ်း ထုတ်ခံထားရတဲ့ ကရင်နီလူငယ် နောက်တယောက်ဖြစ်တဲ့ ပါစကွားလယ်က အခုလိုပြောပါတယ်။

“ဒီကိစ္စမှာလည်း ပြည်ထောင်စုအစိုးရအနေနဲ့ နှုတ်ပိတ်ပြီးနေတာဟာ ကောင်းမွန်တဲ့ ပြည်ထောင်စုအစိုးရ တရပ်လို့ မပြောနိုင်ဘူး။ ကျနော်တို့နိုင်ငံဟာ မတူကွဲပြားမှုတွေနဲ့ စုနေတဲ့ နိုင်ငံဖြစ်တယ်။ နိုင်ငံတော်ကို ဦးဆောင်တဲ့သူတွေက မတူကွဲပြားမှုကို လက်ခံရလိမ့်မယ်။ လက်မခံဘဲနဲ့ တိုင်းရင်းသားလူနည်းစု ပြည်နယ်အသီးသီးမှာ ရှိတဲ့သမိုင်း၊ ယဉ်ကျေးမှုတွေကို လက်မခံဘဲနဲ့ ဘယ်လောက်ပဲ အမျိုးသားပြန်လည်သင့်မြတ်ရေးကို တည်ဆောက်၊ တည်ဆောက် သဲထဲရေသွန်ပဲ ဖြစ်လိမ့်မယ်။ သန္ဓေမမှန်တဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှုပဲ ဖြစ်လိမ့်မယ်။”

ကရင်နီအမျိုးသားတွေနဲ့ တိုင်းရင်းသားအားလုံး တန်းတူအခွင့်အရေး ရနိုင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုပေါ်လာဖို့ ငြိမ်းချမ်းရေးနဲ့ လူ့အခွင့်အရေးအတွက် အလေးအနက်ထားပြီး လုပ်ကြဖို့ ကရင်နီပြည်လူငယ်များ အင်အားစုက ဒီနေ့ကျရောက်တဲ့ ၁၄၄ ကြိမ်မြောက် ကရင်နီအမျိုးသားနေ့မှာ သဝဏ်လွှာပေးပို့ခဲ့ပါတယ်။ သူတို့ အမှုကိစ္စကိုတော့ တရားဥပဒေအတိုင်းဆက်ပြီး ရင်ဆိုင်သွားမယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG